0

ACM Re-Post 21-6-2014
Written by: စိုးမင်းထိုက်၊ ဥာဏ်ဝင်းရှိန်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ၀န်ကြီးဌာနနှစ်ခု ပူးပေါင်းပြီး ငွေကြေးဖောင်းပွမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ တစ်လ တစ်ကြိမ် တင်ပြမည်ဖြစ်ပြီး စောင့်ကြည့်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။

ဇွန် ၁၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဒေါက်တာမြင့်ကြည် တင်သွင်းသည့် ငွေကြေးဖောင်းပွမှုကို တည်ငြိမ်စေရန် မူဝါဒချမှတ် ဆောင်ရွက်ပေးပါရန် အဆိုနှင့် ပတ်သက်၍ လာရောက်ရှင်းလင်းစဉ် ဒေါ်ခင်စောဦးက ပြောကြားသည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက “နိုင်ငံတော်အနေနဲ့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်း၊ တည်ဆောက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ စီးပွားရေးအရ ဦးစားပေးဆောင်ရွက်ရတဲ့ လုပ်ငန်းတွေအပြင် လူမှုရေးအကျိုးအမြတ်ကို ဦးစားပေးရတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ဖြစ်ပေါ်လာမယ့် ငွေကြေးဖောင်းပွမှုကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒီလိုစီမံကိန်းတွေကြောင့် ဆင်းရဲမှုလျှော့ချရေးနဲ့ တိုးတက်မှုကို ဖြစ်ပေါ်စေမှာဖြစ်လို့ ငွေကြေးဖောင်းပွမှုမျိုးကို အတိုင်းအတာ တစ်ရပ်အထိ ပြည်သူတစ်ရပ်လုံး ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ ခံနိုင်ဖွယ်ရှိတဲ့ ငွေကြေးဖောင်းပွမှု အတိုင်းအတာမှာ ရှိဖို့တော့ ဘဏ္ဍာရေးမူဝါဒတွေ၊ ငွေကြေးမူဝါဒတွေ၊ ကုန်သွယ်ရေး မူဝါဒတွေကို ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ငွေကြေးဖောင်းပွမှု တည်ငြိမ်စေရန်အတွက် ဗဟိုဘဏ်အနေဖြင့် အစိုးရ၏ အသုံးစရိတ်များ ပိုမိုထိရောက်စွာ စီမံခန့်ခွဲခြင်းကို ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်၏ ကျွမ်းကျင်မှု အကူအညီရယူကာ အကောင်အထည် ဖော်လျက်ရှိကြောင်း၊ အစိုးရ၏ ငွေတိုက်လက်မှတ်များကို ဗဟိုဘဏ်က ၀ယ်ယူခြင်းအစား လေလံဈေးကွက် တည်ထောင်ကာ ဘဏ်များမှဝယ်ယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်ငွေကြေးဈေးကွက် ဖွံ့ဖြိုးလာပါက အပ်ငွေ/ချေးငွေ လေလံနည်းအပြင် သွယ်ဝိုက်ငွေကြေး မူဝါဒနည်းလမ်းများဖြစ်သည့် အစိုးရငွေချေး သက်သေခံ လက်မှတ်များအား ဈေးကွက်တွင် ၀ယ်၊ ရောင်းခြင်း၊ အစိုးရငွေချေး သက်သေခံလက်မှတ် အသုံးပြုပြီး ငွေကြေးဈေးကွက်မှ ကာလတိုငွေချေးငှားခြင်းနှင့် အပ်ငွေလက်ခံခြင်း၊ ဗဟိုဘဏ်မှ ငွေချေးသက်သေခံ လက်မှတ်များ ထုတ်ဝေခြင်းများဖြင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။

