0

ဆူးလေ - ဒဂုံတက္ကသိုလ် ပြေးဆွဲနေသောယာဉ်များ မြောက်ဒဂုံမြို့နယ်အတွင်း တစ်နေရာတွင် ပြေးဆွဲမှုရပ်နားထားသည်ကို စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်များစွာ ပြေးဆွဲမှု ရပ်နား၍ ဆန္ဒပြခဲ့ခြင်းကြောင့် ခရီးသွား ပြည်သူများစွာ ဒုက္ခရောက်ခဲ့ရကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၅ ရက်မှ စတင်၍ မထသ ယာဉ်လိုင်းများဖြစ်သော မထသ ၂၁၃၊ ၁၅၇၊ ၇၄၊ ၄၃ စသည့် ယာဉ်လိုင်းများမှ ယာဉ်အများ စု စတင်ပြေးဆွဲမှု ရပ်နားထားခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ ၁၆ ရက် ၁၇ ရက်များတွင်မူ ထပ်မံ၍  မထသ ၃၉ အထူး၊ ၃၉ ရိုးရိုး၊ ၂၀၄၊ ၅၇ စသည့် ယာဉ်လိုင်းများရှိ ယာဉ်အများစု ပြေးဆွဲမှု ရပ်နားထားခဲ့ခြင်း ဖြစ်ကြောင်း၊ စုစုပေါင်း ယာဉ်အစီးရေ ၁၀၀၀ ခန့်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ယာဉ် အစီးရေ ၄၀၀၀ ကျော် ရှိသည့်အနက် ယာဉ် အစီးရေ ၁၀၀၀ ကျော် ပြေးဆွဲခြင်း မရှိသောကြောင့် ရာခိုင်နှုန်း ၃၀ ခန့် ပြေးဆွဲခြင်း မရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
 ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအတွက် အမှုသေးဒဏ်ကြေး ငွေကျပ် ၁၅၀၀ မှ စက်တင်ဘာလဆန်းတွင် ပြဋ္ဌာန်းလိုက်သည့် မော်တော်ယာဉ် ဥပဒေသစ်အရ စည်ကမ်းဖောက်သည့် အမှုသေး ဒဏ်ကြေးငွေကျပ် ၃၀၀၀၀ အထိ သတ်မှတ်လိုက်ခြင်းကြောင့် ဆန္ဒပြသည့် အနေဖြင့် ခရီးသည်တင်ယာဉ်များ ပြေးဆွဲမှု ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ယာဉ်လိုင်းများ ပြေးဆွဲမှု ရပ်နားခဲ့ခြင်းကြောင့် ၎င်းတို့ကို အားထားစီးနင်းနေရသည့် ခရီးသွား ပြည်သူများ အခက်အခဲ များစွာဖြစ်ခဲ့ရပြီး ရရာကားများကို စီးနင်းရခြင်းများ၊ အငှားယာဉ်များကို စီးနင်းခဲ့ရပြီး လူသွား လူလာနည်းပါးသည့် ကားမှတ်တိုင်များ၌ပင် စောင့်ဆိုင်းနေသည့် ခရီသည်များ ပုံနေခဲ့သည်။
“ကျွန်မက တာမွေမှာ နေတာပါ။အလုပ်ကတော့ ဆူးလေမှာပါ။ ခါတိုင်းဆိုရင် ကားတွေ ကပေါတယ်။ ခုမနက်မှာ ၃၉ ယာဉ်လိုင်းတွေက တော်တော်များများကို မထွက်ကြတော့ ကားစောင့်ရတာ တော်တော် ကြာတယ်။နောက်ဆုံး ရုံးချိန်က တော်တော်နီးလာတော့ တက္ကစီငှားပြီးပဲ လာခဲ့ရတယ်။ဒီလို ကားတွေမထွက်ဘဲ ဆန္ဒပြတာက ကျွန်မတို့လို အခြေခံဝန်ထမ်းတွေအတွက်က တော်တော်ဒုက္ခရောက်တယ်။ အသွား နောက်ကျသလို အပြန်လည်း နောက်ကျတယ်။ ဒီကိစ္စကို မထသက သေသေချာချာကိုင် တွယ်ဖြေရှင်းသင့်တယ်” ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ မအေးသီရိက ပြောကြား သည်။
