0

Published on: July 8, 2014
Written by: ဝေယံဖြိုးဦး၊ မျိုးမင်းထက်

မြန်မာနိုင်ငံတွင် အရက်နှင့် ပတ်သက်ဆက်နွှယ်သည့် ရောဂါများ အများအပြား ဖြစ်ပွားလာသဖြင့် အရက်ကိုထိန်းချုပ်သည့် ဥပဒေများ ဖြစ်ပေါ်လာရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်မာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားသည်။

ဝန်ကြီးဒေါက်တာဖေသက်ခင်က နေပြည်တော်၌ ဇူလိုင် ၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးအပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့တိုင်းပြည်မှာ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ရှိပေမယ့် အရက်နဲ့ပတ်သက်တဲ့ ဟာကျတော့ ထိန်းချုပ်တဲ့ဥပဒေတွေ မရှိသေးဘူး။ နိုင်ငံတကာနယ်ပယ်မှာ စပြီးလုပ်လာကြပြီ။ အရက်ကြောင့် ပြဿနာတွေ အများကြီးဖြစ်တယ်။ အရက်နဲ့ နှီးနွှယ်ပြီးဖြစ်တဲ့ ရောဂါတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီး ဖြစ်နေတယ်။ အရက်ကိုထိန်းချုပ်တဲ့ ဥပဒေတွေကတော့ ခိုင်ခိုင်မာမာနဲ့ လုံလုံလောက်လောက် မရှိသေးဘူး။ ဒါတွေကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ညှိနှိုင်းပြီးတော့ ဆက်လက်ဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဆိုသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က “ရန်ဖြစ်တာ တော်တော်များများက မူးပြီးရန်ဖြစ်တာ။ ယာဉ်တိုက်မှုတွေက အရက်မူးပြီးမောင်းလို့ တော်တော်များက ဖြစ်ကြတာ။ အရက်ကြောင့် အရက်နာကျတဲ့ စိတ်ရောဂါတွေဖြစ်တယ်။ အရက်ကြောင့် အစာအိမ်တွေ ရောင်ကြတယ်။ အရက်ကြောင့် အသည်းရောဂါတွေ ဖြစ်ကြတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း အရက်ရောင်းချမှုများမှာ များပြားလာလျက်ရှိပြီး အရက်သောက်သုံးမှုများထဲတွင် အမျိုးသားများအပြင် အမျိုးသမီးများ၏ သောက်သုံးမှုမှာလည်း မြင့်တက်လာလျက်ရှိကြောင်း သတင်းအချက်အလက်များအရ သိရသည်။

ဆက်လက်ပြီး နိုင်ငံအတွင်း အရက်အလွန်အကျွံ သောက်သုံးမှုများကြောင့် အသည်းနှင့်ပတ်သက်သည့် ရောဂါများ အများဆုံးဖြစ်ပွားကြောင်း သိရပြီး အချို့မှာ စိတ်ကျရောဂါများဖြစ်ကာ သေကြောင်းကြံစည်သည့် ဖြစ်စဉ်များလည်းရှိကြောင်း သိရသည်။

ဇူလိုင် ၈ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် ဖြေကြားရှင်းလင်းစဉ်

ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/
Photo: အရက်နှင့်ပတ်သက်သည့် ရောဂါများ မြန်မာနိုင်ငံတွင် အများအပြား ဖြစ်ပွားလာ၍ အရက်ကိုထိန်းချုပ်သည့် ဥပဒေများ ဖြစ်ပေါ်လာရန် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီး ပြောကြား

Post a Comment

Top