ငွေကြေးဖောင်းပွမှု အထိုက်အလျောက် ရှိသော်လည်း တည်ငြိမ်မှုရှိစေရန်အတွက် အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲရာတွင် နိုင်ငံတော်၏ ရငွေနှင့် အသုံးစရိတ်ချိန်ညှိရေးဆွဲခြင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီး ပွင့်လင်းမြင်သာစွာ အတည်ပြုချက်ရယူခြင်း၊ ငွေတိုက်လက်မှတ်များ ထုတ်ဝေ၍ ဗဟိုဘဏ်၏ ချေးငွေဖြင့် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းခြင်းကိုလျှော့ချပြီး ပြည်သူများသို့ ငွေတိုက်စာချုပ်များ ရောင်းချမည့် နည်းလမ်းဖြင့် ဘတ်ဂျက်လိုငွေ ဖြည့်တင်းသွားမည်ဖြစ်ကြောင်း၊ ဘဏ်များ သီးသန့်ငွေလိုအပ်ချက် အချိုးကို အတိုးအလျှော့ပြုလုပ်မှု အပါအ၀င် သွယ်ဝိုက်ငွေကြေး မူဝါဒနည်းလမ်းများဖြင့် ငွေကြေးပမာဏကို ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို စားသုံးသူ ဈေးနှုန်းအပေါ် အခြေခံပြီး တွက်ချက်မှုများအရ ၂၀၁၂ ခုနှစ်တွင် ပျမ်းမျှ ၁ ဒသမ ၄၈ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၅၃ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ် ဧပြီတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းသည် ၅ ဒသမ ၇၆ ရာ ခိုင်နှုန်းဖြစ်ကြောင်း၊ နှစ်အလိုက်ငွေကြေး ဖောင်းပွမှာ ၅ ဒသမ ၉၆ ရာခိုင်နှုန်းဖြစ် ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှု ဖြစ်ရခြင်းမှာ အချိန်ကာလအတန်ကြာ ကုန်စည်နှင့် ၀န်ဆောင်မှုများ၏ အထွေထွေဈေးနှုန်းများ မြင့်မားလာခြင်း ဖြစ်ကြောင်း၊ အကျိုးဆက်အနေဖြင့် ၀ယ်ယူနိုင်မှုစွမ်းအား ကျဆင်းခြင်းဖြစ်ကြောင်း၊ ၀ယ်လိုအား ဆွဲဆောင်မှုကြောင့်ဖြစ်သည့် ငွေကြေးဖောင်းပွမှုနှင့် စရိတ်တွန်းအားကြောင့် ဖြစ်သည့်ငွေကြေး ဖောင်းပွမှုဟူ၍ ဖော်ပြလေ့ရှိကြောင်း သိရသည်။

ဒေါက်တာမြင့်ကြည်က “ငွေကြေးဖောင်းပွမှုကို သူများနိုင်ငံနဲ့ နှိုင်းယှဉ်ပြောနေရုံနဲ့ မလုံလောက်ပါဘူး။ တခြားနိုင်ငံတွေရဲ့ ပြည်သူတွေရဲ့ နေထိုင်စားသောက် မှုတွေကိုလည်း ကြည့်သင့်ပါတယ်။ ငွေကြေးဖောင်းပွမှုက နှစ်စဉ်မြင့်တက် နေတဲ့အတွက် ထိန်းချုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး အဆိုတင်သွင်းခဲ့တာပါ” ဟု ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက “ကျွန်တော်တို့ နိုင်ငံအနေနဲ့ ၂၀၁၀ ပြည့်နှစ်အကုန်မှာ ရိုက်နှိပ်ထုတ်ဝေခဲ့တဲ့ ငွေကြေးပမာဏက ကျပ် ၅၅၉၁ ဘီလျံ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်အကုန်မှာ ပြည်တွင်းမှာ ရိုက်နှိပ်ထုတ်ဝေခဲ့တာက ကျပ် ၆၅၇၂ ဘီလျံဖြစ်တာ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီနှစ်အတွက် ကျပ် ၉၈၁ ဘီလျံ ရိုက်နှိပ်ထုတ်ဝေခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုအစိုးရရဲ့ အမှန်ဝင်ငွေက ကျပ် ၆၈၀၉ ဘီလျံဖြစ်ပါတယ်။ ဒါကြောင့်ရိုက်နှိပ် ထုတ်ဝေခဲ့တဲ့ ငွေကြေးပမာဏဟာ ၀င်ငွေရဲ့ ၁၄ ဒသမ ၃၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်” ဟု ပြောကြားသည်။

ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု တဖြည်းဖြည်းကြီးမားလာမှုသည် နိုင်ငံအတွက် အန္တရာယ်ရှိကြောင်း၊ ယင်းကို တစ်နိုင်ငံလုံး ခံစားရပြီး အဓိကခံရသည်မှာ ကျေးလက်နေပြည်သူများ၊ အောက်ခြေလူတန်းစားများ ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံကိန်း ကြီးများတွင် လုပ်ငန်းရှင်ကြီးများက လုပ်ငန်းများတွင် ငွေလှည့်ပတ်သုံးစွဲနေမှုများ လေ့လာသင့်ကြောင်း၊ ၀န်ထမ်းလစာတိုးသည်နှင့် တစ်ပြိုင်နက် ကုန်ဈေးနှုန်းတက်လာခြင်းကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ဦးမြင့်ထွန်းက ဆက်လက်ဆွေးနွေးသည်။

ဒေါက်တာမြင့်ကြည် တင်သွင်းသည့် ငွေကြေးဖောင်းပွမှုကို တည်ငြိမ်စေရန် မူဝါဒချမှတ် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံသူများသည့်အတွက် အတည်ပြုခဲ့သည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ ဈေးတစ်ခုတွင် အရောင်းအ၀ယ် ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top