0

ACM Re-Post 29-5-2014

နိုင်ငံတော်သမ္မတက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းတွင် နျူကလီးယားဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အများစုပြင်ဆင်ကာ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့လာကြောင်း မေ ၂၈ ရက်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်မှ သဘောတူထားသည့် တရားရုံးသည် နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ငွေကြေးနှင့် ပစ္စည်းများကို ထုခွဲရောင်းချရငွေမှ ၁၀ ရာခိုင်နှုန်းကို အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ရန်ပုံငွေသို့ လွှဲပြောင်းပေးသွင်းရမည်ဟု ဖော်ပြခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သဖြင့် ပြင်ဆင်သင့်ကြောင်း အကြံပြုထားသည်။

ထို့အပြင် ဥပဒေကြမ်း၏ ပုဒ်မ ၆၃ တွင် ဗဟိုအဖွဲ့သည် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးရန်ပုံငွေကို အောက်ပါရန်ပုံငွေများဖြင့် ထူထောင်နိုင်သည်ဟု ဖော်ပြထားပြီး ယင်းပုဒ်မ ၆၃ ပုဒ်မခွဲ(ခ)တွင် တရားရုံးက လွှဲပြောင်းပေးသွင်းသည့် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ငွေကြေးနှင့် ပစ္စည်းများ၊ ထုခွဲရောင်းချရငွေမှ ၁၀ ရာခိုင်နှုန်းဟု ဖော်ပြခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သဖြင့် ပြင်ဆင်သင့်ကြောင်း မှတ်ချက်ပြုထားသည်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်မှ သဘောတူထားသည့် တရားရုံးသည် နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ငွေကြေးနှင့် ပစ္စည်းများကို ထုခွဲရောင်းချရငွေမှ ၁၀ ရာခိုင်နှုန်းကို အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ရန်ပုံငွေသို့ လွှဲပြောင်းပေးသွင်းရမည်ဟု ဖော်ပြခြင်းသည် . . . . .
အဆိုပါ မှတ်ချက်များအား ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သက်ဆိုင်ရာတိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့က ယင်း၏ရန်ပုံငွေသို့ ဤဥပဒေပါ ပြစ်မှုများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၅) အမှတ်စဉ်(၉)အရ ပေးသွင်းသည့် ငွေကြေးများအနက်မှ ၁၀ ရာခိုင်နှုန်းအောက် မနည်းသော ထောက်ပံ့ငွေဟု ပြင်ဆင်သင့်ကြောင်း အကြံပြုခဲ့သည်။

နိုင်ငံတော်သမ္မတက ဥပဒေကြမ်း၏ ပုဒ်မ ၃ ပုဒ်မခွဲ(ဌ)တွင် ပါရှိသည့် နျူကလီးယားလက်နက် ဆိုသည်မှာ နျူကလီးယားဒြပ်ပစ္စည်းနှင့် ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်း တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည့် လက်နက်ကို ဆိုလိုသည်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နျူကလီးယားလက်နက် ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီမှ ပြုစုထားသော နျူကလီးယား ဒြပ်ပစ္စည်းများအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးမှု ပဋိညာဉ်စာချုပ် ၁၉၈၀ ပြည့်နှစ်တွင် ဖွင့်ဆိုထားသည့် နျူကလီးယား ဒြပ်ပစ္စည်းများပါဝင်သော လက်နက်ကို ဆိုလိုသည်ဟု ပြင်ဆင်သင့်ကြောင်း အကြံပြုထားသည်။

ဥပဒေကြမ်း၏ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဍ)တွင် နျူကလီးယား ဒြပ်ပစ္စည်းဆိုသည်မှာ ပလူတိုနီယံ-၂၃၈ အိုင်ဆိုတုပ်ပါဝင်မှု ရာခိုင်နှုန်း ၈၀ ထက်ပို၍ ပါဝင်သော ပလူတိုနီယံမှ အပဖြစ်သော ပလူတိုနီယံအိုင်ဆိုတုပ်-၂၃၃ (သို့မဟုတ်) ၂၃၅၊ သတ္တုရိုင်း (သို့မဟုတ်) ကြွင်းကျန်သတ္တုရိုင်းမှအပ သဘာဝအလျောက် ဖြစ်ပွားလာသည့် ယူရေနီယံပါဝင်သည့် အိုင်ဆိုတုပ်အရောများ၊ ဖော်ပြပါ ဒြပ်ပစ္စည်းတစ်မျိုး(သို့မဟုတ်) တစ်မျိုးထက်ပို၍ ပါဝင်သော မည်သည့်ဒြပ်ပစ္စည်းများကိုမဆို ဆိုလိုသည်ဟု ပြင်ဆင်သင့်ကြောင်း နိုင်ငံတော်သမ္မတက မှတ်ချက်ပြုထားပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက သမ္မတ၏ မှတ်ချက်အတိုင်း ပြင်ဆင်သင့်ကြောင်း အကြံပြုထားသည်။

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top