0

Published on: July 8, 2014
Written by: ယဉ်မျိုးသွယ်

မန္တလေးခရိုင် ပုဒ်မ ၁၄၄ နယ်မြေအတွင်း ညမထွက်ရအမိန့်မလိုက်နာသူ ၂၃၁ ဦးကို တရားစွဲတင်ပြီး ၁၁၈ ဦးကို ထောင်ဒဏ်ခုနစ်ရက်မှ ၁၅ ရက်အထိချမှတ်ခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဇူလိုင် ၁ ရက် ညဦးပိုင်းက စတင်ဖြစ်ပွားခဲ့သော ဆူပူလှုံ့ဆော်ရမ်းကားမှုဖြစ်စဉ်များကြောင့် ဇူလိုင် ၂ ရက် ညနှင့် ၃ ရက် နံနက်တွင် မြန်မာတစ်ဦး၊ မွတ်စလင်တစ်ဦး အသတ်ခံရခဲ့ပြီးနောက် မန္တလေးမြို့ခံများ ထိတ်လန့်နေခဲ့ကြရသည်။ ထို့ကြောင့် ဇူလိုင် ၃ ရက် ညနေ ၆ နာရီတွင် ပုသိမ်ကြီးမြို့နယ်မှအပ မန္တလေးခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာခဲ့သည်။ ပထမညမှာပင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၄၅ ဦးကို ထိန်းသိမ်းပြီး အားလုံးကို ခံဝန်ဖြင့်ပြန်လွှတ်ပေးခဲ့သည်။ သို့သော်ဆူပူမှုတွင် အသတ်ခံခဲ့ရသည့် ကိုထွန်းထွန်းဈာပနတွင် ထပ်မံဆူပူရမ်းကားဖျက်ဆီးမှုများ ပြုလုပ်ပြီး မငြိမ်သက်တော့သဖြင့် ပုသိမ်ကြီးမြို့နယ်ကိုပါ ပုဒ်မ ၁၄၄ နယ်မြေအတွင်း ထည့်သွင်းလိုက်သည်။

ညစဉ် ၉ နာရီမှ နောက်ရက် နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် မလိုက်နာသူ ၁၀၀ ၀န်းကျင်ခန့် ထိန်းသိမ်းရမိပြီး ဇူလိုင် ၇ ရက်တွင် စတင်တရားစွဲဆိုစီရင်ချက်ချမှတ်ခဲ့ကာ ဇူလိုင် ၇ ရက်တွင် ၂၈၃ ဦးကို တရားစွဲတင်ခဲ့ရာ ၃၁ ဦးကို ထောင်ဒဏ်ခုနစ်ရက်၊ ၇၉ဦး ကို ထောင်ဒဏ် ၁၅ ရက်အထိ သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် ချမှတ်ခဲ့ကြောင်း သိရသည်။

"ပြည်ကြီးတံခွန်မြို့နယ်မှာတော့ ၄၅ ဦး တရားစွဲတင်ပြီး ၄၃ ဦးကိုတော့ ထောင်ဒဏ် ၁၅ ရက်ချမှတ်လိုက်ပြီး နှစ်ဦးကတော့ အပြစ်မရှိကြောင်း လျှောက်ထားလို့ ထပ်မံတရားရင်ဆိုင်ဖို့ အာမခံပေးလိုက်တယ်။ မြို့နယ်အားလုံးမှာ ဖမ်းဆီးခဲ့တာ ၂၈၃ ဦးပြီး ရဲစခန်း ခံဝန် ၅၅ ဦး၊ တရားရုံးခံဝန် ၁၁၈ ဦး၊ ၃၁ ဦးကို ထောင်ဒဏ်ခုနစ်ရက်၊ ၇၉ ဦး ကို ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့ပါတယ်" ဟု မန္တလေးခရိုင် ဒုရဲမှူးကြီးက ပြောကြားသည်။

"ချမ်းအေးသာစံနဲ့ မဟာအောင်မြေမြို့နယ်တွေမှာ ဖမ်းဆီးမိသူအကုန်နီးပါး တရားရုံးခံဝန်ပြန်ပေးပြီးတော့ အမှုဆက်လက်ရင်ဆိုင်ရမှာပါ။ ၁၄၄ နဲ့တင် တစ်ရုံးကို လူလေးငါးဆယ်ဖြစ်နေတော့ မနိုင်တဲ့အတွက် အာမခံပြန်ပေးခဲ့တာပါ။ ပြီးခဲ့တဲ့အမှုတွေမှာတော့ ထောင်ဒဏ်ပဲချမှတ်ခဲ့ပါတယ်" ဟု ပြည်ကြီးတံခွန်မြို့နယ်မှ အမှုလိုက်ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၇ ရက် ည ၉ နာရီ မှ နံနက် ၅ နာရီအထိ မန္တလေးခရိုင်ခုနစ်မြို့နယ်တွင် ပုဒ်မ ၁၄၄ မလိုက်နာသူ ၁၀၆ ဦးကို ထပ်မံဖမ်းဆီးထားကြောင်းသိရသည်။

မန္တလေးမြို့တွင်း ဈေးချိုတစ်နေရာကို ဇူလိုင် ၈ရက်က တွေ့ရစဉ်

ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Photo: မန္တလေးခရိုင် ပုဒ်မ ၁၄၄ နယ်မြေအတွင်း ညမထွက်ရအမိန့် မလိုက်နာသူ ၂၃၁ ဦးအား တရားစွဲတင်ပြီး ၁၁၈ ဦးကို ထောင်ဒဏ်ခုနစ်ရက်မှ ၁၅ ရက်အထိ ချမှတ်ခဲ့

Post a Comment

Top