0

(written by :ဂျေလှသင်)

တကယ်ပြောတာပါ။ ဒီဘက်ကမ်းက လူတွေပဲ အသက်ရှိတယ် မထင်ပါနဲ့။ ဟိုဘက်ကမ်းမှာလည်း သက်ရှိလူသားတွေ ရှိပါတယ်။ ရေမစုံ၊ မီးမစုံ ဒုက္ခတွေသာ အမျိုးစုံတဲ့ ဟိုဘက်ကမ်းမှာ ကျွန်မတို့နေတာပါ။ ရန်ကုန်မြို့ရဲ့ ပန်းဆိုးတန်းသင်္ဘောဆိပ်ကနေ ရန်ကုန်မြစ်ကို ကူးတို့နဲ့ ကူးလိုက်တာ နဲ့ ဟိုဘက်ကမ်း ဒလသင်္ဘောဆိပ် ရောက်မယ်။

ရန်ကုန်မြို့ကြီးပေါ်မှာ လူဦးရေ ခြောက်သန်းကျော်နေသလို ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်ဆို တဲ့ ကားလမ်းတစ်လျှောက် လူဦးရေကလည်း ရန်ကုန်မြို့ထက်တော့ မနည်းပါဘူး။ အဲဒီမြို့ကလူတွေ ကိစ္စမျိုးစုံနဲ့ ရန်ကုန်ကို လာကြရင် အချိန်အတိုဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံး ဒလ-ပန်းဆိုးတန်း ဇက်ရေယာဉ်ကိုပဲ အားထားရတယ်။ အရင်အစိုးရ ဖောက်ခဲ့တဲ့ လှိုင်သာယာဘက်က လမ်းတော့ရှိပါရဲ့ လမ်းဟောင်းလောက် အသုံးမတဲ့။ ဓာတ်ဆီဖိုး ဂရုစိုက်စရာမလိုတဲ့ ကိုယ်ပိုင်ကားသမားတွေ အတွက်တော့ အဆင်ပြေချင် ပြေပါလိမ့်မယ်။ သာမန်ပြည်သူတွေကတော့ ဒလမြို့မှာ ဂိတ်ဆုံးတဲ့ လိုင်းကားတွေနဲ့ သွားလာနေရတုန်း။

စစ်အစိုးရလက်ထက် တစ်လျှောက်လုံး “မြစ်ကိုတွေ့ရင် တံတားဆောက်၊ တောင်ကို တွေရင် လမ်းဖောက်”လို့ ငြာသံပေးပြီး တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင် လုပ်စားလာလိုက်ကြတာ မြစ်တွေကော၊ တောတွေပြောင်၊ တောင်တွေပျောက်သွားတာပဲ အဖတ်တင်တယ်။ ပြည်သူတွေကတော့ ဒုံရင်းပဲ။

ကျိုက်ထီးရိုး ဘုရားဖူးလမ်းကိုကြည့်။ အရင်ကဆို ရွှေရင်မျှော်၊ ရွှေရင်စို့၊ ရေမြောင်ကြီး၊ စိုင်တမော့၊ ဘိုးပြန်တောင်၊ နဂါးပတ် ဆိုတဲ့ တောင်တွေကျော်၊ တောတွေဖြတ် ကြိုးစားပမ်းစား ဘုရားဖူးသွားခဲ့ကြရတာ။ တောတောင်သဘာဝ၊ လျှိုမြောင်စိမ့်စမ်း ရေတံခွန်အလှတွေကို ခံစားပြီး အဖော်တစ်သိုက်နဲ့ ပျော်စရာ ဘုရားဖူးခရီး။ အသက်ကြီးသူ၊ ကျမ်းမာရေးမကောင်းသူတွေအတွက်လည်း အထမ်းသမားတွေ ဝေါစင်တွေနဲ့ တစ်မျိုးထူးခြားတဲ့ ခရီး။ ကျိုက်ထီးရိုးဘုရားဆိုတာ တန်ခိုးသိပ်ကြီးတာ။ ဖူးထိုက်မှ ဖူးရတာဆိုတဲ့ စိတ်ခံစားချက်တွေကို တောင်တက်ကားလမ်းကြီးက လှောင်လိုက်သလို ခံစားလိုက်ရတယ်။ ဘုရားဖူးတွေကို စေတနာထားသလိုလိုနဲ့ လမ်းကြောတစ်လျှောက် ရှင်းပစ်လိုက်တဲ့ သစ်တောသယံဇာတတွေကို လိုချင်လို့ ရမယ်ရှာတာက ပိုများပါတယ်။

