0

Published on: July 8, 2014
Written by: စိုးမင်းထိုက်

လွှတ်တော်များမှ ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် ပြည်သူများ၏ နစ်နာမှုများအား ကာကွယ်နိုင်သည်အထိ လုပ်ပိုင်ခွင့်ရရှိရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဇူလိုင် ၈ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး ကော်မတီအနေဖြင့် နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် တိုင်တန်းလာသည့် တိုင်ကြားစာများအား ထိရောက်စွာ ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း၊ နစ်နာကြောင်း အထောက်အထား ခိုင်လုံစွာဖြင့် တင်ပြသော်လည်း ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ကော်မတီများအား လုပ်ပိုင်ခွင့်များ ပေးထားသင့်ကြောင်း ဒေါက်တာအေးမောင်က ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ကော်မတီကို တိုင်ကြားလာတဲ့ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် သက်သေအထောက်အထားတွေနဲ့ တင်ပြခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ကူညီနိုင်မှု မရှိခဲ့ဘူး။ မန္တလေးက ကျောင်းသားတွေကိစ္စ၊ ဆရာကိစ္စတွေဆိုရင် အမှန်တကယ် နစ်နာသူတွေကို ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ တခြားတိုင်ကြားတာတွေကိုလည်း ကူညီမှုတွေ မလုပ်ပေးနိုင်ခဲ့ဘူး။ မန္တလေးက ဆေးတက္ကသိုလ် ကျောင်းသားတွေကို တောင်းပန်ချင်တယ်ဗျာ။ သူတို့အတွက် ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ အဓိက,ကတော့ ကော်မတီမှာ လုပ်ပိုင်ခွင့် အပြည့်မရှိလို့ပါ။ လုပ်ကိုင်နိုင်ခွင့် အပြည့်အ၀ ပေးထားသင့်တယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ဆက်လက်ပြီး ဒေါက်တာအေးမောင်က ကော်မတီအနေဖြင့် ပြည်သူများ၏ နစ်နာမှုများအား ကာကွယ်မှုများ ပေးနိုင်ခြင်း မရှိသည့်အတွက် ကော်မတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာတင်ထားကြောင်း၊ ပါတီကိစ္စများကို ပိုမိုလုပ်ကိုင်လိုသည့် အကြောင်းများလည်း ပါဝင်ကြောင်း၊ ပြည်သူများအား ကာကွယ်မှုများ မပေးနိုင်သည့်အတွက် ကော်မတီအနေဖြင့် လုပ်ပိုင်ခွင့် တကယ်ရှိရဲ့လားဟု တွေးမိကြောင်း၊ ထို့အတွက် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟသည်။

“အရင်ကတည်းက နုတ်ထွက်ဖို့ပါပဲ။ အဲဒီတုန်းက လွှတ်တော်ဥက္ကဋ္ဌကြီးက လုပ်ပါဆိုလို့ လုပ်ခဲ့တာပါ။ နိုင်ငံသားအခွင့်အရေးတွေ ချိုးဖောက်တာကို သက်သေခိုင်လုံတာတောင် ဘာမှလုပ်မပေးနိုင်ဘူး။ ကော်မတီရဲ့ လုပ်ပိုင်ခွင့်က ဘာလဲလို့ မေးရမလို ဖြစ်နေတယ်။ ကော်မတီရဲ့ တွေ့ရှိမှုတွေကို ပြည်ထောင်စု အစိုးရအဖွဲ့ကို ပေးပို့နိုင်ခြင်း မရှိခဲ့ဘူး။ လွှတ်တော်ထဲမှာပဲ အခြားကော်မတီတစ်ခုကို ထပ်လွှဲပေးရတယ်။ အဲဒီကတစ်ဆင့် နောက်ကော်မတီတစ်ခု ထပ်လွှဲပေးရတယ်။ အဲဒီတော့ အချိန်တွေကြာပြီး နစ်နာသူကို ဘာမှလုပ်ပေးနိုင်မှု မရှိဘူး ဖြစ်နေတယ်” ဟု ပြောကြားသည်။

