0

(written by : မြမြင့်မိုရ်)

ပြဿနာက အဲဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်ကတည်းက ကျွန်တော်တို့လမ်းထဲ မီးပျက်သွားသည်က စသည်။ ညပိုင်းအထိ မလာ။ အဲ တစ်ညလုံးပဲပြောပါတော့။ တစ်ရပ်ကွက်လုံးလာသည်။ ပျက်လည်း ခဏ။ ၁ဝ မိနစ်၊ ၁၅ မိနစ်။ ပြီးတော့ ပြန်လာသည်။ ကျွန်တော်တို့ လမ်းပဲ မလာ။ ရှေ့လမ်း၊ နောက်လမ်း၊ ဘေးလမ်းတွေ ထွက်ကြည့်တော့ မီးတွေ ထိန်ထိန်ညီးလို့။ အဲဒါနဲ့ ကျွန်တော်တို့က မြို့နယ်လျှပ်စစ်ရုံးကို အကျိုးအကြောင်းသိချင်၍ ဖုန်းခေါ်သည်။ သံရှည်မြည်ကာ ဖုန်းဝင်သည်။ တာဝန်ခံတစ်ယောက်ယောက်တော့ ဖုန်းကိုင်လိမ့်မည်။ အကျိုးအကြောင်း ပြောလိမ့်မည်ဟု ထင်ထားသည်။ သို့သော် တစ်ယောက်မျှမကိုင်။ ဒါနဲ့ ဆက်တိုက်လိုလို နားကာနားကာ ဆက်သည်။ အကြိမ်ပေါင်း ၄ဝ ကျော် ၅ဝ လောက်ဖြစ်သွားသည်။ မကိုင်။ အင်း မြို့နယ်လျှပ်စစ်ရုံးကို ကိုယ်လို မီးမလာတဲ့ ရပ်ကွက်တွေက ဆက်နေကြသည် ထင်သည်။ ဒါနဲ့ တစ်မျိုးစဉ်းစားသည်။ ကျွန်တော် Hand Phone Lists ထဲပြန်ရှာတော့ လျှပ်စစ်ရုံး Head-Quarter ကိုတွေ့၍ အကူအညီရလိုရငြား ဖုန်းလှမ်းဆက်ကြည့်သည်။ ဖုန်းဝင်သွားသည်။ အမျိုးသမီးတစ်ဦးအသံကြားရပြီး အမျိုးသားတစ်ဦးကို ဖုန်းလွှဲပေးလိုက်ပုံရသည်။ ကျွန်တော်က ကျွန်တော်တို့ရပ်ကွက် မီးလာပြီး ကျွန်တော်တို့လမ်း မီးမလာ။ သူများတကာလာပြီး ကိုယ့်လမ်းက မလာတော့ စိတ်ထဲကလိကလိ ဖြစ်မိကြောင်း၊ မြို့နယ်လျှပ်စစ်ရုံးကိုလည်း ဆက်မရ၍ လှမ်းပြီး အကူအညီတောင်းခြင်းဖြစ်ကြောင်း ဟာသနှောကာ ပြောလိုက်သည်။ တစ်ဖက်က သက်ဆိုင်ရာမြို့နယ်ရုံးကို အကျိုးအကြောင်း လှမ်းမေးပေးမည်ဟု ရင်းရင်းနှီးနှီးပြန်ပြောသည်။ ဒီလောက်တုံ့ပြန်မှုရှိလျှင် မဆိုးလှဟု စိတ်ထဲ နည်းနည်းကျေနပ်သွားသည်။ ဒါနဲ့ နာရီဝက်လောက်နေတော့ Head-Quarter ကို လှမ်းဆက်သည်။ ဖုန်းဝင်သည်။ မကိုင်။ ထပ်ထပ်ဆက်သည်။ မကိုင်။ လုံးဝမကိုင်တော့။ ကဲ မှတ်ကရော။ သဘောပေါက်လိုက်ပြီ။ ဒီပုပ်ထဲက ဒီပဲတွေပါပဲလား။

ဘာဖြစ်လို့ ဖုန်းမကိုင်တာလဲ။ ကျွန်တော့်မှာ တစ်နွယ်ငင် တစ်စင်ပါတွေ တွေးတော့သည်။ အဲဒီဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ အပို အလုပ်လာရှုပ်သူတွေလို့ ကျွန်တော်တို့ကို ထင်နေတာလား။ ကျွန်တော်တို့က လျှပ်စစ်ရုံးကို ရစ်တာမဟုတ်။ မီးက ဘာဖြစ်လို့ ပျက်တာလဲ။
သိချင်ရုံ။ ချက်ချင်းပြင်လို့ရ ရင်ပြင်။ ပြင်လို့မရရင်စောင့်။ ဒါပဲရှိတာပဲ။ တစ်ခါတစ်ရံ သတင်းစာထဲ ဖတ်ရသည်။ ဘယ်နေ့ဘယ်ရက် ဘယ်အချိန်တွေမှာ လျှပ်စစ်မီး ပြတ်တောက်မည်။ ဘာဖြစ်လို့ပေါ့။ ကျွန်တော်တို့နိုင်ငံ၏ ဖွံ့ဖြိုးအောင် တည်ဆောက်နေဆဲအနေအထားကို ကျွန်တော်တို့ သိပါသည်။ ခေတ်အဆက်ဆက် လျှပ်စစ်မီး နှင့်ပတ်သက်၍ ကျွန်တော်တို့ပြည်သူတွေမှာ ခန္တီပါရမီအပြည့်။ ဝန်ထမ်းဆိုသည်မှာ ပြည်သူ့အခွန်ဘဏ္ဍာ စားနေတဲ့သူတွေ။ မေးလျှင် ဖြေရမည်။ ဘယ်နေရာမှာ ပျက်နေသည်။ ပြင်နေသည်။ ပြင်ဖို့စောင့်နေသည်။

အကြောင်းတစ်ခုခုကြောင့် ဌာနဆိုင်ရာ တစ်နေရာကို ပြည်သူတစ်ယောက်က ