0

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နေချိန်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကျိုင်းတုံ တာဝန်ခံ စိုင်းအိုက်ကိန် (ခ) အိုက်ကျိမ်းအား RCSS/SSAအဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ ကျိုင်းတုံ တာဝန်ခံအား မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ၁၇(၁)ဖြင့် အပြစ်ရှိကြောင်း ၀န်ခံခိုင်းပြီး စာရွက်ပေါ်တွင် အဓမ္မဖိအားပေး ၀န်ခံချက် လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း SNLD ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းနေချိန်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကျိုင်းတုံ တာဝန်ခံအား မတရား အသင်းနှင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ၁၇(၁)ဖြင့် ဖမ်းဆီးခြင်းသည် လက်ရှိပြည်တွင်း ငြိမ်းချမ်းရေးနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ထိခိုက်စေနိုင်ကြောင်း နှင့် နိုင်ငံရေးပါတီများ အတွင်းတွင်လည်း ဝေဖန်မှုများ ရှိနေခဲ့ကာ ယင်းနှင့်ပတ်သက်၍ နယ်ပယ် အသီးသီးမှ နိုင်ငံရေး ကျွမ်းကျင်သူများက အောက်ပါအတိုင်း သုံးသပ်ခဲ့ကြသည်။

ဒေါက်တာတူးဂျာ (ကချင် ဒီမိုကရေစီပါတီ)
“SNLD ပါတီအဖွဲ့ဝင်တွင် အဖမ်းခံထိတယ် ဆိုတာ စိတ်မကောင်းဘူး။ ဒါကြောင့် ပါတီတွေရဲ့ လွတ်လပ်ခွင့်ဟာ၊ ကန့်သတ်မှုများ ရှိသလားလို့တောင် ထင်မြင်မိတယ်။ နိုင်ငံရေး ပါတီတစ်ခုခုက ပါတီဝင်တစ်ဦး၊ အထူးသဖြင့် ပြည်သူလူထုရဲ့ တာဝန်တွေ ထမ်းဆောင်တဲ့ ပါတီတွေ နဲ့ သွားလာ လှုပ်ရှားမှု လုပ်ဆောင်တဲ့ နေရာမှာ ကန့်သတ်မှုတွေ မရှိရင် သိပ်ကောင်းမယ်။ ၁၇(၁) ဥပဒေ ပြဋ္ဌာန်းထားတာ ဒီဟာကို တစ်နိုင်ငံလုံး ၁၇(၁) လုံးဝမရှိရဘူး ဆိုတာတော့ မဟုတ်ဘူး၊ အဖွဲ့စည်းတွေ အပေါ်မှာ ၁၇(၁) ပြဋ္ဌာန်းထားတဲ့ဟာ ရုပ်သိမ်းပေးဖို့၊ အပစ်အခတ် ရပ်စဲပြီးလို့ ကြော်ငြာပေးနိုင်တဲ့ အခြေအနေမျိုး ရောက်လာရင် အဖွဲ့အစည်းတွေပေါ်မှာ ၁၇(၁) ရုပ်သိမ်းပေးတာ လုပ်သင့်တာပေါ့ အခုငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တက်လှမ်းနေတဲ့ အချိန်အခါမျိုးမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ အထူးသဖြင့် အပစ်အခတ် ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါ်မှာတော့ ၁၇(၁)က ရုပ်သိမ်းသင့်တာပေါ့” ဟုပြောသည်။

ဒေါက်တာအေးမောင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)
“ဦးခွန်ထွန်းဦးလည်း ပြောထားတာရှိတယ်၊ သမ္မတကြီးက အစ ပုဒ်မ၁၇(၁)နဲ့ငြိတယ်၊ ဦးရွက်ဆစ်နဲ့ သူတွေ့တာကိုး။ ပွင့်ပွင့်လင်းလင်း ပြောရင် ၁၇(၁)ဆိုတာ အင်္ဂလိပ်ခေတ် ကတည်းက ပြဋ္ဌာန်း ခဲ့တာပေါ့၊ ငြိမ်းချမ်းမှု အခုလို တည်ဆောက်တဲ့ ကာလမှာ မလိုအပ်တော့တဲ့ ဥပဒေအဖြစ် ပယ်ဖျက် ပေးဖို့လိုတယ်၊ အစိုးရကိုယ်နှိုက်ကိုက တောင်းဆိုရမယ်၊ ဒီဥပဒေဟာ အုပ်ချုပ်ရေး အာဏာပိုင်နဲ့ ဒီမိုကရေစီ လမ်းကြောင်းမှာ ပြည်တွင်း ငြိမ်းချမ်းမှုကို အမျိုးသား ရင်ကြားစေ့ရေး အတွက် အင်မတန် အရေးကြီးတာမိုလို့ ဒီဥပဒေကို ပယ်ဖျက်ပေးပါ။ လွတ်တော်က ပယ်ဖျက်လိုက်ရင်ပြီးပြီ၊ ဒီဥပဒေက အကုန်ငြိတယ်၊ ဥပဒေဆိုတာ ကျောသားရင်သား မခွဲရဘူး၊ ၁၇ (၁)နဲ့ ဦးခွန်ထွန်းဦးတို့နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်ကို အရေးယူမယ်ဆိုရင် ကျွန်တော်တို့လည်း တစ်လောက ညီလာခံကျင်းပတဲ့အခါ ၁၇(၁) နဲ့ငြိမယ့် လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ထိုင်ပြီး စကားပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပြည်တွင်းကို လာဖို့ခွင့်ပြုလို့တွေ့တာ ပြည်ပမှာ သွားတွေ့တာ မဟုတ်ဘူး။ အဲဒီတော့ ပြည်ပကို သွားတွေ့နေတဲ့ ဦးအောင်မင်းတို့လည်း ငြိတယ်၊ ဦးတင်အေးလည်း ပြောတယ်၊ ပါတီတစ်ခုကပြည်ပမှာ မတရားအသင်း အဖြစ် သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့တဲ့အခါ တွေ့တဲ့ အထောက်အထားပြတဲ့ အခါ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေအရ ပယ်ဖျက်နိုင်တယ်။ ဦးအောင်မင်းကို ပြည်တွင်းငြိမ်းချမ်းမှု လိုအပ်လို့ တာဝန်ပေးထားရင် တာဝန်ပေးထားကြောင်း ၁၇(၁)ရဲ့ ချွင်းချက်အနေနဲ့ အစိုးရက ကြေညာ ပေးရမယ်။ ၁၇(၁)က မရှိသင့်ဘူး၊ လိုရင်သုံးမယ်၊ မလိုရင်ရင် မသုံးဘူးဆိုတာ မဖြစ်ရဘူး။ ဥပဒေဆိုတာ ကျောသားရင်သား မခွဲရဘူး၊ အမှန်ကတော့ ဒီဥပဒေက မရှိသင့်တော့ပါဘူး” ဟုပြောသည်။

