ရန်ကုန်- ၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက် မြေနီကုန်းအရေးအခင်းတွင် အကြမ်းဖက် အသတ်ခံရသောကျောင်းသားများကို ရည်စူး၍ ၈၈ အခြေခံကျောင်းသားများ သမဂ္ဂအဖွဲ့က အဆိုပါကျောင်းသားများ သတ်ဖြတ်ခံရသော မြေနီကုန်းလမ်းဆုံတွင် (၂၆) နှစ်ပြည့် အထိမ်းအမှတ်ရည်စူးကာ နှင်းဆီပန်း ၂၆ ပွင့်ချ၍ ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။
၁၉၈၈ ခုနှစ် အရေးအခင်းတွင် အထက်တန်းကျောင်းသားများသည် ဇွန်လ ၂၀ ရက်တွင် တက္ကသိုလ်ကျောင်းများ အကန့်အသတ်မရှိကျောင်းပိတ်လိုက်ခြင်းကို ဇွန်လ ၂၁ ရက်မှစပြီး လမ်းမပေါ်ထွက် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ အဆိုပါနေ့တွင်ပင် လုံထိန်းရဲတပ်ဖွဲ့များက အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဇွန်လ ၂၁ ရက်တွင် အောက်မေ့ဖွယ်အဖြစ် နှင်းဆီပန်းများချ၍ ဆုတောင်းခဲ့သူ ၈၈ အခြေခံပညာကျောင်းသားများ သမဂ္ဂမှ ကိုဘိုဘိုက ပြောသည်။
ထိုမြေနီကုန်းအရေးအခင်းတွင် ဆန္ဒပြကျောင်းသား သုံးဦးသေဆုံးခဲ့ပြီး ၇၇ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
‘‘အဲဒီတုန်းက အထက်တန်းကျောင်းသားတွေ လမ်းပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြတာပါ။ အဲဒါကို လုံထိန်းရဲတွေက အကြမ်းဖက်သတ်ဖြတ်ခဲ့တာပါ။ မြေနီကုန်းလမ်းဆုံမှာပဲ ကျောင်းသားတွေတော်တော်များများ ကျဆုံးခဲ့ပါတယ်။ ဒီနေ့ဟာ သူတို့ရဲ့ ၂၆ နှစ်ပြည့်မို့ နှင်းဆီပန်း ၂၆ ပွင့်လာချပြီး ဆုတောင်းပေးတာပါ’’ ဟု ကိုဘိုဘိုက ပြောသည်။
ဇွန်လ ၂၁ ရက်က ပြုလုပ်သော အဆိုပါ ဆုတောင်းပွဲကို ကျောင်းသားဟောင်းများ လူဦးရေ ၂၀ ခန့်က အကြမ်းဖက်ခံရသော မြေနီကုန်းလမ်းဆုံနေရာတွင် ဆုတောင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၁၉၈၈ ခုနှစ် ဇွန်လ ၂၁ ရက်တွင် ကျောင်းသားများ အကြမ်းဖက်သတ်ဖြတ်မှုအတွက် အောက်မေ့ဖွယ်အဖြစ် ၁၉၈၉ ခုနှစ် ဇွန်လ ၂၁ ရက်က အဆိုပါမြေနီကုန်းနေရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီး အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ကြောင်း ကိုဘိုဘိုက ဆိုသည်။
ကျဆုံးခဲ့သော ကျောင်းသားများအတွက် ဇွန် ၂၁ ရက် နေ့လည်ပိုင်းက မြေနီကုန်းလမ်းဆုံတွင် ဆုတောင်းနေစဉ် (ဓာတ်ပုံ- ကျော်ဇင်သန်း)
Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/
Post a Comment