By ဘစီ
ACM Re-Post 21-6-2014
ခရစ်နှစ်အားဖြင့် ၂၁၁၄ ခုနှစ် ဖြစ်ပါတယ်။ နေရာကတော့ မြန်မာပြည်တစ်နေရာက အစိုးရကျောင်းစာသင်ခန်းလေး တစ်ခန်းထဲမှာပေါ့ခင်ဗျာ။ ဆရာမ တစ်ယောက်က မူလတန်းကျောင်းသားလေးတွေကို ပုံပြင်တစ်ပုဒ်ပြောပြနေတယ်။ ကလေးတွေကလည်း ငြိမ်လို့၊ အခန်းကလည်း တိတ်လို့၊ဆရာမလေးရဲ့ စကားသံတွေသာအတက်အကျ အနိမ့်အမြင့်စည်းချက်ညီစွာ ထွက်ပေါ်နေပါတယ်။
နောက်ခံအနေနဲ့ ဖြည့်ပြော ချင်တာတစ်ခုက အဲဒီအချိန်မှာ ဆရာ၊ ဆရာမတွေဟာ အပြင် ကျူရှင်မသင်တော့ပါဘူး။ ငွေကြေးဖောင်းပွမှုနှုန်းကလည်း မမြင့်၊ ကုန်ဈေးနှုန်းကလည်း ငြိမ်တဲ့အတွက် တစ်နေ့ကိုကျပ်နှစ် ထောင်လောက်ရှိရုံနဲ့ မိသားစုငါး ယောက်ရှိတဲ့ အိမ်တောင်မှ စားလောက်နေတယ်။ စီးပွားရေးပြေလည်နေတာမို့ ဆရာ၊ ဆရာမတွေ စာသင်ချိန်မှာ နှစ်လုံးထီ၊ သုံးလုံးထီ ထိုင်တွက်နေတာလည်း မရှိတော့ဘူး။ ပညာရေးစနစ်ကလည်း စိတ်ကူးတည့်ရာ စမ်းသပ်အဆင့် မဟုတ်တော့ဘဲ နိုင်ငံတကာအဆင့်မီနေပြီ။ အစိုးရရဲ့ ပညာရေးရန်ပုံငွေကလည်း များများစားစားရထားတော့ ကျောင်းသားတွေဆီက အလှူခံတာတွေလည်း မလုပ်ကြဘူး။ ကျောင်းတွေကလည်း ကောင်းသလား မမေးနဲ့။ မိုးရွာ၊ လေတိုက်တဲ့အခါ ပြိုကျမှာ စိုးရိမ်စရာမရှိတော့ဘူး။
ဆရာမ ပြောပြနေတဲ့ ပုံပြင် ကတော့ ‘‘ရွှေပြည်ကြီးရဲ့ နွေဦး ပုံပြင်’’ ပါတဲ့။ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က မြန်မာကျောင်းသားတွေ သင်ခဲ့ရဖူးတဲ့ ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်နဲ့တော့ မတူပါဘူး။ သစ်ဆန်းလာတဲ့ ပညာရေးစနစ်မှာ ကလေးတွေဟာ ကိုယ့်
တိုင်းပြည်ရဲ့ သမိုင်းကို လည်းသိ၊နိုင်ငံရေးဆိုတာကိုလည်း နားလည်ပြီးသား ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ နှစ်တစ်ရာလောက်က တိုင်းပြည်မှာ အုပ်စိုးခဲ့တဲ့ အစိုးရအဖွဲ့တစ်ဖွဲ့အကြောင်း ဖြစ်ရပ်မှန်ကို ပုံပြင်လိုဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။ ဆရာမ လေးပြောပြနေတဲ့ ပုံပြင်ကို နားထောင်ကြည့်ရအောင်လား။
