0

ACM Re-Post 21-6-2014
Written by: ကိုရွှေသိန်း (မြ၀တီ)

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာစစ်ဘေးဒုက္ခသည် ခုနစ်သောင်းကျော်အား နေရပ်သို့ပြန်ပို့ရန် အာဏာသိမ်း ထိုင်းစစ်အစိုးရမှ စီစဉ်လျက်ရှိကြောင်း ထိုင်းနိုင်ငံမှလာသော သတင်းများအရ သိရသည်။

ဇွန် ၁၇ ရက်မှ စတင်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ကွင်းမာလေ့ဓာဟိုတယ် အစည်းဝေးခန်းမတွင် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာအဖီချတ်ဖရိုးဖာနစ် ဦးဆောင်ကျင်းပခဲ့သော မြန်မာဒုက္ခသည်များ နေရပ်ပြန်ပို့ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သုံးရက်မြောက်နေ့၌ မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့ရန်ဆွေးနွေးပွဲ တက်ရောက်သူများက သဘောထားပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်တွင် တိုက်ပွဲများဖြစ်စဉ် ထွက်ပြေးတိမ်းရှောင် လာကြသော ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဒေသအာဏာပိုင်များ၊ UNHCR ဘန်ကောက်ရုံးချုပ်နှင့် မဲဆောက်ရုံးမှ တာဝန်ရှိသူများ၊ ဘားအံမြို့မှ တာဝန်ရှိသူများနှင့် ဒုက္ခသည်စခန်းကိုးခုမှ လုံခြုံရေးဆိုင်ရာတာဝန်ရှိ အဖွဲ့ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းပြည်ထဲရေးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းပြည်တွင်း လုံခြုံရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဒေသလေးခရိုင်မှ ကွပ်ကဲရေးတပ်မှူးများ၊ UNHCR အပါအ၀င် မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ဇွန် ၁၈ ရက်က မယ်လဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာအပြီး၌ ယခုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။

“အရင်ကလည်း ထိုင်းမှာနှစ်ရှည်လများ ခိုလှုံခဲ့ကြတဲ့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက စစ်ပြေးဒုက္ခသည်တွေကို သူတို့တိုင်းပြည်အခြေအနေ ကောင်းမွန်လာတဲ့အချိန်မှာ နှစ်နိုင်ငံအစိုးရတွေ ညှိနှိုင်းဆွေးနွေးပြီး နေရပ်ပြန်ပို့တဲ့ အတွေ့အကြုံရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာဒုက္ခသည်တွေကို အခုလိုအနေအထားမျိုးမှာ နေရပ်ပြန်ပို့တာက အကောင်းဆုံး အနေအထားဖြစ်မှာပါ။ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတာကလည်း မြန်မာနိုင်ငံဆိုတော့ ပိုအဆင်သင့်တယ်” ဟု ထိုင်းတပ်မှူးတစ်ဦးက ၎င်း၏အမြင်ကို ပြောကြားခဲ့ကြောင်း ထိုင်းဘက်မှလာသော သတင်များအရ သိရသည်။

ထိုင်းနယ်စပ် လေးခရိုင်တွင် မြန်မာဒုက္ခသည်စခန်းကိုးခု တည်ရှိပြီး ၁၉၈၄ ခုနှစ်က ထိုင်းဘက်မှ စတင်ခိုလှုံခွင့်ပေးခဲ့ကြောင်း၊ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ပွဲများ အပါအ၀င် ဖြတ်လေးဖြတ်စစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံသား ဒုက္ခသည်များအဖြစ် ထိုင်းနိုင်ငံဘက်သို့ စတင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယခင်က ထိုင်းနိုင်ငံအတွင်း မြန်မာဒုက္ခသည် တစ်သိန်းကျော် ခိုလှုံနေထိုင်ခဲ့ပြီး လက်ရှိဒုက္ခသည် စခန်းကိုးခုတွင် ၇၆၆၅၀ ဦးရှိကာ တာ့ခ်ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်း သုံးခုတွင် မြန်မာနိုင်ငံသား ၄၂၂၁၇ ဦး ခိုလှုံလျက်ရှိကြောင် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသားများအား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တွေ့ရစဉ်

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top