“ပုံမှန်ဆို ၃၉ အထူးစီးနေကြပါ။ ဒီနေ့စောင့်တာ တော်တော်ကြာတယ် မလားလို့။ အခြားကား ကိုပြောင်းစီးရပါတယ်။ ကားမှတ်တိုင်တွေမှာလည်း လူတွေစုံပြုံနေပါတယ်။ အမှန်ဆို လိုင်းကားတွေက ဒဏ်ကြေးကြောက်ရင် စည်းကမ်းရှိအောင် မောင်းရမှာ။ အခုတော့ အဲဒီလို မဟုတ်ဘဲ ကြောက်လို့ မပြောဘဲ ဆန္ဒပြတာကိုတော့ လုံးဝလက်မခံဘူး” ဟု ဒဂုံတောင်မှ တာမွေသို့ ရုံးတက်ရသည့် ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ဆိုသည်။
အလားတူ တက္ကသိုလ်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း စာမေးပွဲသို့ အချိန်မီ မရောက်ရှိခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကျောင်းသားများက ပြောကြားသည်။
ဒဂုံတက္ကသိုလ်တွင် တက်ရောက်နေသည့် တတိယနှစ် သတ္တဗေဒကျောင်းသား ကိုစိုးထက်ဦးက “ကျွန်တော်ဆိုရင် ၆ နာရီ ခွဲက တည်းက အိမ်ကထွက်လာရတယ်။ တချို့ ၇ နာရီလောက်မှ ထွက်လာတဲ့ သူတွေဆို ကားတွေကိုစောင့်ရင်း ကားမလာတော့ တက္ကစီငှားပြီး သွားရတယ်။ ကျောင်းထဲကို ပြေးနေတဲ့ ကားတွေထဲက အဓိပတိကားတွေဆို တော်တော်များများ မထွက်ဘဲ ဆန္ဒပြနေတော့ ကျောင်းထဲကိုရောက် ဖို့ အတွက် တော်တော်လေးကို အခက်ခဲကြုံရတယ်။ စာမေးပွဲဖြေမယ့် အချိန် က ၈နာရီ ၄၅ ဆိုတော့ တချို့ မိန်းကလေးတွေဆို နောက်ကျတဲ့အတွက် ငိုနေတာတွေ တောင်ရှိတယ်” ဟု ပြောကြားသည်။
အလားတူ သန်လျင် နည်းပညာတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ လှိုင်သာယာ နည်းပညာ တက္ကသိုလ်များတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများလည်း ယင်း အခက်အခဲများကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ထိုသို့သော အခြေအနေများကြောင့် တက္ကသိုလ် အချို့တွင် ကျောင်းကြို့ပို့ယာဉ်များ စီစဉ်ပေးခဲ့ရပြီး အချိန်မီ စာမေးပွဲ ဖြေဆိုနိုင်အောင် လုပ်ဆောင်ပေးခဲ့ရသည်ဟု သိရသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေ အဆင်ပြေအောင် လုပ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြထားတယ်။ မထသဗဟိုကိုလည်း ဆက်သွယ် သတင်းပို့ထားပါတယ်။ ကျောင်းသားတွေအတွက် ဆူးလေ လမ်းကြောင်း၊ တာမွေ လမ်းကြောင်းနဲ့ ဒဂုံတောင်မြောက် လမ်းကြောင်းတွေကို ကျောင်းကနေကား စီစဉ်ပေးထားပါတယ်။ မိတ်ဆွေတွေရဲ့ ကားတွေနဲ့လည်း ဆွဲပေးထားလို့ စာမေးပွဲဖြေဖို့ ကျောင်းသားတွေ အဆင်ပြေသွားပါတယ်။ စားမေးပွဲချိန်ကို အရမ်းကြီး ပြောပလောက်အောင် နောက်ကျတာမျိုးတော့ မရှိခဲ့ပါဘူး။ နာရီဝက်လောက်ပဲ အများဆုံးရှိခဲ့ပါတယ်”ဟု နည်းပညာတက္ကသိုလ် (သန်လျင်) ၏ ပါမောက္ခချုပ် ဒေါက်တာ ကေသီလွင်က ဆိုသည်။
ထိုသို့ ခရီသည်တင် ယာဉ်အစီးရေ၏ ၃၀ ရာခိုင်နှုန်းခန့် မပြေးဆွဲနိုင်ခြင်းနှင့် ပတ်သက်၍ အတိအကျ သိရှိနိုင်ရန် မထသဗဟိုသို့ မေးမြန်ခဲ့ရာ ၎င်းတို့အောက်ရှိ ပြေးဆွဲခြင်းမရှိသော ခရီးသည်တင် ယာဉ်လိုင်းစာရင်း အတိအကျ တင်ပြလာမှု မရှိသေးကြောင်းနှင့် ယာဉ်အစီးအရေကိုလည်း ယခုမှ စာရင်း ကောက်ယူနေဆဲဖြစ်ကြောင်း မထသဗဟို ဥက္ကဋ္ဌ ဦးလှအောင်က စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ပြောကြားသည်။
ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်တစ်စီးအား စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-အောင်ကျော်ထက်)
ထိုသို့ ပြေးဆွဲခြင်း မရှိသောကြောင့် ဒုက္ခရောက်နေရသော တက္ကသိုလ် စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသားများအတွက် စားမေးပွဲ ဖြေဆိုနေသည့် ကာလအတွင်း သီးသန့်ကားကြီးများ စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုပြီး အခြားခရီးသွား ပြည်သူများအတွက်ကို မူ ပြောကြားခဲ့ခြင်းမရှိချေ။
 ထိုသို့ သောအခြေအနေများကြောင့် ဒဏ်ကြေး ၃၀၀၀၀ သတ်မှတ်ခြင်းအတွက် ဥပဒေကို သိရှိနားလည်စေရန် ပညာပေးကာလအဖြစ် သတ်မှတ်ပြီး ဖြေလျှော့ပေးမည်ဖြစ်ကြောင်းကို ယာဉ်လိုင်းများ၏ တပ်ခွဲမှူး၊ ကြီးကြပ်ရေးမှူးများက တာဝန်ယူကာ ယာဉ်မောင်း၊ နောက်လိုက်များ သိရှိစေရန် အသိပေးထားကြောင်းနှင့် ယခုပြေးဆွဲမှု ရပ်နားထားသော မထသ(မြို့တွင်း) အောက်ရှိ ယာဉ်လိုင်းများအား  စက်တင်ဘာ ၁၈ ရက်(ယနေ့) မှ စတင်ကာ အမြန်ဆုံးပြန်လည် ပြေးဆွဲနိုင်ရန်  ညွှန်ကြားထားပြီးဖြစ်ကြောင်း မထသ (မြို့တွင်း) ဒုဥက္ကဋ္ဌ ဦးမင်းဇော်က ဆိုသည်။