ကလေးတို့ရေ ... ဟိုးရှေး ရှေးတုန်းကပေါ့ကွယ်။ ဆရာမ တို့ရဲ့ မြန်မာပြည်မှာ ဘာမှန်းမသိ တဲ့ အာဏာရှင်သေနာပတိကြီး တွေ အုပ်စိုးနေရာက တစ်နေ့မှာ တော့ ဘာစိတ်ကူးပေါက်ကြ တယ် မသိပါဘူး။ အဓိပတိသေနာ ကြီး အဲ ..ခွင့်လွှတ်ကွယ်၊ ဆရာမ လျှာလိပ်သွားလို့။ အာဏာရှင် သေနာပတိတွေရဲ့ အဓိပတိကြီးက ငါတို့တိုင်းပြည်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်မှ ဖြစ်မယ်ဆို ပြီး ရွေးကောက်ပွဲတွေ လုပ်တော့တာပဲ။ သေနာပတိ တော်တော်များများလည်း လူဝတ်လဲကြ၊ ရွေးကောက်ပွဲဝင်ကြပေါ့။ သူတို့ပဲ နိုင်တာပေါ့ကွယ်။ နိုင်မှာပေါ့ ပြိုင်တဲ့သူကလည်း သူတို့နဲ့ သူတို့လူချည်းပဲ ရှိတာကိုးကွဲ့။
ရွေးကောက်ပွဲနိုင်တော့ အစိုးရဖြစ်ရောပေါ့ကွယ်။ အစိုးရဖြစ်တော့ အဲဒီခေတ်မှာ ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေ ပြန်လွှတ်တာပေါ့။ နိုင်ငံတကာကလည်း သေနာပတိတွေ စိတ်ကောင်းဝင်ပြီဆိုပြီး အားပေးချီးကျူးတာတွေ လုပ်ကြသတဲ့။ သေနာပတိတွေက အပြောကလည်း ကောင်းသကိုး။ နိုင်ငံတကာက ခေါင်းဆောင်များ ကျအောင်ပြောတတ်လိုက်တာ။ ယုံတဲ့သူကလည်း ယုံတယ်ကွဲ့ ကလေးတို့ရဲ့။ ဒါပေတဲ့ သိပ်မကြာပါဘူးကွယ်။ အချိန်တန်တော့ တဖြည်းဖြည်းနဲ့ ဇာတိပြလာတော့တာပဲ။
ဝန်ကြီးတွေက အကဲဆုံးပေါ့ ကွယ်။ တစ်ခါတော့ လျှပ်စစ်မီး မလာလို့ လူတွေဒေါသထွက်ပြီး ဆန္ဒပြကြသတဲ့။ ဒေါသထွက်တာ လည်း မပြောနဲ့လေကွယ်။ သူတို့ ခေတ်က ဓာတ်ငွေ့တွေ တအား ထွက်တာ။ အဲဒီဓာတ်ငွေ့တွေ အ ကုန်နိုင်ငံခြားရောင်းစားပြီး တိုင်း သူပြည်သားကျတော့ အမှောင်ထဲ မှာနေခိုင်းတာကိုး။ ဒါနဲ့ သမ္မတ အကြံပေးဆိုတဲ့ လူတစ်ယောက် က ပြည်သူတွေကို ကလိတယ်။ လျှပ်စစ်မီးမလာရင် ဖယောင်း တိုင်ထွန်းပြီး နေကြပေါ့တဲ့။နောက်ဝန်ကြီးတစ်ယောက်ကတော့ ဓာတ်ငွေ့တွေ သူများတိုင်းပြည်ရောင်းတာဟာ ကိုယ့်ပြည်တွင်းမှာ ပိုလျှံနေလို့တဲ့။ ပိုမှာပေါ့ကွယ်။ ပြည်သူတွေခမျာ သုံးမှ မသုံးရတာ။ ဒါပေမဲ့ အိမ်တွေမှာတော့ မီတာကတော့ မီးမလာလည်း လည်နေတာပဲ။ အဲဒီခေတ် ရွှေပြည်ကြီးအစိုးရရဲ့ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေထဲက တစ်ခုပေါ့ကွယ်။
