0

လူထုအကျိုးကို ဆောင်ရွက်တယ်ဆိုတာ ဘယ်သူဆောင်ရွက် ဆောင်ရွက်၊ ဒါ ... ပရဟိတပါပဲ။
(ဒီနေရာမှာ ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက်ပြောချင်တာ တစ်ခုရှိပါတယ်။ ဘယ်သူမဆို ထင်ပေါ်ကျော်ကြားချင်လို့ ပရဟိတ၀င်လုပ်တယ်ဆိုရင်တော့ နေရာမှားနေတယ်လို့သာ ပြောပါရစေ။)
ပရဟိတဆိုတာကိုက ကိုယ့်အတွက် ဘာမှမရနိုင်တဲ့အလုပ်လို့ နားလည်ထားကြရမှာပါ။ စကားအကုန်ပြောရရင် ကုသိုလ်ရတယ်ဆိုတဲ့ အတွေးကိုတောင် ဖယ်ရှားပစ်လိုက်ပါ။
ကိုယ်လုပ်ချင်လို့ လုပ်တာပဲ ဖြစ်ရမယ်။
ကုသိုလ်ရချင်လို့ လုပ်တာမျိုး မဖြစ်စေချင်ဘူး။
ကုသိုလ်မျှော်ပြီး လုပ်တာလည်း ပရဟိတအစစ်မဟုတ်ဘူး လို့ ပြောပြချင်ပါတယ်။ ဥာဏ်ပညာထက်မြက်သူတွေ သဘောပေါက်ကြပါလိမ့်မယ်။
ကိုယ်ချင်းစာစိတ်ကို အခြေခံလိုက်ရုံနဲ့ ပရဟိတလုပ်ငန်းကို လုပ်လို့ရပါပြီ။

ပရဟိတအသင်းအဖွဲ့တွေဝင်မှ သူတစ်ပါးအကျိုးကို ဆောင်ရွက်နိုင်တာ မဟုတ်ပါဘူး။ တစ်ယောက်တည်း လုပ်လို့ရတဲ့ ပရဟိတ လုပ်ငန်းတွေ မြန်မာပြည်မှာ အများကြီး လိုအပ်နေပါတယ်။
တစ်ယောက်ချင်းလုပ်ရမယ့် ပရဟိတအလုပ်တွေကို ကျွန်တော် ဥာဏ်မီသလောက် ပြောပြပါရစေ။
၁။ ဘတ်(စ်)ကားပေါ် နေရာမလုဘူး။ ရထားပေါ်နေရာမလုဘူး။ (ကိုယ်ထိုင်မယ့်နေရာကို တခြားသူတစ်ယောက်ယောက်ကို ပေးလှူခြင်း)။
၂။ လမ်းမပေါ် ကွမ်းတံတွေး မထွေးဘူး။ အမှိုက်မပစ်ဘူး။ (သန့်ရှင်းရေးလုပ်နေသူတွေကို ကူညီတာဟာ ကိုယ်တိုင်ဆောင်ရွက် တာမျိုးပါပဲ။)
၃။ ဘာရောင်းရောင်း အမြတ်ကြီး မစားဘူး။ (အလေးမခိုးဘူး။ အန္တရာယ်ဖြစ်စေတဲ့ဆေးတွေ မသုံးဘူး။)
၎။ ဆရာဝန်ဖြစ်ဖြစ်၊ သူနာပြုဖြစ်ဖြစ်၊ အရာရှိဖြစ်ဖြစ်၊ သူဌေးဖြစ်ဖြစ် ဘယ်သူ့ကိုမဆို စကားကို ချိုချိုသာသာ ပြောဆိုကြရပါမယ်။ (နှုတ်ချိုတယ်ဆိုတာ ဒါနပါပဲ။)
၅။ ဘာဝယ်ဝယ် ဈေးမဆစ်ဘူး။ အပိုမတောင်းဘူး။ (မဏ္ဍပ်ကြီးထိုးပြီး လှူဖို့တောင် ၀ါသနာပါကြသေးတာပဲ။ ဈေးသည် ကို ဈေးမဆစ်ဘဲ၊ အပိုအဆစ်မကောင်းဘဲ ၀ယ်လိုက်တာကိုရော လှူတယ်လို့ သဘောမထားနိုင်ဘူးလား။)
၆။ လူကြီးသူမတိုင်းကို ကိုယ့်မိဘလို သဘောထားမယ်။ (ဂါရ၀တရား)
၇။ မိန်းမသားတိုင်းကို ကိုယ့်နှမလို သဘောထားမယ်။ (စာနာ တရား)
ဆက်ပြောရင်တော့ အများကြီးပေါ့။ ဆရာလုပ်သလိုလည်း မဖြစ်ချင်တော့ လိုရင်းတိုရှင်း နားဝင်ပီယံဖြစ်အောင် ပြောရဦးမယ် ဆိုရင် ...

ကိုယ်စီ အတ္တတွေကို လျှော့ချပစ်နေသူတိုင်းဟာ
ပရဟိတ အသင်းအဖွဲ့ကြီးတွေမှာ မပါဝင် မဆောင်ရွက်နိုင်သော်ငြားလည်း ပရဟိတအလုပ်ကြီးကို လုပ်ဆောင်နေတာပါပဲ။
(အတ္တဖယ်တတ်ရင်ကို ပရဟိတ ဖြစ်သွားပါပြီ။)

မောင်လှမျိုး(ချင်းချောင်းခြံ)
Eternal Light Magazine
May 2014
“လူငယ်နှင့် လူထုအကျိုး”

Post a Comment

 
Top