0

ACM Re-Post 26-5-2014
Written by: သတင်းအယ်ဒီတာအဖွဲ့

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းကို တွင်ကျယ်စွာ ဖြန့်ဖြူးရောင်းချနိုင်ရေး သတင်းစာ၊ ဂျာနယ်များတွင် မဖော်ပြရန် ဥပဒေဖြင့် တားမြစ်ထားသော်လည်း ဖော်ပြဖြန့်ချိမှုများ ရှိနေကြောင်း သိရသည်။

မေ ၂၁ ရက် ညက ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် MILD SEVEN စီးကရက်ကြော်ငြာ ပရိုမိုးရှင်းပွဲနှင့် ပတ်သက်၍ မေ ၂၆ ရက်ထုတ် လျှပ်တစ်ပြက်ဂျာနယ်တွင် ဖော်ပြခဲ့သည်ကို စာဖတ်သူများက ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

ထို့အတူ မေ ၂၆ ရက်ထုတ် မဇ္ဈိမ သတင်းစာ၏ စာမျက်နှာ ၂၂ တွင်လည်း MILD SEVEN မှ ထုတ်ကုန်သစ် မိတ်ဆက်ခြင်းနှင့် ကံစမ်းမဲရွေးချယ်ပွဲ ခေါင်းစဉ်ဖြင့် နှစ်လက်မ သုံးကော်လံခန့် အရွယ်အစားဖြင့် ဖော်ပြခဲ့သည်ကို တွေ့ရသည်။

လျှပ်တစ်ပြက်ဂျာနယ်၏ ကျောဖုံးတွင် မျက်နှာပြည့် ထည့်သွင်းဖော်ပြ ခဲ့ခြင်းဖြစ်ပြီး ယင်းဂျာနယ်၏ စာမျက်နှာ ၁၉ ၌ပင် မျက်နှာပြည့်နီးပါး ထည့်သွင်းဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။ ထိုသို့ဖော်ပြချက်များထဲတွင် “အသက်အရွယ်ရောက်ပြီးသား မြန်မာဆေးလိပ် သောက်သုံးသူတွေနဲ့ နိုင်ငံတကာ အရည်အသွေးမီတဲ့ ပစ္စည်းတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ၀ယ်ယူသောက်သုံးနိုင်ဖို့ အခွင့်အရေး ရှိသင့်တယ်လို့ ယုံကြည်မိပါတယ်။ အဲဒါကြောင့် MILD SEVEN ကို အဲဒီလိုမျိုးတွေ ရရှိအောင် ရောင်းချပေးသွားမှာပါ” ဟူ၍ လျှပ်တစ်ပြက်ဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

“ဆေးလိပ်ကြော်ငြာတွေက တီဗွီတွေ၊ ဗီဒီယိုတွေမှာ မကြော်ငြာရဘူးလို့ တားမြစ်ထားတာပါ။ သက်ဆိုင်ရာဌာနတွေက အရေးယူချင်တယ် ဆိုရင်တော့ တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲဆိုနိုင်ပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၀၃ ခုနှစ် ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်သည့် အပြည်ပြည်ဆိုင်ရာကွန်ဗင်ရှင်း (WHO FCTC) ဥပဒေ အပိုဒ် ၁၃ တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများပါသော ကုန်ပစ္စည်းများ ရောင်းချနိုင်ရန်အတွက် ကြော်ငြာမျိုးစုံပြုလုပ်ခြင်း၊ အရောင်းမြှင့်တင်ရန် စည်းရုံးမှုနှင့် လူမှုရေး၊ ပညာရေး၊ အားကစား၊ ကျန်းမာရေး စသည်တို့ကို ပံ့ပိုးပေးခြင်းများအား အလုံးစုံတားမြစ်ရန် အစီအစဉ်များ ဖော်ပြထားသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို ကြော်ငြာမျိုးစုံ ပြုလုပ်ခြင်းနှင့် အရောင်းမြှင့်တင်ရန် စည်းရုံးခြင်း (Tobacco advertising and promotion) ဆိုသည်မှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများနှင့် ၎င်းတို့အား သုံးစွဲမှုမြှင့်တင်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သောလုပ်ငန်းများ၊ တစ်နည်းအားပေး လှုံ့ဆော်မှုများနှင့် စီးပွားရေးဆိုင်ရာ ကြော်ငြာနည်းမျိုးစုံ ပြုလုပ်ဆောင်ရွက်ခြင်းကို ဆိုလိုကြောင်း “ဆေးရွက်ကြီး ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ပံ့ပိုးခြင်းများ တားမြစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ၌ ဖြန့်ဝေခဲ့သည့် အချက်အလက်များအရ သိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း များနှင့် ယင်းတို့အား သုံးစွဲမှုမြှင့်တင်ရာတွင် လမ်းဘေးဈေးသည်များ အပါအ၀င် လက်လီ လက္ကား ရောင်းချသည့်နေရာများ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ပေါ်ပေါ်ထင်ထင် ပြသရောင်းချခြင်းများကိုပါ အလုံးစုံ ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်မှစ၍ စည်ပင်သာယာရေးဌာနများ အကူအညီဖြင့် ဆေးလိပ် (စီးကရက်နှင့် ဆေးပေါ့လိပ်) ကြော်ငြာဆိုင်းဘုတ်များ ကန့်သတ်ပိတ်ပင်ခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ စာနယ်ဇင်း၊ ရုပ်မြင်သံကြား၊ ရေဒီယိုအသံလွှင့်ဌာနများမှ ဆေးလိပ်ကြော်ငြာများ ထည့်သွင်းကြော်ငြာခြင်းကို လုံးဝပိတ်ပင်ခဲ့ကြောင်းနှင့် ကျောင်းများ၊ ဆေးရုံဆေးခန်း၊ အားကစားကွင်း၊ အားကစားရုံများနှင့် အများပြည်သူ ထင်သာမြင်သာရှိသော နေရာများတွင် ဆေးလိပ်ကြော်ငြာများ၊ ဆိုင်းဘုတ်များ ထားရှိခြင်းကို ပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။