ဒီလူကြီးတွေကို ဆိုးလှပြီ မထင်နဲ့ဦး ကလေးတို့ရဲ့။ သေနာ ပတိလူထွက်တွေ အစိုးရတက် ဖြစ်တဲ့ အဲဒီရွှေပြည်ကြီးရဲ့ ခေတ် မှာ အားလုံးက သူ့ထက်ကဲ ရွှေပြည်စိုးချည်းပဲ။ ထူးခြားတဲ့ နောက်တစ်ယောက်ကတော့ တိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့တွေ ကို ရွှေလက်နဲ့ခေါ်လို့ မလာရင် ဘူးလက်(Bullet-ကျည်ဆန်) လွှတ်လိုက်မယ်လို့ ခပ်မိုက်မိုက် ပြောတဲ့သူကွဲ့။ ပြောချက် ပြောင် မြောက်လိုက်ပုံများ သူ့နာမည် ရှေ့မှာ ‘‘ဘူးလက်’’ဆိုတဲ့ ဘွဲ့ တောင်မှ အတပ်ခံရတဲ့အထိပဲ။
သူကတော့ အဲဒီခေတ် အစိုးရအဖွဲ့ထဲမှာ စကားလုံးအပြောင်ဆုံးလို့တောင်မှ ပြောလို့ရတယ်။ သူ့ခေတ်သူ့အခါ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အတိုကောက် ခေါ်တာ ‘‘ဒီချုပ်’’ အဲဒီ ‘‘ဒီချုပ်’’ ကို သူက ‘‘ဒီရှုပ်’’ဆိုပြီး နာမည်ဖျက်တယ်။အဲ .. အဲဒီလူကြီးက သူများပါတီကိုသာသွားပြီး ပြောင်ချော်ချော်ပြောတာ ကလေးတို့ရဲ့။ သူတို့သေနာပတိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ အာဏာရပါတီ ‘‘ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ’’ ဆိုတာကိုပြည်သူတွေက အတိုကောက်‘‘ကြံ့ဖွံ့’’လို့ခေါ်ရမယ့်အစား မေတ္တာထားပြီး ‘‘ကြံ့ဖွတ်’’လို့ ပြောင်ခေါ်တော့ နာတတ်လိုက်တာပြောမနေနဲ့။ သေနာပတိအာဏာရှင်တွေတုန်းကဆို သူတို့အဖွဲ့ကို တိရစ္ဆာန်နာမည်နဲ့ ဖျက်လိုဖျက်ဆီးခေါ်ရမလားဆိုပြီး ခေါ်တဲ့သူတွေကို ထောင်ထဲတောင်မှ ထည့်ပစ်တာ။
နောက်တစ်ခါ အဲဒီဘူးလက် အမည်ခံကြီးကပဲ ဒီချုပ်ပါတီရဲ့ အတိုက်အခံခေါင်းဆောင်ဟာ ခွပ်ဒေါင်းမဟုတ်ဘူး။ Angry Bird(စိတ်ဆိုးနေတဲ့ငှက်) ဆိုပြီး နာမည်တပ်ပြန်သတဲ့ကွယ်။ ဒီချုပ်ရဲ့ အမှတ်တံဆိပ်က ဒေါင်းကိုး။ An-gryBird ဆိုတာကတော့ အဲဒီခေတ်က သားတို့၊ သမီးတို့လို ကလေးငယ်လေးတွေ သိပ်ကြိုက်ကြတဲ့ ကစားနည်းတစ်မျိုးပေါ့ကွယ်။ ကွန်ပျူတာတွေ၊ လက်ကိုင်ဖုန်းတွေထဲထည့်ပြီး ကစားကြတယ်။အဲဒီအမတ်ကြီးက Angry Bird ကိုတောင်မှ သိနေဆိုတော့ ခေတ်မီပုံပဲကွဲ့။ အိမ်မှာ သူ့သားသမီးလေးတွေနဲ့များ မကြာခဏ လုပြီး ကစားနေကျထင်ပါရဲ့ကွယ်။