ကော်မတီအနေဖြင့် ပထမဆုံး စစ်ဆေးရသည့် ငပလီမှ မြေသိမ်းမှုတွင်လည်း တပ်မတော်က တပ်တိုးချဲ့ရန် သိမ်းခဲ့သော်လည်း လုပ်ငန်းရှင်များအား ငှားရမ်းထားသည့်အတွက် ပြန်ပေးသင့်ကြောင်း အကြံပြုခဲ့သော်လည်း မရခဲ့ကြောင်း၊ အဆိုပါမြေနေရာသည် လက်ရှိတွင် တစ်ဧက သိန်းတစ်သောင်းခန့်အထိ ဈေးပေါက်နေကြောင်း၊ နစ်နာမှုအတွက် လျော်ကြေးရရှိရန် ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို လုပ်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရမှုများအား ကော်မတီအနေဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ လုပ်နိုင်မည့် အခြေအနေ ရှိရဲ့လားဟု တွေးမိကြောင်း၊ ကော်မတီအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ကိုင်ခွင့် မရှိပါလားဟု ထင်မြင်လာကြောင်း၊ ထိရောက်မှု မရှိသည်ကို သိမြင်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရသူတွေနဲ့ တွေ့ဆုံပြီး အစိုးရကို ထုတ်ဖော်ပြောမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ သုံးသပ်မိတယ်။ လွှတ်တော်အတွင်းမှာ အခြေအနေလေးတွေ ပြောင်းလဲလာတာလေးတွေ ရှိတယ်။ လူ့အခွင့်အရေး ကော်မရှင်နဲ့ ဆက်စပ်လာတာလေးတွေ ရှိလာတယ်။ ထိထိရောက်ရောက် လုပ်နိုင်မှသာ ကော်မတီကို ပြည်သူတွေက အားကိုးလာမှာပါ” ဟု ၎င်းက ပြောကြားသည်။

“နိုင်ငံရေးဆိုတာကတော့ ဂိမ်းတစ်ခုပါပဲ။ နိုင်ငံရေးအသုံးချခံ မဖြစ်ဖို့လည်း သတိထားရပါတယ်။ ကော်မတီဥက္ကဋ္ဌဆိုတဲ့ အမည်ခံ သက်သက်နဲ့တော့ မလုပ်ချင်ဘူး။ လုပ်ပိုင်ခွင့် အပြည့်ရှိမှသာ ကျွန်တော်တို့အနေနဲ့ ကူညီပေးနိုင်မှာပါ။ ကျွန်တော်တို့ဆီ ရောက်လာတဲ့ နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရလို့ တိုင်တဲ့ တိုင်ကြားစာတွေကို အကောင်အထည်ဖော်ပေးနိုင်မှု မရှိသလောက်ပဲ။ ရေကြောင်းတက္ကသိုလ်က ဆရာမတစ်ယောက် ကိစ္စပဲ လုပ်ပေးနိုင်ခဲ့တယ်။ ဒါတောင် အပြည့်အ၀ မဟုတ်ခဲ့ဘူး။ ရေကြောင်းတက္ကသိုလ်က နောက်ရောက်လာတဲ့ တိုင်ကြားစာတွေ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာများကို ကော်မတီအနေဖြင့် တစ်နိုင်ငံလုံးအတွက် ထိရောက်စွာ လုပ်ပေးနိုင်ခဲ့ခြင်း မရှိသေးကြောင်း၊ အဆိုပါ အခွင့်အရေးများ ရရှိရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သော်လည်း ရရှိခြင်းမရှိသေးကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။

နိုင်ငံသားများ ရသင့်သည့် အခွင့်အရေးများ အပြည့်အ၀ ရရှိရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် များစွာသက်ဆိုင်ကြောင်း၊ ဖွဲ့စည်းပုံကို ပြင်နိုင်မှသာ ယင်းအခွင့်အရေးများအား ရရှိနိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်မှ ဖွဲ့စည်းထားသည့် ကော်မတီများသည်လည်း အစိုးရကို ထိန်းညှိနိုင်သည့် ကော်မတီများဖြစ်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top