0
Published on: June 21, 2014

၂၀၁၄ ခုနှစ် ဇွန် ၁၀ ရက် ည ၁၀ နာရီခန့်တွင် မဟာသန္တိသုခကျောင်းတိုက်မှ အင်အားသုံးဖယ်ရှားခံရပြီးနောက် ယင်းကျောင်းတိုက်မှ အင်းစိန်ထောင်တွင် အဓမ္မလူဝတ်လဲကာ ထိန်းသိမ်းထားသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် ငယ်ဖြူသံဃာတော် ငါးပါးအား ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် တာမွေတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

အဓမ္မ လူဝတ်လဲကာ ထိန်းသိမ်းခံထားရသော သံဃာတော်ငါးပါးကို အင်းစိန်အကျဉ်းထောင်မှ တာမွေမြို့နယ် တရားရုံးသို့ အချုပ်ကားဖြင့် ပို့ဆောင်ခြင်းမဟုတ်ဘဲ စူပါကာစတန် ယာဉ်နှစ်စီးဖြင့် ပင့်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရုံးထုတ်စစ်ဆေးမှုကို ရွှေည၀ါဆရာတော်၊ မကွေးဆရာတော် ဦးပါမောက္ခနှင့် ဆရာတော် ဦးဝီရသူ၊ ဓမ္မသုခပရိယတ္တိ ကျောင်းတိုက်ဆရာတော်၊ သာသနာ့ဇေယျ မင်္ဂလာကျောင်းတိုက် ဆရာတော်၊ စင်ကာပူကျောင်းတိုက်ဆရာတော်၊ ဓမ္မလင်္ကာရ ကျောင်းတိုက်ဆရာတော်၊ သာသနာ့မဏ္ဍိုင် ကျောင်းတိုက်ဆရာတော်၊ မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော်တို့ အပါအ၀င် ရန်ကုန်တိုင်းဒေသကြီးရှိ ဘုန်းကြီးကျောင်းတိုက်များမှ သံဃာတော်အပါး ၅၀ ခန့်နှင့် ဒါယကာ ဒါယိကာမများ လာရောက်ခဲ့ကြသော်လည်း အစိုးရကျောထောက်နောက်ခံ ဖွဲ့စည်းထားသော မဟနဘုန်းကြီးများ လုံးဝလာရောက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

အဓမ္မလူဝတ်လဲ ဖမ်းဆီးထိန်းသိမ်းခံရသော သံဃာငါးပါးကို သာသနာရေးဦးစီးဌာန (အစိုးရ) ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသနာရေးမှူး ဦးစိန်မော်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပြည်သူလူထု ၅၀၀ ခန့်ကလည်း တရားရုံးအနီးသို့ လာရောက်ခဲ့ကြပြီး ၎င်းတို့က တရားရုံးရှေ့၌ပင် ပီနန်ဆရာတော်၏ ဒါယကာ၊ ဒါယိကာမများ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ အဖွဲ့ဝင်များနှင့်အတူ “သမ္မတရုံးအကြံပေး ဦးအံ့မောင် ချက်ချင်းဖြုတ်”၊ “အပြစ်မဲ့သံဃာများ အမြန်လွှတ်ပေး” စသဖြင့် ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။

အဆိုပါ ရုံးထုတ်စစ်ဆေးမှုကို တရားရုံး စတင်ချိန်ဖြစ်သည့် နံနက် ၁၀ နာရီမှ တရားရုံးပိတ်ချိန်ဖြစ်သည့် ညနေ ၅ နာရီခန့်အထိ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး တရားလို သာသနာရေးဦးစီးဌာန ရန်ကုန်တိုင်း တိုင်းသာသနာရေးမှူး ဦးစိန်မော်ကို စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် သံဃာတော်များအား တရားစွဲဆိုထားသော ပုဒ်မ ၂၉၅(က)၊ ၂၀/၉၀ အနက်မှ ၂၉၅ (က)ဖြင့် စွဲဆိုသည့် အပိုင်းကိုသာ ရုံးထုတ်သည့် ဇွန် ၂၀ ရက်တွင် စစ်ဆေးနိုင်ခဲ့ကြောင်းနှင့် ဇွန် ၂၇ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆို လိုက်ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရာတွင် သံဃာတော်ငါးပါးကို နိုင်ငံတော်သံဃမဟာနယက အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ညွှန်ကြားစာအရ တရားစွဲဆိုခြင်းမှာ မှန်ကန်ကြောင်း၊ အဆိုပါ ညွှန်ကြားစာများတွင် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က)အရ တရားစွဲဆိုရန် ညွှန်ကြားချက် မပါရှိသည်မှာ မှန်ကန်ကြောင်း တရားလိုပြုသူ ဦးစိန်မော်က တရားခံရှေ့နေ၏ မေးမြန်းချက်ကို ထွက်ဆိုခဲ့သည်။