တိုင်းပြည်အုပ်ချုပ်ရာမှာ အ ကြီးအမှူးဖြစ်တဲ့ သမ္မတကလည်း မိဘပြည်သူများ ခင်ဗျာဆိုပြီး တစ်လတစ်ခါ မိန့်ခွန်းပြောလိုက်တာ တစ်နှစ်အတွင်းမှာ မိန့်ခွန်းရာ ကျော်တယ်ဆိုလားပဲ။ ဒါပေမဲ့ အလုပ်မဖြစ်ပါဘူးကွယ်။ ဘာ ကြောင့်ဆို သမ္မတကြီးမှာ အကြံမှ မရှိတာကိုး။ ကိုယ်ပိုင်အကြံမရှိ လို့မို့ သမ္မတအကြံပေးအဖွဲ့ဆိုပြီးပြဿနာသစ်တစ်ခု ပေါ်လာတိုင်းဘာအကြံပေးအဖွဲ့၊ ညာအကြံပေး အဖွဲ့ဆိုပြီး ဖွဲ့လိုက်တာနည်းရော့လား။ ဘယ်လောက်များလဲဆို အကြံပေးအချင်းချင်းလမ်းမှာတွေ့တောင် မမှတ်မိကြဘူးဆိုပဲ။ဒါပေတဲ့ ‘‘ဆရာများတော့သားသေ’’ ‘‘ငါး သိုင်းများတော့ ဟင်းဟုန်’’ ဆိုတာလိုပေါ့ကွယ်။ အကြံတွေပေးတာများလို့ ဘယ်အကြံကို အရင်စီမံရရင် ကောင်းမလဲဆိုတာ စဉ်းစားရင်းနဲ့ သမ္မတသက်တမ်းသာ တစ်ရွေ့ရွေ့ကုန်လာတယ်။ ဘာတစ်ခုမှ အကောင်အထည် မဖော်ဖြစ်ဘူးတဲ့။
ဒီလိုနဲ့ သုံးနှစ်လောက်ရှိလာ တော့ ရွှေပြည်ကြီးဟာ တစ်နေ့ ပြောင်းလာနိုးနဲ့ စောင့်နေတဲ့ ပြည် သူတွေလည်း ဘယ်မှာစိတ်ရှည် ပါတော့မလဲ။ အရေးကြီးတာက သေနာပတိကြီးတွေ တစ်ဖက် သတ်စီမံထားတဲ့ ဖွဲ့စည်းပုံဥပဒေ ဆိုတာက ပြဿနာဖြစ်နေတာ ကွဲ့။ ဒါကြောင့် အတိုက်အခံ ခေါင်းဆောင်တွေကလည်း အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ညံလာသတဲ့။ အစိုးရ ကလည်း ဘယ်ခံပါ့မလဲ။ သေနာ ပတိဘ၀က စုတေလာတဲ့သူတွေ ပဲဟာ။ သူတင်း ကိုယ်တင်းဆိုပြီး လုပ်ကြတာပေါ့။ ဒီမှာတင် သုံးနှစ်လုံး ဖုံးထားတဲ့မူလဇာတိငယ်ကျင့်ကလေးတွေဟာ ကုန်းတော့မှ ပေါ်လာတော့တာပဲ။
အစောပိုင်းက သေနာပတိ ဟောင်းများ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို ချီးမွမ်းတဲ့ နိုင်ငံ တကာ အစိုးရဆိုတာတွေလည်း ‘‘ဖွတ်ထွက်မှ တောင်ပို့မှန်း သိ’’ ဆိုတာလို သုံးနှစ်ရှိမှ သေနာပတိ တွေရဲ့ အပြောင်းအလဲဟာ ဗန်းပြဆိုတာ သိသွားကြသတဲ့။ တစ် နည်းအားဖြင့်တော့ ‘‘နှပ်ပစ်’’ တာ ခံရတာပေါ့ကွယ်။ အတိုက်အခံ ခေါင်းဆောင် အမျိုးသမီးကြီးက လည်း နိုင်ငံတကာအနေနဲ့ မတရားတဲ့ ဖွဲ့စည်းပုံကြီးကို ပြင်ပေးဖို့ ၀ိုင်းပြီး ဆော်သြကြပါဦးလို့ မေတ္တာရပ်ခံတယ်။
