0

ACM Re-Post 21-6-2014
Written by: ထွန်းနေလှိုင်(နောင်ပိန်)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ လားရှိုးမိုတယ်ခန်းမ၌ ဇွန် ၂၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲကို လားရှိုးမြို့နယ် NLD ပါတီနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းဟောပြောပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဌေးကြွယ်တို့ တက်ရောက်ဟောပြော ခဲ့ကြကြောင်း သိရသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ဦးဌေးကြွယ်က ပြောကြားခဲ့ရာတွင် “ဘာဖြစ်လို့ ကျွန်တော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်ရတာလဲဆိုတာ ရှင်းရှင်းလေး ပြောရမယ်ဆိုရင် တိုင်းပြည်ကိုချစ်လို့၊ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ လူမျိုးကိုချစ်လို့၊ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မယ်လို့ ပြောနေခြင်းပါ။ ဒီလိုပြင်ဆင်တဲ့နေရာမှာ ကျွန်တော်တို့ပြည်သူတွေရဲ့ သဘောဆန္ဒ အရမ်းအရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာဟာ နိုင်ငံတော်ရဲ့အာဏာရဲ့ တကယ့်အစစ်အမှန် ပိုင်ရှင်ဖြစ်တဲ့ ပြည်သူပြည်သားတွေနဲ့ အုပ်ချုပ်သူအစိုးရရဲ့ ကြားထဲမှာ သဘောတူညီချက် စာချုပ်ချုပ်ထားခြင်းပါ။ အုပ်ချုပ်သူ အစိုးရကနေပြီးတော့ ပြည်သူတွေအပေါ် အာဏာအလွဲသုံးစား မလုပ်နိုင်အောင် ပြည်သူတွေရဲ့မွေးရာပါ အခွင့်အရေးတွေ၊ နိုင်ငံသား အခွင့်အရေးတွေ၊ အာမခံချက်ရှိအောင် ရေးဆွဲထားရမှာပါ” ဟု ပြောကြားသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက ဦးတင်ဦးက “ဒီနေ့ ပြည်သူလူထုကို အသိညဏ်ပေးတဲ့ အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ အိတ်သွန်ဖာမှောက်၊ လှေအောင်း မြင်းဇောင်းမကျန် ကလေး၊ လူကြီးမရွေး ပြင်ဆင်ရေးအတွက်ကို ပုံပြီးအောလိုက်ကြစမ်းပါ။ ပုံပြီးပေးလိုက်ကြစမ်းပါ ဆိုတာအတွက် လာရောက်ပြီးပြောခြင်း ဟောခြင်း ဖြစ်တယ်” ဟု ပြောကြားပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သင့်သည့် အချက်အလက်များ၊ သမိုင်းကြောင်းများကို တက်ရောက်လာသူများအား အကျယ်တ၀င့် ရှင်းလင်းဟောပြောခဲ့သည်။

လားရှိုးမြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းရယ်၊ မဘိမ်း၊ မိုးကုတ်မြို့တို့မှ NLD ပါတီဝင်များ၊ ဖိတ်ကြားထားသော နိုင်ငံရေးပါတီများ၊ ရှမ်း၊ လီဆူး၊ ကိုးကန့်၊ ပလောင်၊ ‘၀’ တိုင်းရင်းသားအဖွဲ့များ စုစုပေါင်းအင်အား ၅၅၀ ခန့် တက်ရောက်ခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထု ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦး ဟောပြောနေစဉ်

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top