ရုံးထုတ်စစ်ဆေးမှုကို ရွှေည၀ါဆရာတော်၊ မကွေးဆရာတော် ဦးပါမောက္ခနှင့် ဆရာတော် ဦးဝီရသူ၊ ဓမ္မသုခပရိယတ္တိ ကျောင်းတိုက်ဆရာတော်၊ သာသနာ့ဇေယျ မင်္ဂလာကျောင်းတိုက် ဆရာတော်၊ စင်ကာပူကျောင်းတိုက်ဆရာတော်၊ ဓမ္မလင်္ကာရ ကျောင်းတိုက်ဆရာတော်၊ သာသနာ့မဏ္ဍိုင် ကျောင်းတိုက်ဆရာတော်၊ မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော်တို့ အပါအ၀င် ရန်ကုန်တိုင်းဒေသကြီးရှိ ဘုန်းကြီးကျောင်းတိုက်များမှ သံဃာတော်အပါး ၅၀ ခန့်နှင့် ဒါယကာ ဒါယိကာမများ လာရောက်ခဲ့ကြသော်လည်း အစိုးရကျောထောက်နောက်ခံ ဖွဲ့စည်းထားသော မဟနဘုန်းကြီးများ လုံးဝလာရောက်ခဲ့ခြင်း မရှိ...

“ဒီနေ့တရားစစ်တဲ့ အခါမှာ ရန်ကုန်တိုင်း သာသနာရေးဦးစီးဌာနက တိုင်းမှူးကို စစ်ပါတယ်။ အဓိကအားဖြင့် ဒီမှာခုခံချေပတာက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အမိန့်ညွှန်ကြားချက်နဲ့ မကိုက်ညီတဲ့အပိုင်းကို တွေ့ရတယ်။ သူတို့ညွှန်ကြားချက် အပိုင်းမှာ မပါတာကိုပဲ စစ်မေးခဲ့ပါတယ်။ စစ်တဲ့အပိုင်းမှာလည်း သံဃနာယက အပိုင်းကိုရော အစိုးရအပိုင်းကိုရော ပြန်လှန်စစ်မေးခြင်း မပြုခဲ့ပါဘူး။ တရားစွဲဆိုတဲ့ အပိုင်းမှာ သူတို့ဆီကပေးတဲ့ ညွှန်ကြားချက်နဲ့ ကျော်လွန်ပြီး တရားစွဲဆိုတဲ့ အပိုင်းကိုပဲ အပြန်အလှန် စစ်မေးခြင်း ပြုခဲ့ပါတယ်။ သူတို့ရဲ့ညွှန်ကြားချက်နဲ့ တရားစွဲပေမယ့် သူတို့ညွှန်ကြားချက်နဲ့ မကိုက်ဘူးဆိုတာက ပုဒ်မ ၂၉၅(က)နဲ့တရားစွဲပါဆိုတဲ့ ညွှန်ကြားချက်မပါဘဲ တရားလိုက တရားစွဲထားတာကို တွေ့ရတယ်” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရအတွက် လိုက်ပါဆောင်ရွက် ပေးနေသည့် ဗြိတိန်သံရုံးမှ ငှားရမ်းထားသည့် ရှေ့နေဦးနေလက ဆိုသည်။

လန်ဒန်ဆရာတော် ဦးဥတ္တရ၏ ရှေ့နေဦးနေလက ယခုတရားစွဲဆိုထားသော ပုဂ္ဂိုလ်ငါးဦးသည် လူဝတ်ဖြစ်နေသော်လည်း သံဃာအဖြစ်သာ ရှိနေသေးပါကြောင်း၊ သံဃာများအား ဖမ်းဆီးချုပ်နှောင်ထားပါက ပြည်သူများ စိတ်မချမ်းမြေ့ဖွယ် ဖြစ်မည်ဖြစ်သဖြင့် ထိုက်သင့်သောခံဝန်ဖြင့် အာမခံပေးရန် လျှောက်ထားခဲ့သည်။

တာမွေမြို့နယ်တရားသူကြီးက သံဃာတစ်ပါးအတွက် ပုဒ်မတစ်ခုလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ပုဒ်မနှစ်ခုအတွက် ကျပ်သိန်း ၂၀၀ အား သတ်မှတ်ခဲ့ပြီးပိုင်ဆိုင်မှု အထောက်အထားများပြသကာ သံဃာတော်တစ်ပါးလျှင် လူနှစ်ဦးနှုန်းဖြင့် အချုပ်လွတ် အာမခံပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ အဓမ္မလူဝတ်လဲကာ ထိန်းသိမ်းခံရသည့် ဆရာတော်များ အာမခံရရန်အတွက် ဆရာတော်ငါးပါးအား ဒါယကာ၊ ဒါယိကာမ ၁၀ ဦးတို့က ပိုင်ဆိုင်မှု အထောက်အထားပြကာ အာမခံပေးခဲ့ရကြောင်း သိရသည်။

အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသော သံဃာတော်ငါးပါးသည် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ သုံးထပ်ကျောင်းဆောင်၌ ပြန်လည်သိက္ခာ ထပ်ကာပြန်လည် သင်္ကန်းစည်းခဲ့ကြောင်း သိရသည်။

“ဘုန်းဘုန်းတို့ ၂၇ ရက်မှာ ပြန်လည်တရားရင်ဆိုင်ရမယ်။ တရားစီရင်တဲ့အခါမှာ နိုင်ငံသားတိုင်းအတွက် ကာကွယ်နိုင်တဲ့ဥပဒေ ဆိုတာရှိရမယ်။ အဲဒီဥပဒေအတိုင်း ဆောင်ရွက်ရင်နိုင်ငံရေးက သာယာမယ်။ ဘုန်းဘုန်းတို့ကို မဟုတ်မမှန်ဘဲ စွပ်စွဲတာကိုတော့ လုံးဝလက်မခံပါဘူး။ သံဃာတော်တွေ မဟနကိုပြောချင်တာကတော့ မျှတတယ်၊ မမျှတဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပြုစေချင်ပါတယ်” လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်သည်။

မဟာသန္တိသုခ ကျောင်းတိုက်ကို ဇွန် ၁၀ ရက် ည ၁၀ နာရီခန့်တွင် သာသနာရေး ၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မဟနနှင့် ရဲတပ်ဖွဲ့ဝင်တို့မှ အင်အားသုံးကာ ကျောင်းတိုက်၌ သီတင်းသုံးနေသည့် သံဃာတော် ၂၁ ပါးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယင်းအနက်မှ ၁၆ ပါးကို ဇွန် ၁၂ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကာ ပီနန်ဆရာတော်၏ တပည့်ရင်း ဆရာတော်ငါးပါးကိုမူ ထိန်းသိမ်းထားရာမှ ဇွန် ၁၃ ရက်တွင် လူဝတ်လဲစေကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခုအာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် သံဃာတော်ငါးပါးမှာ ဆရာတော် ဦးဥတ္တရ (သက်တော် ၄၉၊ ၀ါတော် ၂၉ ၀ါ)၊ ဓမ္မာစရိယ M.A ဘွဲ့၊ သာသနာ့ရံသီ (လန်ဒန်)၊ ဦးပညာစာရ (သက်တော် ၄၉ နှစ်၊ ၀ါတော် ၂၉၀ါ)၊ M.A ထားဝယ်ကျောင်းသစ်၊ ဦးသုန္ဒရသီရိ (သက်တော် ၃၃ နှစ်၊ ၀ါတော် ၁၃ ၀ါ) မဟာဓမ္မာစရိယ M.A သင်းကျွန်းတိုက်ကျောင်း၊ ဦးနန္ဒိယ (သက်တော် ၂၉ ၊ ၀ါတော် ၉ ၀ါ) ဓမ္မာစရိယ၊ ဇေယျမင်္ဂလာကျောင်း (လှိုင်)၊ ဦးတေဇိန္ဒ (သက်တော် ၄၅ နှစ်၊ ၀ါတော် ၂၅ ၀ါ) မဟာဓမ္မာစရိယ နပသ (ရန်ကုန်) ကျောင်းတို့ဖြစ်ကာ ဆရာတော်များမှာ ငယ်ဖြူများဖြစ်ကြောင်း သိရသည်။

ဇွန် ၂၀ ရက် နံနက်ပိုင်းက တာမွေမြို့နယ်တရားရုံးသို့ ရောက်ရှိလာသော လူဝတ်လဲ ဖမ်းဆီးခံထားရသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအား တပည့်ဒါယကာ၊ ဒါယိကာမများက နှုတ်ဆက်ဂါရ၀ပြုနေကြစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

ဓာတ်ပုံကိုထွန်းဝေ(ဂျပန်) ဟုဖော်ပြ၍ Facebook တွင် ပျံ့နှံ့နေသည့် လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အတူရိုက်ကူးထားသည့် ဓာတ်ပုံ

လူဝတ်လဲ တရားစွဲဆိုခံရသည့် လန်ဒန်ဆရာတော် ဦးဥတ္တရ တာမွေမြို့နယ်တရားရုံးသို့ ကြွရောက်လာသည်ကို တွေ့ရစဉ်

အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအား သင်္ဃန်းပြန်ဆီးပြီး ဇွန် ၂၀ ရက် ညနေပိုင်းက တွေ့ရစဉ်

ရွှေည၀ါဆရာတော်၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူနှင့် လူဝတ်လဲခံရသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအား တာမွေတရားရုံးအတွင်း တွေ့ရစဉ်

လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်တို့ အတူတကွတွေ့ရစဉ်

လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် အင်္ဂလန်အိမ်ရှေ့စံချားစ်မင်းသားတို့ အတူတကွ တွေ့ရစဉ် (ဓာတ်ပုံ- Aunty Tu Maung Facebook)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လန်ဒန်ဆရာတော် ဦးဥတ္တရအား ဖူးမြော်နေစဉ်

တာမွေမြို့နယ် တရားရုံးအတွင်း လူဝတ်လဲတရားစွဲဆိုခံရသည့် ဆရာတော်ငါးပါးအား တရားခွင်အတွင်း ရှိနေသည့် ပုံကြမ်း

လူဝတ်လဲခံရသည့် ဆရာတော်ငါးပါးအတွက် သံဃာတော်များ တာမွေမြို့နယ် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေကြစဉ်

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/
 (8 photos)

Post a Comment

 
Top