“လျှပ်တစ်ပြက်ဂျာနယ်မှာ ထည့်ထားတဲ့ သတင်းက သတင်းဆိုတာထက် ကြော်ငြာကို အသားပေးသလို ဖြစ်နေတယ်။ ဥပဒေမှာ ဆေးလိပ်ကို ဘယ်လိုနည်းနဲ့မှ ကြော်ငြာခွင့် ပေးမထားပါဘူး။ ဒါဟာဥပဒေအရ အရေးယူလို့ရသလို ရဲအရေးပိုင်တဲ့ အမှုလည်းဖြစ်ပါ တယ်။ သတင်းထည့်သလိုနဲ့ ဆေးလိပ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ကြော်ငြာသလို ဖြစ်တဲ့အတွက် သတင်းစာတိုက်ကိုရော ဆေးလိပ်ကုမ္ပဏီကိုပါ အရေးယူလို့ရပါတယ်။ ဥပဒေ အခန်း (၈) မှာလည်း ဒါကို အတိအလင်း ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်” ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က သုံးသပ်သည်။

မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ-၂၀၀၆ ၏ အခန်း (၈) ပုဒ်မ (၁၁) မှ (၁၆) အထိ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ရောင်းဝယ်ခြင်းအား ထိန်းချုပ်ထားသည့် စည်းမျဉ်းဥပဒေများ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ဥပဒေထုတ်ပြန်သည့်နေ့မှ တစ်နှစ်အကြာ ၂၀၀၇ ခုနှစ် မေ ၂၄ ရက်တွင် ဥပဒေ အသက်ဝင်ခဲ့ကြောင်း သိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ-၂၀၀၆ သည် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်သည့် ရာဇ၀င်တွင် ပထမဦးဆုံးကျယ်ပြန့်စွာ အချက်အလက်စုံလင်စွာ ပါဝင်သော ဥပဒေတစ်ရပ်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ကြော်ငြာမျိုးစုံပြုလုပ်ခြင်း၊ အရောင်းမြှင့်တင်ရန်စည်းရုံးမှု၊ လူမှုရေး-ပညာရေး-အားကစား-ကျန်းမာရေး စသည်တို့အား ပံ့ပိုးပေးခြင်းများ အားလုံးကို လုံးဝပိတ်ပင် တားမြစ်ထားကြောင်း၊ ဥပဒေချိုးဖောက်မှုတွေ့လျှင် ဒဏ်ငွေ၊ ထောင်ဒဏ်နှင့် နှစ်ရပ်စလုံး စသဖြင့် ချမှတ်နိုင်ကြောင်း၊ သို့ရာတွင် ဥပဒေပါအချက်များကို မသိကျိုးကျွန်ပြုလျက် ရှိသကဲ့သို့ အရေးယူမှုများလည်း အားနည်းသည်ကို အခွင့်ကောင်းယူလျက် အရောင်းမြှင့်တင်ရန် စည်းရုံးမှု၊ ကြော်ငြာမျိုးစုံပြုလုပ်ခြင်း၊ ပံ့ပိုးခြင်းများကို နည်းမျိုးစုံသုံးပြီး ဆောင်ရွက်နေသည်ကို တွေ့ရှိနေရကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများနှင့်ပတ်သက်၍ အရောင်းမြှင့်တင်ခြင်း တားမြစ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ အရောင်းမြှင့်တင်ရန် စည်းရုံးမှု၊ ကြော်ငြာမျိုးစုံ ပြုလုပ်ခြင်း၊ ပံ့ပိုးပေးခြင်းများကို လုံးဝတားမြစ်ထားသော်လည်း အခွင့်ကောင်းယူ၍ အရောင်းမြှင့်တင်ရန် စည်းရုံးမှု၊ ကြော်ငြာမျိုးစုံ ပြုလုပ်ခြင်း၊ ပံ့ပိုးမှုပေးခြင်းများကို နည်းမျိုးစုံသုံးပြီး ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ (၂၀၀၆)အခန်း (၈) ပုဒ်မ (၁၁) ပြစ်မှုနှင့် ပြစ်ဒဏ်များတွင် မည်သူမဆို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းကို တွင်ကျယ်စွာ ဖြန့်ဖြူးရောင်းချ နိုင်ရေးအတွက် လူအများသိရှိစေရန် အောက်ပါပြုလုပ်မှု တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပထမအကြိမ် ပြစ်မှုကျူးလွန်ခြင်းဖြစ်ပါက ထိုသူအား ငွေဒဏ်အနည်းဆုံး ကျပ် ၂၀၀၀၀ မှ အများဆုံးကျပ် ၅၀၀၀၀ အထိလည်းကောင်း၊ ဒုတိယအကြိမ်နှင့်အထက် ပြစ်မှုကျူးလွန်ခြင်းဖြစ်ပါက ထိုသူအား နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်အနည်းဆုံးကျပ် ၅၀၀၀၀ မှ အများဆုံးကျပ် ၂၀၀၀၀၀ အထိလည်းကောင်း ချမှတ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ပုဒ်မ (၁၁) အရ အရေးယူနိုင်သော ပြုလုပ်မှုတစ်ခုခုမှာ “(က) ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း၊ ရေးဆွဲဖော်ပြကြော်ငြာခြင်း၊ ကြော်ငြာချိတ်ဆွဲခြင်း၊ ကြော်ငြာကပ်ခြင်း၊ ကြော်ငြာလက်ကမ်း စာရွက်ဝေငှခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ကြော်ငြာခြင်း၊ (ခ) ရေဒီယို၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုတို့ဖြင့် ဖြစ်စေ၊ အဆင့်မြင့် နည်းပညာသုံး ဆက်သွယ်ရေး စနစ်ဖြင့်ဖြစ်စေ လူထုဆက်သွယ်ရေး လမ်းကြောင်းမှ ထုတ်လွှင့်ခြင်း သို့မဟုတ် ပြသခြင်း၊ (ဂ) သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် လက်ကမ်းစာစောင်များတွင် ဖော်ပြခြင်း သို့မဟုတ် ယင်းတို့ကိုဖြန့်ချိခြင်း၊ (ဃ) ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ၏ အမှတ်တံဆိပ်ပါ ပစ္စည်းများကို အခမဲ့ဖြန့်ဖြူးခြင်း၊ ဝေငှခြင်း သို့မဟုတ် လက်ဆောင်ပေးခြင်း၊ (င) အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲ သို့မဟုတ် ပြပွဲကျင်းပနိုင်ရန်ဖြစ်စေ၊ အကျိုးပြုလုပ်ငန်း တစ်ခုခုကို ပြုလုပ်နိုင်ရန်ဖြစ်စေ အထောက်အပံ့ပေးခြင်း သို့မဟုတ် ၀န်ဆောင်မှုပေးခြင်း၊ (စ) လူ့အသုံးအဆောင် ပစ္စည်းတစ်ခုခုတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း၏ အမှတ်တံဆိပ်ကို ဖော်ပြခြင်း၊ (ဆ) အခြားတစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

လျှပ်တစ်ပြက်ဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရစဉ်

Aye Chan Mon Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top