0

ACM Re-Post 30-5-2014
Written by: သက်ဆွေ(ပုသိမ်)

ကျောင်းဖွင့်ရက် ရွှေ့ဆိုင်းထားသော ရှောပြာကျေးရွာ အ.ထ.ကကျောင်းအတွင်း ကြွက်သေဆုံးမှုအား တွေ့ရစဉ်
ပုသိမ်မြို့ ရှောပြာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပုံမှန်မဟုတ်သောကြွက် အများအပြားသေဆုံးမှုသည် ဒေသတွင် နေထိုင်သည့်လူများ၏ ကျန်းမာရေးအတွက် တစ်စုံတစ်ရာအန္တရာယ်မရှိကြောင်း သုတေသန စစ်ဆေးချက်များ၏ရလဒ်အရ ဂေဟဗေဒပညာရှင် ဒေါက်တာညိုမီထွေးက ပြောကြားသည်။

“ကျွန်မတို့ အဲဒီဒေသကို သွားရောက်ပြီးဖြစ်စဉ်တွေကို စုံစမ်းခဲ့တယ်။ ကြွက်အသေတွေကိုလည်း ကွင်းပြင်ရယ်၊ ရပ်ကွက်ထဲရယ် နေရာနှစ်နေရာခွဲပြီး ဓာတ်ခွဲစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကြွက် အမျိုးမျိုးရှိတဲ့အထဲက သေတဲ့ကြွက်တွေအမျိုးအစားက ကြွက်ဖလောင်းမြီးရှည်မျိုးပါ။ သူတို့ကို ရင်ခွဲစစ်ဆေးတယ်။ ကိုယ်ပေါ်မှာရှိတဲ့ သန်းတွေကို စစ်ဆေးတယ်။ သူတို့မှာ ကပ်ပါးပိုးမရှိဘူး။ပုလိပ်ရောဂါဖြစ်စေမယ့် သန်းမတွေ့ရဘူး။ ဓာတုဗေဒ အဆိပ်သင့်မှု မတွေ့ရဘူး။ ကြွက်တွေသေဆုံးမှုဟာ လူတွေကို အန္တရာယ်ဖြစ်စေလောက်တဲ့ ပိုးမွှားမရှိတော့ လူတွေအတွက် စိုးရိမ်စရာမရှိဘူးလို့ ပြောလို့ရပါတယ်” ဟု ဒေါက်တာညိုမီထွေးက ရှင်းပြသည်။

အရွယ်အစားအားဖြင့် နှစ်လက်မ အရွယ်အစားခန့်သာရှိပြီး အလေးချိန်အားဖြင့် အများဆုံး ၁၄ ဂရမ်သာရှိသည့် ကြွက်ဖလောင်းများသည် ပုသိမ်မြို့ ရှောပြာကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာသုံးရွာတွင် မေ ၂၁ ရက်မှစ၍ ယနေ့ထိ ကောင်ရေတစ်ထောင်ကျော်ခန့် သေဆုံးခဲ့ပြီးနောက် သက်ဆိုင်ရာစိုက်ပျိုးရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ လူအများအန္တရာယ် ရှိ၊ မရှိ အား ကွင်းဆင်းစစ်ဆေးပြီး ရရှိလာသည့်တွေ့ရှိချက် ဖြစ်သည်။

“ဒီကြွက်တွေကို တစ်ခါမှ ဒီလောက်များများစားစား မတွေ့ဖူးပါဘူး။ အိမ်နဲ့အနီးပတ်ဝန်းကျင်မှာ ဒီကြွက်မျိုးတွေ တစ်ကောင်တလေကလွဲလို့ မရှိပါဘူး။ ထူးခြားတာက ကြွက်တွေရဲ့လည်ကုပ်အပေါ်ဘက်မှာ သွေးစို့နေတဲ့ အပေါက်သေး တစ်ပေါက်နှစ်ပေါက် စီတွေ့ရတယ်။ စဖြစ်တဲ့နေ့က အကောင် ၉ဝ လောက်တွေ့ရပေမယ့် နောက်နေ့မှာ တစ်ကောင်နှစ်ကောင်ပဲ တွေ့ရတယ်”ဟု ရှောပြာကျေးရွာမှ ကိုဘဦးက ဆိုသည်။

ကြွက်များသေဆုံးမှုသည် ရှောပြာကျေးရွာရှိ နေအိမ်တိုင်းတွင်ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ ကွင်းနှင့်နီးသည့်ရပ်ကွက်ရှိ နေအိမ်အချို့တွင်သာ သေဆုံးခဲ့ခြင်းဟု သိရသည်။ အဆိုပါ ကြွက်သေများအား ကြောင်နှင့်အခြားသတ္တဝါများမှ စားသုံးခြင်းမရှိဟု သိရသည်။

“ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေဖြစ်တော့ စိုးရိမ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကြောင့်လား၊ အစာအဆိပ်သင့်မှုလား၊ ဒါမှမဟုတ် ရောဂါပိုးကြောင့်လားဆိုတာ ဘာမှသဲသဲကွဲကွဲ မသိရသေးဘူး။ ကျောင်းထဲမှာ ကြွက်တွေသေတာရှိတော့ ကလေးတွေအတွက် စိုးရိမ်တယ်။ စိတ်ချရတဲ့အနေအထားတွေ ဆောင်ရွက်မပြီးမချင်း ကျောင်းမဖွင့်ဖို့ရက် ရွှေ့ဆိုင်းထားတယ်”ဟု ရှောပြာ အထကမှ ကျောင်းအုပ်ကြီး ဦးဗိုလ်ဟိန်းက ပြောကြားသည်။

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top