0

ACM Re-Post 21-6-2014

သမ္မတ၏ အကြိမ်ကြိမ်ပြောဆိုဆုံးမ ပြုပြင်ပေးမှုများကို မနာခံသဖြင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဇွန် ၂၀ ရက်တွင် ပြောကြားသည်။

ဇွန် ၂၀ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တနားနေချိန်တွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဦးဆန်းဆင့်နှင့် ပတ်သက်သည့် အကြောင်းအရာများကို သတင်းထောက်များအား ပြောကြားရာ၌ ယင်းသို့ထည့်သွင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့က မလွှဲမရှောင်သာ အခုလို အရေးယူဆောင်ရွက်လိုက်ရတာ။ သမ္မတကြီးက သူ့ကိုအရင်ကတည်းက အကြိမ်ကြိမ် ပြောဆိုဆုံးမ ပြုပြင်ပေးခဲ့တာတွေ ရှိတယ်။ ဒါကတော့ နောက်ဆုံးအနေနဲ့မို့ ကျွန်တော်တို့ လုပ်လိုက်ရတာပါ။ သူ့မှာ အပိုင်း နှစ်ပိုင်းရှိပါတယ်။ သာသနာရေးဝန်ကြီး ကိစ္စအနေနဲ့ လုပ်မှာတွေရှိတယ်။ အစိုးရ အဖွဲ့ဝန်ကြီး တစ်ခုအနေနဲ့ လုပ်ရမှာတွေရှိတယ်။ ခင်ဗျားတို့ ကြားနေတဲ့ ရဲစခန်းမှာ အမှုဖွင့်နေတယ်ဆိုတာက အကြောင်းခြင်းရာ များစွာထဲက တစ်ခုပဲရှိပါသေးတယ်။ ကျန်တာတွေကတော့ ပြည်ထဲရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့အတွက်ကြောင့်မို့ လောလောဆယ်မှာ ထုတ်ပြောလို့ မရသေးဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။

ထို့ပြင် ဦးဆန်းဆင့်ကို တာဝန်မှရပ်စဲလိုက်သည့် ကိစ္စတွင် သန္တိသုခကိစ္စမှာ အကြောင်းတစ်ခု အနေဖြင့်သာပါဝင်ပြီး အခြားအကြောင်းအရာ များစွာရှိနေသည်ဟု ဦးရဲထွဋ်၏ ပြောကြားချက်အရ သိရသည်။

ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးအဖြစ် တာဝန်ပေးစဉ်က အဓိက မူဝါဒနှစ်ရပ်ရှိပြီး သာသနာရေးဝန်ကြီးဌာန ၀န်ကြီးအနေဖြင့် ဘာသာရေးလေးခုလုံးကို ဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေးရန် တာဝန်ရှိပြီး ဘာသာများအကြား ညီညွတ်မျှတအောင် ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ ဒုတိယတစ်ချက်အနေဖြင့် လူအများစုကိုးကွယ်သည့် ဗုဒ္ဓဘာသာဝင်များကြား၊ သံဃာတော်များကြား၊ သံဃာတော်နှင့် သံဃမဟာနာယက အဖွဲ့များကြား၊ သံဃာတော်များနှင့် ပြည်သူများကြား အထင်အမြင် လွဲမှားမှုများ မဖြစ်ပေါ်စေရန် သာသနာကို ၀ိနည်းတော်နှင့်အညီ၊ အခြေခံဥပဒေမှ ပြဋ္ဌာန်းထားသည်နှင့်အညီ ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

“သူကိုတာဝန်ပေးပြီးတဲ့ အခါမှာ ပြီးခဲ့တဲ့သူ တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်းမှာ ဦးဆန်းဆင့်အနေနဲ့ အခုနကျွန်တော်ပြောတဲ့ အဓိကမူဝါဒနှစ်ခု အပေါ်မှာ လုပ်ကိုင်ဆောင်ရွက်တဲ့ ဟာတွေမှာ ချွတ်ယွင်းချက်၊ အားနည်းချက်တွေ အများကြီးရှိတယ်။ ဒါတွေကြောင့် တာဝန်ကရပ်စဲ လိုက်ရတာဖြစ်တယ်။ သန္တိသုခကိစ္စကလည်း အကြောင်းတစ်ချက် အပါအ၀င်ပေါ့။ သန္တိသုခဖြစ်စဉ် စပြီးတော့ဖြစ်တဲ့ အချိန်ကတည်းက သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည် ဖော်နိုင်အောင် တစ်ဖက်က ဟိုဘက်နဲ့ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီး အနေနဲ့ကော၊ ဆရာ၊ ဒကာတွေ အနေနဲ့ရော ၀င်ရောက်ဆောင်ရွက်ပေးဖို့ တာဝန်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီကိစ္စ အပါအ၀င် ကျန်တဲ့ကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်နေတဲ့ လူတွေကြားမှာ နားလည်မှု ဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှု ဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့သံဃာတွေ ကြားထဲမှာပါ နားလည်မှုလွဲစေတဲ့ အဖြစ်မျိုးတွေဖြစ်လာတယ်။ တချို့ဟာတွေဆိုရင် သမ္မတကြီးမှာကြားတဲ့ ဟာတွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တယ်ဆိုတဲ့ သဘောမျိုးတွေရှိတယ်။ သတင်းမပို့ဘဲနဲ့ပေါ့” ဟု ဦးရဲထွဋ်က ဆိုသည်။