နိုင်ငံတကာလည်း လုပ်ပေးရှာပါတယ်။
ဒါပေတဲ့ သုံးနှစ်လောက် အ သက်ရှူပေါက်ရသွားတဲ့ သေနာ ပတိဟောင်းများကတော့ ဘယ် မှာလာ အရေးစိုက်တော့မှာလဲ။ အဲဒီခေတ်က မဟာအင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်အစိုးရက ရွှေပြည်ကြီးရဲ့ ဖွဲ့စည်းပုံကို ပြင် ဆင်သင့်တယ်လို့ ပြောတာကို သေနာပတိဟောင်းများ အစိုးရ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကြီးက ဒါဟာခင်ဗျားတို့ အလုပ်မဟုတ် ဘူးလို့ တုံ့ပြန်ခဲ့သတဲ့။ အဲသလို သူများပြောတာ ဆတ်ဆတ်ထိ မခံလို့မို့ ကိုယ့်အထုပ် ကိုယ့်ဟာ ကိုယ် ရှင်းမလားဆိုတော့လည်း ဘယ်ရှင်းမှာလဲ။ သူတို့ဟာ နဂို ကတည်းကပြင်မှ မပြင်ချင်တာ။ တိုင်းသူပြည်သားတွေနဲ့ အတိုက် အခံ နိုင်ငံရေးသမားတွေကသာ ပြင်ချင်နေတာကိုး။ လွှတ်တော် ထဲက သေနာပတိဟောင်း ခေါင်း ပေါင်းသမားတချို့ဆို ဖွဲ့စည်းပုံ ကို ပြင်ဖို့မပြောနဲ့။ အဲဒီဖွဲ့စည်းပုံ ကို ရွှေဉာဏ်တော်စူးရှစွာ ရေး သားဖော်စပ်ခဲ့သူများကို ဂုဏ်ပြု ဘွဲ့တံဆိပ်များ ပေးသင့်တယ်လို့ အခါအားလျော်စွာ အဆိုတင်ခဲ့ဖူး ကြသတဲ့။
ဒါနဲ့ ကလေးတို့ အံ့သြစရာ နောက်ထပ်ဇာတ်လမ်းတစ်ကွက် ကို ပြောပြရဦးမယ်ကွဲ့။ အဲဒီရွှေ ပြည်ကြီးမှာ သေနာပတိများ အုပ် စိုးစဉ်အခါက အင်မတန်မှ လက် သွက်တဲ့ သစ်ခုတ်သမားတစ် ယောက်လည်း ရှိခဲ့သတဲ့။ သူက သစ်ပင်တွေ ခုတ်တာပေါ့ကွယ်။ ကမ္ဘာမှာ ဘယ်သူမှ လိုက်မမီတဲ့ စံချိန်နဲ့ ခုတ်လိုက်တာ နှစ်ပေါင်း ၂၀ လောက်လည်းရှိရော ရွှေပြည် အနှံ့မှာ ထူထပ်စွာပေါက်ရောက် လျက်ရှိတဲ့ သစ်တောတွေဟာ ပြောင်တလင်းခါသွားရောတဲ့။
ဒါတောင် အားမရလို့ နိုင်ငံ ရပ်ခြားတိုင်းတစ်ပါးမှာ ရှိတဲ့ ‘‘အမေဇုန်’’သစ်တောကြီးတွေကို လှမ်းပြီး မျက်စောင်းထိုးနေလို့ သူ့ ရဲ့အဘ သေနာပတိတွေက အဲ ဒါတွေ သွားမထိနဲ့ တို့ခွင်ထဲမှာ မဟုတ်ဘူးဆိုပြီး မနည်းတားထား ရတယ်။ သစ်ပင်မြင် လက်ယား နေတဲ့သူကို ချော့ရတာပေါ့ကွယ်။ သမ္မတက သူ့ကို ပြည်သူ့စွမ်း ဆောင်ရည်ဆုဆိုလား ချီးမြှင့်ပြီး ချွေးသိပ်ခဲ့ရတယ်ဆိုပဲ။ ဘာပဲ ပြောပြော သေနာပတိဟောင်း အ ပြောင်းအလဲ အစိုးရတော့ သူ့ ကို သိပ်ကျေးဇူးတင်ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ ဟို တုန်းက အစိုးရကို မကျေနပ်တဲ့ သူတွေဟာ တောခိုပြီး ပုန်ကန် ကြတယ်။ အဲဒီ သူပုန်သူကန်ကို အစိုးရမှာ လိုက်နှိမ်နင်းရတော့ အလုပ်ပိုတာပေါ့ကွယ်။ အခုလို သစ်ခုတ်သမားတစ်ယောက် မွေး ပြီး တောတွေရှင်းလိုက်တဲ့ အခါ ကျတော့ တောခိုမယ့်သူလည်း ခို စရာတော မရှိလို့ မခိုဖြစ်တော့ ဘူး။ ရွှေပြည်ကြီးက လူတွေ သူ ပုန်ဖြစ်မယ့်အရေးက ကာကွယ် ခဲ့တာ သူပဲကွယ့်။ တောထဲမှာ ရှိ နေတဲ့အဖွဲ့တွေလည်း တောမရှိ တဲ့အခါ မြို့ပေါ်တက်ပြီး အပစ် ရပ်စဲတာတွေ ဘာတွေလုပ်ရတာ ပေါ့။
သူ့ကြောင့်သာ ရွှေပြည်ကြီး မှာ နှစ် ၅၀ ကျော်ဖြစ်နေတဲ့ ပြည် တွင်းစစ်ဆိုတာကြီးကို တစ်စိတ် တစ်ပိုင်း ဟန့်တားနိုင်ခဲ့တာ။ တော ခိုသူများကို တောမခိုအောင်၊ တောခိုပြီး ရှိနေတဲ့ သူများကို လည်း မြို့ပေါ်ရောက်လာအောင် တစ်ဖက်တစ်လမ်းက ဖန်တီး ပေးခဲ့တာကလား။ ဒါပေမဲ့ ခမျာ သနားပါတယ်ကွယ်။ နိုဗယ်ငြိမ်း ချမ်းရေးဆုလေးတောင်မှ မရ လိုက်ရှာဘူး။ သမ္မတပေးတဲ့ ပြည် သူ့စွမ်းဆောင်ရည် ဆုလေးနဲ့ ကျေနပ်လိုက်ရရှာတယ်။ အခုလို ပြောလို့ ကလေးတို့ဟာ သူ့ကို အားသွားမကျနဲ့ဦးနော်။ လူတွေ အချစ်မခံရတဲ့ ပုဂ္ဂိုလ်မျိုးဆိုရင် အားကျစရာမလိုဘူးကွဲ့။
အဲဒီအစိုးရပဲပေါ့ကွယ်။ ဘုန်းကြီးတွေကို အချိန်မတော်မှာ သွားပြီး ဖမ်းချင် ဖမ်းသေးတာ။လူတွေနေတဲ့ အိမ်ကိုတင် သိမ်းတာမဟုတ်ဘူး။ ဘုန်းကြီးကျောင်းတွေလည်း နေရာကောင်းကောင်းမှာ ရှိလို့ကတော့ သိမ်းတာပဲ။ သေနာပတိတွေနဲ့ နီးစပ်တဲ့ ဘုန်းကြီးတချို့ကတော့ ချမ်းသာရှာပါတယ်ကွယ်။ အဲဒီခေတ် သာသနာရေးကလည်းတစ်မျိုးကွဲ့။ အာဏာအောက်မှာ သာသနာရောက်နေတယ်ဆိုလား။ ဟုတ်မှာပါကွယ်။ သီလသမာဓိ နဲ့ နေထိုင်ကျင့်ကြံ ဟောပြောတဲ့ ဆရာတော်များဆို အစိုးရနဲ့ သင့်တင့်မှ။ ကန့်လန့်တိုက်ပြီး သစ္စာတရားနဲ့အညီ ပြောမိလို့ကတော့ လူဝတ်လဲပြီး ထောင်ထဲရောက်ချင်ရောက်သွားတာ။