ရန်ကုန်မြို့ရဲ့ အထင်ကရ လှည်းတန်းခုံးကျော်တံတားကြီးကို ကြည့်ဦးမလား။ ပြည်သူအဆင်ပြေရေးထက် အစိုးရနဲ့ ပနံရတဲ့ ခရိုနီအလုပ်ဖြစ်ဖို့ လုပ်ကြတာ။ ပြည်သူကတော့ အထင်တွေကြီးလိုက်တာ မဆောက်ခင်ကျပ်တော့ မဆောက်ရသေးလို့ မျှော်၊ ဆောက်နေဆဲကျပ်တော့ တံတားပြီးရင် ကောင်းသွားမှာဆိုပြီး မျှော်။ အခု ပြီးသွားတာကြာလှပြီ။ ကျပ်နေတုန်းပဲ။ စေ့စေ့ကြည့် မှ ရေးရေးပေါ်ဆိုသလို ခုံးကျော်တံတားက အများပြည်သူအတွက် ဆိုတာထက် VIP တွေ သွားလာတဲ့အခါ လှည်းတန်းမီးပွိုင့်နဲ့ မတိုးအောင် မင်္ဂလာဒုံလေဆိပ်အတွက် ရည်ရွယ်မှန်း သိရတော့မယ်။

အခု လှိုင်သာယာ-တွံတွေး လမ်းကြီးလည်း ထိုနည်းလည်းကောင်းပါပဲ။ လမ်းဘေးတစ်ဖက်တစ်ချက် ရွာနီးချုပ်စပ်က လူအနည်းငယ်အတွက်ပဲ အသုံးတည့်ပါတယ်။ ဟိုဘက်ကမ်းက လူအများစုကတော့ ဒလ- ပန်းဆိုးတန်း ဇက်ကို အားထားနေရတုန်း။ ၂ဝ၁၃ ခုနှစ်ထဲမှာ တံတားနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်ရောင်ခြည်လေး ပေါ်ခဲ့ဖူးတယ်။ ကိုရီးယားနိုင်ငံက တံတားအင်ဂျင်နီယာတွေ လာတိုင်းထွာတွက်ချက် နေကြပြီ။ ကမ်းနေရာ ရွေးနေကြပြီ။ ခရုပတ်ပုံစံ ဒီဇိုင်းဆောက်မယ်။ အဲဒီလိုသတင်းတွေ ဖတ်ရတော့ ပျော်လိုက်တာ။ စိတ်ကူးထဲက အိပ်မက်တံတားကြီး တကယ်ဖြစ်တော့မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ နေ့စဉ်ခံစားနေရတဲ့ ရေလမ်းခရီးနဲ့ မတော်တဆဖြစ်ရင်ဆိုတဲ့ ကြောက်စိတ်တွေကို မခံစားချင်တော့ဘူးလေ။ မြန်မြန်အကောင်အထည်ဖော်ပါစေ ဆုတောင်းပေမယ့် ဆုတောင်းမပြည့်ခဲ့ဘူး။

ဒလမြစ်ကူးတံတားစီမံကိန်း မလုပ်ဖြစ်တော့ဘူးဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ စိတ်ဓာတ်ကို ကျသွားတာပဲ။ ဘာကြောင့်ပါလိမ့်လို့ စပ်စုလိုက်တော့ မြေဈေးတွေ တက်ကုန်လို့တဲ့။ ဒလမြို့မှာ မြေရှင်တွေဆင်းပြီး ဈေးကစားလိုက်တာ မြေဈေး ကမောက်ကမ ဖြစ်ကုန်တာနဲ့ အဲဒီစီမံကိန်း ရပ်လိုက်ရတယ်ဆိုတော့ စိတ်ထဲမကောင်းလိုက်တာ။ ဆောက်သင့်တဲ့ တံတားကို ဘာလို့မဆောက်ရတာလဲ။ လူထုအတွက် တကယ်အရေးပါတဲ့ စီမံကိန်းကို ဘာလို့ရပ်ပစ်ရတာလဲ။ အခု သစ်ထူးလွင် Blogကို ဖတ်မိမှပဲ အဖြေပေါ်တော့တယ်။

ရန်ကုန်-ဒလ တံတားစီမံကိန်း ရပ်သွားရတာကို လေ့လာနေသူတစ်ဦးရဲ့ အပြောကို ကိုးကားထားပါတယ်။ “ခရိုနီနှစ်ယောက်ရဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှစ်ခုက ရန်ကုန်မြစ်ထဲမှာ ရှိနေတယ်။ ရန်ကုန်-ဒလ တံတားဆောက်ရင် သူတို့ဆိပ်ကမ်းတွေဆီ နိုင်ငံတကာသင်္ဘောတွေ မဝင်နိုင်တော့မှာစိုးလို့ တံတားအမြင့်ကို ဘယ်လောက်ရှိရမယ်ဆိုပြီး ဖိအားပေးတာကြောင့် ဆောက်ပေးမယ့် ကိုရီးယားအစိုးရက ဘတ်ဂျက်မမီတော့ဘဲ နောက်ဆုတ်သွားတာ ခေတ်မီတဲ့နိုင်ငံတိုင်း မြစ်ထဲမှာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွေ မရှိတော့ပေမယ့် အခုတော့ အေးရှားဝေါလ်နဲ့ မြန်မာ့စက်မှုဆိပ်ကမ်း နှစ်ခုက ရန်ကုန်မြစ်ထဲမှာ ရှိနေတယ်။ အစိုးရတာဝန်ရှိသူတွေကို အိတ်ထဲထည့်ထားတော့ ဘာစီမံကိန်းလုပ်လုပ် သူတို့အကျိုးစီးပွား မထိခိုက်အောင် လုပ်နေတဲ့သဘော ရှိတယ်”။ ကဲ ကောင်းကြသေးရဲ့လား။ ဟိုဘက်ကမ်းက လူတွေရဲ့အသက်က ခရိုနီတွေရဲ့လက်ထဲမှာပါလား။