ဦးရဲထွဋ်က ယင်းကဲ့သို့ ပြောဆိုခဲ့သော်လည်း ဇွန် ၂၀ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်တွင် “မဟာသန္တိသုခ ကျောင်းတော်ကြီးအရေး နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများ ဆုံးဖြတ်ချက်အတိုင်း အစိုးရမှ လိုက်ပါဆောင်ရွက်ခဲ့၊ ဇွန် ၁၀ ရက် အစည်းအဝေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပါဝင်တက်ရောက်” သတင်းကို ဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင် ဖော်ပြထားချက်အရ မဟာသန္တိသုခအရေး ကိုင်တွယ်ဆောင်ရွက်မှုတွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ပါဝင်ခဲ့ခြင်း မရှိသည်ကို တွေ့ရှိခဲ့ရသည်။

မြန်မာသံတော်ဆင့် သတင်းတွင် “ရန်ကုန်မြို့ မဟာသန္တိသုခ ကျောင်းတော်ကြီး အရေးကိစ္စတွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ဆုံးဖြတ်တော်မူသည့်အတိုင်း အစိုးရအဖွဲ့မှ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်က မြန်မာသံတော်ဆင့်သို့ ပြောကြားလိုက်သည်” ဟု ဖော်ပြခဲ့ပြီး “မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလတို့နှင့် ဇွန် ၁၀ ရက်တွင် ကျင်းပသော အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်တို့ ပါဝင်တက်ရောက်ကာ ဆရာတော်ကြီးများ၏ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း သန္တိသုခ ကျောင်းတော်ကြီးကိစ္စ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ဗန်းမော်ဆရာတော်ဘုရားကြီးက သံဃိကပစ္စည်း ဖြစ်နေ၍ ပေးစေယူစေဟု ပြောခွင့်မရှိကြောင်း ၀ိနည်းအရ ဆောင်ရွက်သကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌လည်း ဥပဒေအရ တရားသဖြင့် ဆောင်ရွက်ဖို့လိုကြောင်း၊ သံဃာ့အဖွဲ့အစည်း ပျက်စီးသွားပါက အစိုးရအဖွဲ့အနေဖြင့် လုပ်ရကိုင်ရခက်ခဲ သွားမည်ဖြစ်ကြောင်း သြ၀ါဒပေးခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးအဖွဲ့ ၀န်ကြီးချုပ်က နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့၏ ဆုံးဖြတ်ညွှန်ကြားချက်၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ ထပ်ဆင့်ညွှန်ကြားချက်များအရ ဇွန် ၁၁ ရက်မတိုင်မီ အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ပြီးဖြစ်ပါကြောင်း သံဃကိစ္စ သံဃာဆောင်ရွက်ခြင်းဖြစ်၍ ဓမ္မစက်ကို အာဏာစက်ဖြင့် အကူအညီ အပြည့်အ၀ဆောင်ရွက်ပေးရန် စီစဉ်ပြီးဖြစ်ပါကြောင်း ထည့်သွင်းလျှောက်ထားခဲ့ခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့မှ အရေးယူဆောင်ရွက် ပြီးစီးချိန်တွင် သန္တိသုခ ကျောင်းတော်ကြီး ကိစ္စအတွက် အများပြည်သူသိရှိနိုင်ရန် သာသနာရေးဝန်ကြီးဌာ က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးရန်တို့ကို အစည်းအဝေးမှတ်တမ်းတင်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ တိပိဋကဓရ ဘဒ္ဒန္တ အဂ္ဂဓမ္မက လက်မှတ်ရေးထိုး မှတ်တမ်းတင်ထားကြောင်း သိရသည်” ဟု ဆက်လက်ဖော်ပြခဲ့သည်။

ဇွန် ၁၀ ရက် အစည်းအဝေးသို့ တက်ရောက်ခဲ့သော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် ဗုဒ္ဓဘာသာသမိုင်း၌ ရုပ်ဆိုးအကျည်းတန်စွာ သံဃာများကို အကြမ်းဖက်ဖြိုခွင်းခဲ့ရာ၌ ကွပ်ကဲဆောင်ရွက် ခဲ့သူဖြစ်သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလ သံဃာတော်များနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုသည် တာဝန်အရ ဆောင်ရွက်ခြင်းသာဖြစ်ပြီး မှားယွင်းသည်ဟု တင်ပြလာပြီး ကြိုးပေးမည်ဆိုပါက ခံနိုင်ကြောင်း ဦးမြင့်ဆွေက ၂၀၁၃ ခုနှစ် စက်တင်ဘာ ၈ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် တရားဝင်ထုတ်ဖော် ပြောကြားခဲ့သည်။

“ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ တင်ပြရင် ကျွန်တော်က Ready ပဲ။ ယုတ်စွဆုံး ကုန်ကုန်ပြောရင် ကြိုးပေးရင်လည်း ကျွန်တော်ခံပါ့မယ်” ဟု ဦးမြင့်ဆွေက ဆိုသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှမရပ်စဲမီ တစ်ရက်အလိုတွင် သမ္မတဦးသိန်းစိန်က သာသနာရေးဝန်ကြီးဟောင်း သူရဦးမြင့်မောင်ကို နိုင်ငံတော်သမ္မတ၏ သာသနာရေး အကြံပေးအဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး ဦးစိန်ဝင်းအောင်ကို သာသနာရေး အကြံပေးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပါသည်။

သူရဦးမြင့်မောင်သည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလတွင် သံဃာတော်များအား အကြမ်းဖက်နှိမ်နင်းစဉ်က သာသနာရေးဝန်ကြီးအဖြစ် ထမ်းဆောင်နေသူ ဖြစ်သည့်နည်းတူ ဦးစိန်ဝင်းအောင်မှာ သမ္မတ၏ ခမည်းခမက် တော်စပ်သူဖြစ်ကာ မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

လက်ရှိနိုင်ငံတော်သမ္မတ၏ သာသနာရေး အကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည့် သူရဦးမြင့်မောင်သည် စစ်အစိုးရလက်ထက် သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃအရေးအခင်းနှင့် ပတ်သက်၍ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား အသိပေးလျှောက်ထားသည့် သာသနာရေးဆိုင်ရာ လျှောက်ထားလွှာကို ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၅ ရက် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

အဆိုပါ လျှောက်ထားချက်ထဲတွင် “ယခု လပိုင်း၊ ရက်ပိုင်းကာလများတွင် ပြည်တွင်း၊ ပြည်ပရှိ အဖျက်အမှောင့် လုပ်ဆောင်နေကြသည့် မသမာသူလူတစ်စုက နိုင်ငံရေးသွေးထိုး လှုံ့ဆော်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ၂၀၀၇ ခုနှစ် သြဂုတ် ၂၈ ရက်တွင် စစ်တွေမြို့၌ သံဃာတော်အပါး ၁၄၀ ခန့်မှ ကုန်ဈေးနှုန်းကျဆင်းရေးဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ စတင်၍ ဆန္ဒပြခဲ့ပါသည်ဘုရား။ စက်တင်ဘာ ၅ ရက်၊ ၆ ရက်များတွင်လည်း NLD နိုင်ငံရေး အစွန်းရောက်လူတစ်စုမှ ပခုက္ကူမြို့ရှိ ထင်ရှားကျော်ကြားသော ကျောင်းတိုက်ကြီးများသို့ ၀င်ရောက်ချဉ်းကပ် သွေးထိုးမှုများ ပြုလုပ်ခဲ့သဖြင့် ဒုတိယအကြိမ်မြောက် လမ်းလျှောက် ပရိတ်ရွတ်၊ မေတ္တာပို့သည်ဆိုသော အနုနည်း နိုင်ငံရေးလှုပ်ရှားမှုတို့ဖြင့် ပြည်ပအသံလွှင့် ဌာနများ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ခဲ့ပါသည်ဘုရား” စသည်ဖြင့် ဖော်ပြခဲ့သည်။

တာဝန်မှ ရပ်စဲခံရသည့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ဖမ်းဆီးအရေးယူခဲ့သည့် ပြစ်မှုပုဒ်မ ၄၀၉ သည် ပြည်သူ့ဝန်ထမ်းက ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ ၁၀ နှစ်အထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ဦးဆန်းဆင့်သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂ ရက်က သာသနာရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၏ အကျင့်ပျက်ခြစားမှု သက်သေအထောက်အထားများ မိမိတွင်ရှိနေကြောင်း၊ တပ်မတော်စစ်ရာထူးခန့်ချုပ် တာဝန်ထမ်းဆောင်စဉ်က အဆိုပါ အချက်အလက်များကို မှတ်တမ်းပြုစု ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်ရကြောင်း၊ အချို့သော တိုင်ကြားစာများမှာ ကတ္တီပါဖုံးရွှေစာလုံးများဖြင့် ရေးသားထားသည့် တိုင်ကြားစာများလည်း ပါဝင်ကြောင်း တရားဝင်ထုတ်ဖော် ပြောဆိုခဲ့ပြီး ထိုပြောဆိုချက်သတင်းကို မြန်မာပို့စ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၄ တွင် ဖော်ပြခဲ့ဖူးသည်။

သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားနေသည့် ဦးရဲထွဋ်အား တွေ့ရစဉ်

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top