ဒါလည်း အကောင်းမြင် ကြည့်တော့ အစိုးရက လူတွေကို အပျော်သုံးမျိုးစလုံး ခံစားစေချင် လို့ နေမှာပေါ့ကွယ်။ လူမှာ အ ပျော်ဆုံးနေ့သုံးနေ့ ရှိတယ်မဟုတ် လား။ ရှင်လိင်ပြန်တဲ့နေ့၊ ထောင် က ထွက်တဲ့နေ့၊ အိမ်ထောင်ပြု တဲ့နေ့တဲ့။ ငယ်ကတည်းက တရားနဲ့ မွေ့ချင်လို့ သာသနာ့ဘောင်ဝင်လာတဲ့ ကိုယ်တော်များကို အစိုးရလူကြီးမင်းတွေက လူဝတ်လဲထောင်ထဲ ထည့်တယ်ဆိုတာ အထက်က ရှင်လိင်ပြန်တဲ့နေ့နဲ့ ထောင်က ထွက်တဲ့နေ့ကို ခံစားစေချင်လို့ နေမှာလို့ အဲဒီခေတ်က လူတွေက အပြောင်အပြက် ပြောကြသတဲ့။ သေနာပတိတွေဟာ ဘုရားတည်၊ ကျောင်းဆောက်၊ ရဟန်းခံရှင်ပြုမှာ သိပ်ဝါသနာကြီးတာ။ တစ်ခါသားမှာ သာသနာရေးဝန်ကြီးဟာ သိန်းတစ်ရာလောက် အလှူထဲ ထည့်သုံးတာ နိုင်ငံပိုင် ငွေအလွဲသုံးမှုနဲ့ တရားစွဲခံခဲ့ရဖူးသေးတယ်တဲ့။ အမှန်တော့ သူ့ဟာကသိန်းတစ်ရာတည်းမို့ မိသွားတာပါကွယ်။ သိန်းထောင်နဲ့ ချီပြီး အလွဲသုံးရင် ဘာမှမဖြစ်ပါဘူး။ သူတို့ခေတ်က လူညစ်တွေရဲ့ လက်သုံးအဘိဓမ္မာကတော့ လိမ်ချင်ရင် ကြီးကြီးမားမား လိမ်၊ မစို့မပို့တော့ မလိမ်နဲ့၊ သေးသေးလိမ်ရင် ဂိန်သွားမယ်တဲ့။
ကဲ..ကလေးတို့ရေ ပုံပြင် လေးကတော့ ဒါပါပဲကွယ်။ ဟို တုန်းအခါက ဆရာမတို့ ရွှေပြည် ကြီးရဲ့ ဇာတ်လမ်းတွေကတော့ ပြောမဆုံးပေါင် တောသုံးတောင် ပေါ့ကွယ်။ ကလေးတို့အနေနဲ့ ပုံ ပြင်လေးနားထောင်ပြီးတော့ ထုံး စံအတိုင်း စဉ်းစားကြည့်ပါဦး။ ပုံပြင်ထဲက အစိုးရဟာကောင်းတဲ့ အစိုးရလား၊ မကောင်းတဲ့ အစိုးရ လား။ ဆရာမရဲ့ အမေးမဆုံးခင် မှာ ကလေးတွေဆီက ‘‘ကောင်းတဲ့အစိုးရပါ ဆရာမ’’ဆိုပြီး သံပြိုင်ထွက်လာတယ်။ ဆရာမလည်း ရုတ်တရက်တော့ ကြောင်သွားတယ်။ နောက်ထပ်ပြောလာတဲ့ကလေးတွေရဲ့ မှတ်ချက်ကို ကြားရမှ ဆရာမခမျာ ပြုံးနိုင်ပါတော့တယ်။
‘‘စိတ်ပျက်ဖို့ ကောင်းတဲ့ အစိုးရ’’
‘‘စိတ်ကုန်ဖို့ ကောင်းတဲ့ အစိုးရ’’
‘‘ဖြုတ်ချဖို့ ကောင်းတဲ့ အစိုးရ’’
ကလေးတွေ ဆရာမသံပြိုင် အော်ကြတာ တစ်ခန်းလုံးမှာ ဆူ နေတာပဲ။
အဲ .. အဆုံးသတ်မှာ တောင်းပန်ချင်တာက ဒီသရော် စာကို လာမယ့် နှစ်တစ်ရာကျမှ ဖတ်နေရတာလို့ စိတ်ထဲက မှတ် ပါခင်ဗျ။ ။
(ဖော်ပြပါ သရော်စာသည် စာရေးသူဘစီ၏ အာဘော်သာဖြစ်သည်)
Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/
Post a Comment