ဦးနိုင်စံလှ (မွန်ဒီမိုကရေစီ ပါတီ)
“၁၇(၁)က လူတစ်ဦး တစ်ယောက်ကို မွှေ့ချင်တဲ့ ပုံစံမျိုးဖြစ်တယ်၊ ရှိသင့်မရှိသင့် ထားသင့် မထားသင့် ဆိုတာ ပညာရှင်တွေလုပ်တာ ပိုကောင်းတယ်၊ ကျွန်တော် မြင်နေတာ၊ ကြုံတွေ့နေတာကတော့ ၁၇(၁)ကို မှီပြီးနှိပ်ကွပ် ခံနေရတာပါ”ဟုပြောသည်။

ဦးထော်လားကံဖား (စည်းလုံး ညီညွှတ်ရေး နှင့် ဒီမိုကရေစီ ပါတီ)
“ဒီမိုကရေစီခတ်မှာ ပြောင်းလဲလာတာနဲ့အမျှ ၁၇(၁)ဆိုတာ ပြည်သူလူထုကနေပြီးမှ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ နေရာမှာလည်း ပြည်သူလူထုက ပါဝင်ပတ်သက်နေတာ ရှိပါတယ်၊ နိုင်ငံတော် အဆင့်လည်း မကြာမကြာ တွေ့နေကြတာပဲ။ တစ်ဖက်က ဥပဒေနဲ့ ကြည့်မယ်ဆိုရင် သူတို့လည်း မလွတ်ပါဘူး၊ သူတို့အပေါ်မှာလည်း ၁၇(၁)နဲ့ စွဲသင့်တာပေါ့၊ အချုပ် ပြောရမယ်ဆိုရင် ၁၇(၁)က မရှိသင့်ဘူး၊ မထားသင့်ဘူး၊ ဒါကို ရှိနေမယ်ဆိုရင်တော့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးကိစ္စ၊ အပစ်အခတ် ရပ်စဲရေးကိစ္စ မဖြစ်နိုင်ဘူး”ဟု ပြောသည်။

ဦးထွန်းကြည် (နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့)
“၁၇(၁)ဆိုတာ မရှိသင့်ဘူး၊ ဒီကြားထဲမှာ ကျိုင်းတုံ SNLD တာဝန်ခံ တစ်ယောက်ကို တရား လက်လွတ် အင်အားသုံးပြီး၊ SPကလည်း မဟုတ်ဘူး၊ (စအဖ)ကလည်း မဟုတ်ဘူး၊ ခလရ (၂၄၅) ကနေပြီး အင်အားသုံးပြီး ဖမ်းသွားတယ်၊ အဲဒီအပေါ်မှာ ကျွန်တ်ာတို့က ပြင်းပြင်းထန်ထန် ရှုတ်ချ၊ ဒီကိစ္စဟာ တကယ့်တကယ်ကျတော့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာရမှာဖြစ်သော်ငြားလည်း အင်အားသုံး ဖမ်းဆီး၊ ၁၇(၁) ပုဒ်မတပ်ပြီး ရဲလက်အပ်တာကတော့ အလွန်တရာမှ အရုပ်ဆိုး အကျည်းတန်ပါတယ်။ RCSS/SSA ဆိုတာက ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲဖို့ လက်မှတ်ထိုးပြီး သွားပါပြီ တကယ်လို့များသာ ကျိုင်းတုံ တာဝန်ခံကို အပြစ်ပေး အရေးယူမယ်ဆိုရင် ရန်ကုန်မြို့ထဲထိ အရောက် NTTCတို့ ကေအိုင်အေက ဗိုလ်ချုပ်ဂွမ်မော်တို့ကို ဖိတ်ခေါ်ပြီး ရန်ကုန်မြို့ထဲမှာ ဆွေးနွေးကြ ညှိနှိုင်းကြတယ်၊ ဒါဆိုရင် ဖိတ်ခေါ်တဲ့ သူတွေကရော ၁၇(၁)နဲ့ မငြိစွန်းဖူးလား၊ ဟိုမှာ RCSS/SSA ဆက်သွယ်တယ် ဆိုပြီးတော့ ၁၇(၁)နဲ့ အပြစ်ပေး အရေးယူမယ်ဆိုရင် ဥပဒေက အလွန်တရာမှ မမျှတပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ အင်အားသုံးပြီးတော့ ဖြေရှင်း နေသမျှ ကာလပတ်လုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မရသလို တရားဥပဒေ စိုးမိုးရေးကလည်း တည်ဆောက်လို့ မရပါဘူး”ဟု ပြောသည်။

ACM Credit To: Tomorrow
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top