0

Published on: July 8, 2014
Written by: မခိုင်

ကယားပြည်နယ်ရှိ သံလွင်မြစ်အားပိတ်၍ ရွာသစ်ဆည်စီမံကိန်းအား အကောင်အထည်ဖော်မည်ဆိုပါက ဒေသခံတိုင်းရင်းသားများမှ သဘောတူညီမှုမရှိသည်ကို တွေ့ရကြောင်း ဇူလိုင်ပထမပတ်အတွင်း သံလွင်မြစ်တစ်လျှောက် လူထုအခြေအနေနှင့် သဘောထားများအား လေ့လာခဲ့ကြသောကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့ပြောကြားသည်။

ဆည်စီမံကိန်းအတွက်လျာထားသော နေရာအနီးနားတွင် တိုင်းရင်းသားမျိုးနွယ်စု ကျေးရွာ (၁၆) ရွာရှိပြီး ၎င်းတိုင်းရင်းသားများမှာ သံလွင်မြစ်နှင့် မြစ်ကြောင်းတစ်လျှောက်ရှိ မြေယာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကိုသာ အားထား၍ သက်မွေးဝမ်းကျောင်းပြုနေကြရပြီး ရေကာတာတည်ဆောက်၍ ပြောင်းရွှေ့ရပါက စားဝတ်နေရေးခက်ခဲနိုင်သည့်အပြင် မျိုးနွယ်စု၏ ရိုးရာယဉ်ကျေးမှုများပါ ပျောက်ဆုံးသွားနိုင်သည်ကို တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။

"ရွာသစ်စီမံကိန်းနားမှာ ကရင်၊ ကယား၊ ရှမ်းနဲ့ ယင်းတလဲလူမျိုးတွေနေကြတယ်။ တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာ ယင်းတလဲလူမျိုးဆိုတာ လူဦးရေ ၇၀၀ လောက်ပဲရှိတော့တာ။ သူတို့ရိုးရာ တောကောင်လိုက်တာ၊ နေထိုင်စားသောက်မှုပုံစံတွေဟာ ပြောင်းရွှေ့ရမယ်ဆို ပျောက်သွားနိုင်တယ်။ တချို့ရွာတွေဆိုရင်အရင်က စစ်လမ်းကြောင်းကျခဲ့တော့ ရွာပုန်းရွာရှောင်ရင်းနဲ့ အိမ်ခြေသုံးအိမ်လောက်ပဲကျန်တော့တယ်။ မြန်မာစကားဆို လုံးဝမတတ်ကြဘူး" ဟု ကရင်နီပြည်လူငယ်များသမဂ္ဂမှ ကိုဖိုးခွားက ရှင်းပြလေသည်။

ရွာသစ်ဆည်စီမံကိန်းအတွက် လူထုသဘောထားကောက်ခံခြင်းကို ၂၀၁၃ ခုနှစ်တွင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် တာဝန်ရှိသူများမှ လူထုနှင့်လာရောက်တွေ့ဆုံ ဆန္ဒတောင်းခံခဲ့ရာ လူထုမှ သဘောတူသည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ ထိုစဉ်က ဖားဆောင်းမြို့ပေါ်တွင်သာ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး မြို့ပေါ်နေ လူထု ၆၀ ခန့်သာ တွေ့ဆုံသဘောတူခြင်းဖြစ်သည်ဟုလည်း သိရသည်။

"စီမံကိန်းဘေးနားက ရွာတွေအားလုံးရောက်ခဲ့ပါတယ်။ သူတို့ကို သေချာမေးပါတယ်။ ဒီစီမံကိန်းအကြောင်းသိလားဆိုတော့ သိတယ်လို့ဖြေတယ်။ ဘယ်ချိန်ဆောက်မယ် ဆိုးကျိုးတွေ ကောင်းကျိုးတွေ ဘယ်လိုရှိတယ်ဆိုတာကိုမသိဘူး လာတဲ့လူတွေကလည်း မပြောပြကြဘူးလို့ ရွာလူထုကပြောပါတယ်။ ဒါပေမဲ့ ရွာရွှေ့ရမယ်ဆို သူတို့မရွှေ့နိုင်ဘူးလို့ ပြောကြတယ်" ဟု ကိုဖိုးခွားက ဆက်လက်ပြောကြားသည်။

ACM Credit To:Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top