0

ACM Re-Post 30-5-2014
Written by: နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

အိမ်ခြံမြေဈေးများ အဆမတန်ကြီးမြင့် နေသည်ဟု ဝေဖန်မှုများခံနေရသော လက်ရှိအချိန်တွင် တိုးမြင့်လာသော ငှားရမ်းခအတွက် အိမ်ငှားနေထိုင်နေရသူများ အနေဖြင့် ငှားရမ်းခ ကြီးကြပ်ရေးဝန် (သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး) ထံ သွားရောက်ညှိနှိုင်း ပေးသွင်းနိုင်ကြောင်း ဥပဒေပညာရှင်အချို့ထံမှ သိရသည်။

လက်ရှိမှာ ပြည်သူလူထု၏ ဥပဒေပိုင်းဆိုင်ရာ အသိပညာချို့တဲ့မှုကြောင့် အိမ်ရှင်များက ခြောက်လတစ်ကြိမ် အိမ်ငှားခ တိုးတောင်းနေသည်ကို အိမ်ငှားများ ရင်ဆိုင်နေရသည်။

“ဖြစ်သင့်တာကတော့ အိမ်ငှားတွေအနေနဲ့ ခြောက်လပြည့်လို့ အိမ်လခတိုးကောက်ရင်တောင်မှ တိုးကောက်တဲ့နှုန်းကို မပေးနိုင်ရင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိုယ်ပေးနိုင်မယ့်နှုန်းကို ဥပဒေနဲ့အညီ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးဝန်ဖြစ်တဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံမှာ ပေးသွင်းပါ။ ဒါကိုတစ်ဖက်က အိမ်ရှင်တွေအနေနဲ့ စိတ်ကျေနပ်ခြင်း မရှိလို့ ဥပဒေကြောင်းအရ တရားရင်ဆိုင်မယ် ဆိုရင်လည်း ရင်ဆိုင်နိုင်ဖို့ ကြိုးစားသင့်တယ်။ ငှားတဲ့ အိမ်ရှင်အတွက်လည်း မနစ်နာနိုင်တဲ့ အိမ်လခနှုန်းလေးအတွက် တရားဥပဒေကြောင်းအရ ကိုယ်တိုင်ကြိုးစား ကြည့်သင့်ပါတယ်” ဟု Purple Equity Law Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက ပြောကြားသည်။

မြန်မာလူမျိုးအများစုမှာ အမှုအခင်းဖြစ်ခြင်း၊ တရားရင်ဆိုင်ရခြင်းတို့ကို မလိုလားသဖြင့် နှစ်ရှည်ငှားရမ်း နေထိုင်သူများသာ တရားရင်ဆိုင်လေ့ ရှိကြသည်။

အိမ်ရှင်အိမ်ငှား ဥပဒေဟုခေါ်လေ့ရှိသည့် မြို့ပြငှားရမ်းခများ ကြီးကြပ်ရေးဥပဒေတွင် အိမ်ရှင်ကသော်လည်ကောင်း၊ အိမ်ငှားက သော်လည်းကောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံတွင် စံငှားရမ်းခ သတ်မှတ်စေနိုင်ရန် လျှောက်ထားနိုင်သည်။

အိမ်ဥပစာတစ်ခုအတွက် ငှားရမ်းခကို တိုးမြှင့်ခွင့်ပြုနိုင်သည့် ကိစ္စတွင် အိမ်ရှင်က ငှားရမ်းခကို ပိုတောင်းလိုသည့်အခါ ငှားရမ်းခကြီးကြပ်ရေးဝန် (မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး) ထံမှ စံငှားရမ်းခသတ်မှတ်သည့် သက်သေခံလက်မှတ်နှင့်တကွ ငှားရမ်းခတိုးမြှင့် တောင်းခံရန် ကြံရွယ်ကြောင်း နို့တစ်စာကို အိမ်ငှားအပေါ် ချမှတ်ရမည်ဖြစ်ကြောင်း မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

“အခုက ဥပဒေထဲမှာ ဘာပါမှန်းတောင် မသိပါဘူး။ ခြောက်လပြည့်ရင် အိမ်ရှင်က အိမ်ငှားခတိုးပြီး နောက်ခြောက်လငှားရမ်း စာချုပ်ချုပ်ဖို့ ပွဲစားကလာပြောတယ်။ ကိုယ်မပေးနိုင်ရင် နောက်အိမ်ငှားတစ်ယောက် တက်မယ်ပြောတယ်။ ဒီတော့ကိုယ်တွေက စံငှားရမ်းခတွေ ဘာတွေမသိပါဘူး။ ပေးနိုင်ရင်ပေး၊ မပေးနိုင်ရင် သက်သာတဲ့ အိမ်ကိုပြောင်း ရတာပါပဲ” ဟု မင်္ဂလာတောင်ညွန့်တွင် နေထိုင်သည့် အိမ်ငှားတစ်ဦးက ဆိုသည်။

အိမ်ရှင်အိမ်ငှားများ အနေဖြင့် စံငှားရမ်းခကို ကျေနပ်နှစ်သက်ခြင်း မရှိပါက အိမ်ဥပစာမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ရှိပါက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ အိမ်ရှင်အိမ်ငှားဥပဒေ အာဏာသက်ရောက်ရာ အခြားမြို့ပြဒေသတွင် တည်ရှိပါက နိုင်ငံတော်သမ္မတ သတ်မှတ်သည့် တရားသူကြီးထံသို့ ထပ်မံအယူခံဝင်ခွင့်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့လယ်ရှိ ငှားရမ်းသူများသော တိုက်ခန်းများကို တွေ့ရစဉ်

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top