“မနေ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်တယ်။ ဒဏ်ကြေး ၃၀၀၀၀ နဲ့ပတ်သက်လို့ ပညာပေးကာလကို အရင်လုပ်ဖို့။ ဒါ အမှုသေးတွေအတွက်ပဲ။ အမှုကြီးတွေကတော့ ပုံမှန်အတိုင်းပဲ။ ပညာပေးကာလကိုလည်း အကန့်အသတ် မထားသေးဘူး။ ဒါကြောင့် သက်ဆိုင်ရာ ယာဉ်လိုင်း တာဝန်ရှိသူတွေကနေ ယာဉ်မောင်း၊ နောက်လိုက်တွေကို စည်းရုံးပြီး မနက်ဖြန်ကစပြီး အမြန်ဆုံးကား တွေ ပြန်ထွက်နိုင်အောင် စီစဉ်နေပါတယ်။ ဒါက ယာဉ်လုပ်သား၊ ယာဉ်မောင်းအချင်းချင်း ပြောပြီး ကြောက်နေကြတာပါ” ဟု မထသ မြို့တွင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းဇော်က စက်တင်ဘာ ၁၇ ရက်က ပြောကြားသည်။
ထို့ပြင် ယခု ဒဏ်ကြေး ၃၀၀၀၀ ဆိုသည်မှာ အမှုသေး အခြေအနေပေါ်မူတည်၍  ပေးဆောင်ရမည်ဖြစ်ပြီး  အကုန်လုံးကို ဆိုလိုခြင်းမဟုတ်ဘဲ ကြောက်စရာ မလိုကြောင်း မထသဗဟိုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ ယာဉ်လိုင်းမှာတော့ စက်တင်ဘာ ၁၅ ရက်ကစပြီး အစီးရေ ၆၅ စီး အနက် ၅၀ ကျော် လောက်မဆွဲခဲ့ဘူး။ အခုတော့ အစီးရေ ၄၀ ပြန်ဆွဲနေပြီ။ ကျန်တဲ့ ၂၅ စီးကတော့ ရဲမှုမရွေးရသေးတဲ့အတွက် မဆွဲနိုင်သေးဘူး။ ကျွန်တော်တို့လည်း ဒီလို မဆွဲရတဲ့အတွက် ၀င်ငွေထိခိုက်ပါတယ်” ဟု မထသ ၁၅၇ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦး က ဆိုသည်။
“ဒဏ်ကြေး ၃၀၀၀၀ က ယာဉ်မောင်း နောက်လိုက်တွေရတဲ့ နေ့တွက်စရိတ်ရဲ့ ခြောက်ဆလောက် ဖြစ်နေတယ်။ ဒါကြောင့် သူတို့ ကြောက်လန့်ပြီး မလာကြလို့ ကားတွေ မဆွဲခဲ့ကြရဘူး။ မနေ့က ဒါနဲ့ ပတ်သက်ပြီး မထသ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လိုင်းတာဝန်ခံတွေ အားလုံး ဆွေးနွေးခဲ့ကြတယ်။ အဲဒီမှာ တင်ပြခဲ့တာက ဒီ ၃၀၀၀၀ ကိုကြောက်ပြီ မပြေးဖြစ်ကြတာ။ ပြီးတော့ ကြိုတင် မကြေညာဘဲ လုပ်လိုက်တော့ ဒီပြဿနာ ဖြစ်လာတာပေါ့”ဟု မထသ ၃၁ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးက  သူ၏ အမြင်ကို ပြောကြားသည်။
သို့သော် စည်းကမ်းလိုက်နာမှု မရှိဘဲ သူ့ထက်ငါ အပြိုင်အဆိုင် လုယက်မောင်းနှင်နေကြသည့် ယာဉ်အချို့ကြောင့် ခရီးသွား ပြည်သူများစွာ စိတ်ဒုက္ခရောက်နေကြရာ ထိုသို့ ဒဏ်ကြေးများ တိုးမြှင့်လိုက်ခြင်းသည် စည်းကမ်း ချိုးဖောက်သည့်ယာဉ်များအတွက် အဟန့်အတားများ ဖြေစေနိုင်ကြောင်း၊ ယခုကဲ့သို့ ယာဉ်များမထွက်တော့ဘဲ ဆန္ဒုပြမှုသည် နည်းလမ်းမှန်မဟုတ်ဘဲ စည်းကမ်းလိုက်နာပါက  ကြောက်စရာ မလိုကြောင်း ရန်ကုန်မြို့ပြဆိုင်ရာ လေ့လာသူတစ်ဦးက သုံးသပ်သည်။