ကိုရီးယား ကူးတို့သင်္ဘော ဧပြီ ၁၆ ရက် ကနစ်တော့ စီးနင်းသူ ၄၇၆ ယောက်၊ ကယ်ဆယ်နိုင်လိုက်တာ ၁၇၂ ယောက်၊ ၃ဝ၄ ယောက် ပျောက်နေတယ်။ ကားအစီး ၁၅ဝ ပါတယ်။ ပျောက်နေတဲ့အထဲ ကျောင်းသား ကျောင်းသူ ဘယ်နှယောက်ဆိုတာ နာရီပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့တယ်။ ကျွန် မ ဒလကူးတို့ကို မျက်စိထဲ မြင်မိတယ်။ စနစ်တကျ လက်မှတ်ဖြတ်ရောင်းတာ မရှိ။ သင်္ဘောခံနိုင်ဝန် ဘာမှန်းမသိ။ ဘယ်လောက်ပဲ ကုန်တင်ရမယ်။ လူဘယ်နှယောက်ပဲ စီးခွင့်ရှိမယ်ဆိုတာလည်း မရှိ။ မသိ။ အန္တရာယ်ကင်းအောင် စစ်ဆေးသူလည်း မရှိ။ စီးတဲ့သူက လေးငါးရာ။ အသက်ကယ်ဘော ကွင်းတွေနဲ့ အသက်ကယ်အင်္ကျီက တစ်ရာတောင်မပြည့်။ သက်ဆိုင်သူများ ကြည့်လုပ် ကြပါဦး။

စိတ်ပူတတ်ရန်ကောလို့တော့ မပြောပါ နဲ့။ ပူတယ်ဆိုတာ ကြုံဖူးလို့ပါ။ ပန်းဆိုးတန်း- ဒလကူးတို့ယာဉ် “တိုးဧ” နစ်ဖူးတယ်။ လူတွေ ရာချီသေဖူးတယ်။ အဲဒီ ရန်ကုန်မြစ်ထဲမှာ။ မေ့မထားကြပါနဲ့။ ရန်ကုန်-သန်လျင် ကူးတို့ “တိုင်းလုံးကျော်” နစ်ဖူးတယ်။ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့တွေ လက်ညှိုးညွှန်ရာ နာရေးအိမ်ဖြစ်ခဲ့ရတယ်။ ဖြစ်စဉ်နှစ်ခုစလုံးမှာ သေဆုံးသူအရေအတွက်ဆိုတာ အလောင်းတွေကိုရေပြီးမှ ပြောနိုင်ခဲ့တာ။ တင်ကတည်းကိုက နေရာရှိသရွေ့ တင်ခဲ့ကြတာကိုး။ ဘယ်ကိစ္စမဆို ဖြစ်မှထလုပ်ကြတာထက် မဖြစ်ခင်ကာကွယ်တာ အကောင်းဆုံးပါ။

တောင်ကိုရီးယား သမ္မတကြီးကတော့ ပြည်သူကို တောင်းပန်လိုက်တာ။ တန်ဖိုးရှိတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ အတွက် အစိုးရအဖွဲ့အနေနဲ့ စိတ်ထိခိုက်ရပါတယ်။ သိပ်ပြီး ဝမ်းနည်းပါတယ်တဲ့။
မေ ၈ ရက် ရုံးဆင်းချိန်တိုက်တဲ့ လေပြင်းမျိုး ရန်ကုန်မြစ်ထဲ မွှေလိုက်လို့ကတော့ ဝမ်းနည်းရုံမက မျက်ရည်နဲ့ မျက်ခွက်တွေ ဖြစ်ကုန်ကြလိမ့်မယ်။ ဒီဘက်ကမ်းက ခရိုနီတွေသိထားဖို့က ဟိုဘက်ကမ်းမှာနေကြတာလည်း လူတွေပါပဲဆိုတာ သတိရကြပါ။

(ပန်းဆိုးတန်းဆိပ်ကမ်း ကူးတို့သင်္ဘော ဆိုက်ကပ်ချိန်မြင်ကွင်း)

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top