0

မော်လမြိုင်၊ မေ ၁

မွန်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဗဟိုဥက္ကဋ္ဌ နိုင်ငွေသိန်းနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးမင်းချစ်ဦးတို့ကို ဧပြီလ ၂၇ ရက်နေ့တွင် ပါတီ၏ ပါတီတာဝန်မှ ရပ်ဆိုင်းလိုက်ပြီး ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောကြားသည်။

ယင်းတို့ နှစ်ဦးအား ပါတီတာဝန်မှ ရပ်ဆိုင်းပြီး ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရခြင်းသည် မွန်ဒီမိုကရေစီပါတီ (MDP) ၏ အမည်ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် မွန်အမျိုးသားပါတီ (MNP) ပါတီအသစ်သို့ ကူးပြောင်းရန် အစီအစဉ် ရှိနေခြင်းကြောင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းကဲသို့ ထုတ်ပယ်လိုက်ခြင်းကြောင့် လစ်လပ်သွားသည့် ပါတီဥက္ကဋ္ဌ နေရာတွင် ဒုတိယဥက္ကဋ္ဌ (၂) နိုင်သိုက်အား ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် AMDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က အတည်ပြုထားသည်ဟု AMDP ၏ အစည်းအဝေး ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ထုတ်ပယ်ခဲ့သည်မှာ မှန်ကြောင်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေးစီ ပါတီနှင့် မွန်ဒီမိုကရေစီ ပါတီတို့ ပူးပေါင်း၍ မွန်ပါတီအသစ် ပြန်ဖွဲ့မည်ကို ကြိုက်နှစ်သက်သူ မရှိသောကြောင့် နုတ်ထွက်သူများလည်း ရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ မွန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်း နိုင်ငွေသိမ်းက ပြောကြားသည်။
“ပါတီနှစ်ခု ပေါင်းပြီး ပါတီအသစ် ပြန်ဖွဲ့ပြီးပြီးလား၊ မဖွဲ့ရသေးဘူးလား ဆိုတာတော့ မသိဘူး” ဟု ၎င်းက ပြောဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေးစီ ပါတီနှင့် မွန်ဒီမိုကရေစီ ပါတီကို ဖျက်သိမ်းပြီး မွန်ပါတီ အသစ်တစ်ခု တည်ထောင်ရန် ဆွေးနွေးခဲ့ကြသော်လည်း၊ ပါတီနှစ်ဖက်လုံးမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် သဘောထား ကွဲလွဲမှုများ ရှိလာခြင်းကြောင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ဖျက်သိမ်းမည် မဟုတ်ကြောင်းနှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးဆုံးသည်အထိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမည်ဖြင့် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ယင်းပါတီမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မွန်နှစ်ပါတီ ပေါင်းစည်းရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲကို မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ အနေနှင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ အထိသာ နောက်ဆုံးထားပြီး တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် နောက်ထပ် ဆွေးနွေးပွဲများသို့ တက်ရောက်သူများသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေနှင့် တက်ရောက်ခြင်း မဟုတ်ကြောင်းကိုလည်း ယင်းပါတီမှ ထုတ်ပြန် ကြေညာထားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင်များသည် အခြားသောပါတီ အသစ်တစ်ခုသို့ ကူးပြောင်းလိုပါက ပါတီ၏ ဖွဲ့စည်းပုံအခြခံ စည်းမျဉ်း ပုဒ်မ (၁၆)၊ ပုဒ်မခွဲ (က) အရ ဗဟို၏ ခွင့်ပြုချက်ဖြင့် နုတ်ထွက်နိုင်ပြီး ယင်းကဲ့သို့ နုတ်ထွက်ခြင်းများကို ၎င်းတို့ပါတီက ကန့်ကွက်မည် မဟုတ်သော်လည်း လူတစ်ဦးတည်းကို ပါတီနှစ်ခုဝင်၍ မရနိုင်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက ယခင်သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

Aye Chan Mon# Credit To :The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top