0

လန်ဒန်၊ မေ ၂၀

အမေရိကန် စီးပွားရေး လုပ်ငန်းများ၏ အချက်အလက်များကို အင်တာနက်မှတစ်ဆင့် ဖောက်ထွင်း ခိုးယူခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် တရုတ် စစ်ဘက်အရာရှိ ငါးဦးကို အမေရိကန် အစိုးရက တရားစွဲဆို လိုက်သည့်ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို တရုတ်အစိုးရက ဆင့်ခေါ်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ယူနစ် ၆၁၃၉၈ အဖွဲ့ဝင်များ ဖြစ်သော တရုတ်စစ်ဘက် အရာရှိငါးဦးသည် အမေရိကန် စီးပွားရေးလုပ်ငန်း ငါးခုနှင့် အလုပ်သမား သမဂ္ဂတစ်ခုမှ အရေးကြီးသော သတင်းအချက်အလက် များကို အင်တာနက်မှတစ်ဆင့် ဖောက်ထွင်းခြင်း (ဆိုက်ဘာ ဖောက်ထွင်းခြင်း) ကို ကျူးလွန်ခဲ့ကြောင်း အမေရိကန် ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါက ထုတ်ပြန် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ စွဲချက်တင်ခြင်းကြောင့် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ တရုတ်လူမျိုးများကို ဆိုက်ဘာ ဖောက်ထွင်းမှုဖြင့် စွဲချက်တင်ခြင်းသည် တရုတ်-အမေရိကန် ပူးပေါင်း ဆောင်ရွက်မှုများကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် တရုတ်-အမေရိကန် ဆိုက်ဘာ အလုပ်အဖွဲ့၏ လုပ်ငန်းများကို တရုတ်ကဆိုင်းငံ့ရန် ဆုံးဖြတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျင်ဝန်းက ပြောကြားသည်။

တရုတ်စစ်တပ်၏ ယူနစ် ၆၁၃၉၈ အဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေး လုပ်ငန်းများနှင့် ပင်တဂွန် စစ်ဌာနချုပ်များကို ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်နေသော အဖွဲ့ဖြစ်သည်ဟု အမေရိကက စွပ်စွဲထားသည်။

ယခု အမေရိကန် အစိုးရက ဆိုက်ဘာ ဖောက်ထွင်းမှုဖြင့် စွဲချက်တင်လိုက်သော တရုတ်စစ်တပ် အရာရှိငါးဦး၏ ဆိုက်ဘာ ဖောက်ထွင်းမှုကြောင့် အမေရိကန် ကုမ္ပဏီများ ဖြစ်သည့် Westinhouse Electric၊ US Steel၊ Alcoa Inc၊ Allegheny Technlogies၊ Solar World နှင့် အမေရိကန် သံမဏိ လုပ်သားများ သမဂ္ဂတို့တွင် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း အမေရိကန် ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါက ပြောကြားသည်။

ထို့ပြင် ၂၀၀၆ မှ ၂၀၁၄ ခုနှစ်အတွင်း ဆိုက်ဘာ ဖောက်ထွင်းခံရမှုကြောင့် အဆိုပါ ကုမ္ပဏီများသည် အကြီးအကျယ် ဆုံးရှုံးခံရပြီး၊ နောက်ထပ် ထိခိုက်ခံရသော ကုမ္ပဏီများလည်း ရှိသေးကြောင်း အမေရိကန် ထောက်လှမ်းရေး FBI က ပြောကြားသည်။
ဥပမာအားဖြင့် အမေရိကန် နေစွမ်းအင်သုံး ပစ္စည်းများ ထုတ်လုပ်သော Solar World ကုမ္ပဏီ၏ ဈေးနှုန်းမဟာ ဗျူဟာနှင့်ဆိုင်သော အချက်အလက်များကို အင်တာနက်မှတစ်ဆင့် ဖောက်ထွင်း ခိုးယူခဲ့ခြင်းကြောင့် ပြိုင်ဘက် တရုတ်ကုမ္ပဏီ၏ ဈေးချိုသော နှုန်းထားနှင့် မယှဉ်ပြိုင်နိုင်ဘဲ ဈေးကွက်ဝေစုများစွာ ဆုံးရှုံးခဲ့ရကြောင်း အမေရိကန် တရားစီရင်ရေးဌာန၏ အမျိုးသား လုံခြုံရေးဌာနခွဲ အကြီးအကဲ ဂျွန်ကာလင်းက ပြောကြားသည်။

ထို့အတူ တရုတ်တွင် နျူကလီးယား ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် တရုတ်အစိုးရပိုင် ကုမ္ပဏီနှင့် ပူးတွဲလုပ်ဆောင်ရန် သဘောတူထားသော အမေရိကန် Westinhouse Electric ကုမ္ပဏီ၏ နျူကလီးယားစက်ရုံ အစိတ်အပိုင်းများနှင့် ပတ်သက်သော လျှို့ဝှက် ဒီဇိုင်းများကို တရုတ်စစ်တပ် ကျောထောက်နောက်ခံ ပေးထားသော ယူနစ် ၆၁၃၉၈ အဖွဲ့က အင်တာနက်မှတစ်ဆင့် ဖောက်ထွင်း ခိုးယူခဲ့သည်ဟု ၎င်းကဆိုသည်။

ဆိုက်ဘာ တိုက်ခိုက်မှုသည် အမေရိကန် လုံခြုံရေးနှင့် စီးပွားရေးကို အမှန်တကယ် ခြိမ်းခြောက်လျက် ရှိကြောင်း အမေရိကန်သမ္မတ အိုဘားမားကလည်း ပြောကြားထားသည်။

ACM Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top