0


ရန်ကုန်၊ACM Re-Post 26-5-2014

ဂျပန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အီဝါဆာကီသည် မြန်မာနိုင်ငံသို့ မေလ ၂၆ ရက်နေ့က ပထမဆုံးအကြိမ် ရောက်ရှိလာပြီး နှစ်နိုင်ငံ တပ်မတော်ချင်း ဆက်ဆံရေး ပြန်လည် စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန် ဒုတိယသံအမတ်ကြီး မစ္စတာမာရုယာမက ပြောကြားသည်။

ဂျပန်နိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့ ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး အီဝါဆာကီသည် ဂျပန် ကာကွယ်ရေးဦးစီးချုပ် တစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် လေးရက်ကြာ လာရောက်ခြင်း ဖြစ်ပြီး သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ခရီးစဉ် မှတ်တမ်းအရ သိရသည်။

ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ကဏ္ဍများတွင် ဆက်ဆံရေးကောင်းများ ရှိထားသော်လည်း ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှု မရှိဘဲ နှစ်နိုင်ငံ အလုံးစုံ ဆက်ဆံရေး တည်ဆောက်နိုင်ပြီဟု မဆိုနိုင်ကြောင်း၊ တပ်မတော်အစိုးရ လက်ထက်၌ ကန့်သတ်ချက်များ ရှိခဲ့သော်လည်း ယခုအချိန်တွင် တပ်မတော်ချင်း ဆက်ဆံရေးကို ပြန်လည် စတင်နိုင်ပြီ ဖြစ်ကြောင်း မစ္စတာမာရုယာမက ရှင်းပြသည်။
“တပ်မတော်ချင်း ဆက်ဆံရေး ပြန်စပြီ ဆိုပေမယ့် စစ်ရေးကဏ္ဍတော့ မပါဘူး” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်ကြီး အီဝါဆာကီသည် မြန်မာနိုင်ငံ ကာကွယ်ရေး တက္ကသိုလ်သို့လည်း သွားရောက်မည် ဖြစ်ပြီး တပ်မတော် တပ်ဖွဲ့များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း၊ မေလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့မှ တစ်ဆင့် ဂျပန်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း ခရီးစဉ် အစီအစဉ်တွင် ဖော်ပြထားသည်။

မြန်မာ-ဂျပန် ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေးအဖြစ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ၌ ဂျပန်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှ လေ့ကျင့်ရေး ရေတပ်သင်္ဘော သုံးစင်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ လာရောက်ခဲ့ပြီး ယခုထပ်မံ၍ ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် လာရောက်ခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ရလဒ်အဖြစ် မြန်မာ့တပ်မတော် အနေနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် ဥရောပနိုင်ငံ တပ်မတော် အချို့တို့ နှင့် ဆက်ဆံရေးများ ပြန်လည် စတင်နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သလို စစ်ရေးနှင့် မသက်ဆိုင်သော တပ်မတော် လေ့ကျင့်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

မြန်မာ့တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံသို့ ရဲဘော်သုံးကျိပ်ကို ဦးဆောင်ပြီး သွားရောက် စစ်ပညာသင်ကြားခဲ့ကာ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ကို စတင် ဖွဲ့စည်းခဲ့သည်။

Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top