ထို့ပြင် ဆန္ဒပြကာ ပြေးဆွဲခြင်း မပြုသည့် ယာဉ်များက ပြေးဆွဲနေသည့် ယာဉ်များကို ပြေးဆွဲနိုင်ခြင်း မရှိအောင် ခြိမ်းခြောက်ခြင်း အချို့လည်းရှိနေရာ ၎င်းတို့ကိုလည်း တရားစွဲသွားမည်ဖြစ်ကြောင်း မထသ(မြို့တွင်း)ဒုက္ကဋ္ဌ ဦးမင်းဇော်က ဆက်လက် ပြောကြားသည်။
“ဒီကိစ္စကို လက်မခံပါဘူး။ ဒါကတော့ ဖျက်ဆီးတဲ့ကိစ္စ ဖြစ်သွားပြီ။ ကိုယ့်ဘာသာ ကိုယ်ဆန္ဒပြလို့ မထွက်ချင်ရင် မထွက်နဲ့ပေါ့။ သူများထွက်တာဆိုတော့ တားဆီးတာ မလုပ်သင့်ဘူး” ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်လို့ ဒဏ်ငွေဆောင်ရတာ အရေးယူခံရတာကို မကျေနပ်လို့ ယာဉ်လိုင်းတွေ မပြေးဆွဲဘဲ သပိတ်မှောက်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါဟာ ခရီးသွား ပြည်သူတွေကို နစ်နာစေပါတယ်။ ခရီးသွားပြည်သူတွေကို အခက်တွေ့အောင် လုပ်မယ်ဆိုရင် ဒီလိုလုပ်တဲ့ ယာဉ်လိုင်းတွေကို ပြေးဆွဲခွင့် လိုင်စင် အပြီးပိတ်သိမ်းတာတွေ၊ နောက်ထပ်လိုင်စင် ထပ်လျှောက်တဲ့အခါ လက်မခံတာမျိုးတွေ  လုပ်သင့်ပါတယ်။
တကယ်ဆိုရင် ကျွန်တော်တို့ သိသလောက် ခရီးသွား ပို့ဆောင်ရေးကဏ္ဍမှာ ၀င်ရောက် လုပ်ကိုင်ချင်တဲ့သူတွေ၊ အစုအဖွဲ့နဲ့ အများသုံး ဘတ်စ်ကားတွေ တင်သွင်းပြီး လုပ်ကိုင်မဲ့သူတွေ အများကြီးရှိပါတယ်။ ဒီလို ခရီးသွား ပြည်သူတွေကို ကိုယ်ချင်းမစာဘဲ သပိတ်မှောက်ဖို့ လုပ်ကြတဲ့ လူတွေရဲ့နေရာမှာ အစားထိုး လုပ်ကိုင်စေဖို့ မခဲယဉ်းနိုင်ပါဘူး။ အခုလို လုပ်နေတဲ့ ယာဉ်လိုင်းအချို့က ယာဉ်တွေကလည်း ယာဉ်အို၊ ယာဉ်ဟောင်းတွေ များပါတယ်။ ခရီးသွား ပြည်သူတွေအတွက် City Bus အစီးရေ တစ်ထောင်လောက်ကို တစ်လခွဲ လောက်အတွင်း အပြီးတင်သွင်းပြီး လုပ်ငန်းရှင် အသစ်တွေနဲ့ ယာဉ်လိုင်းတွေကို အလျင်အမြန် ထပ်တိုးချဲ့လို့ရ ပါတယ်။
အဲဒီအခါကျရင် ဒီလိုခရီးသွား ပြည်သူကို မကြည့်ဘဲ သပိတ်မှောက်မယ်ဆိုတဲ့ယာဉ်တွေ ရပ်တည်လို့ မရဖြစ်လိမ့်မယ်ဆိုတာ ပြောချင်ပါတယ်” ဟု စီပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

http://news-eleven.com/

Post a Comment

 
Top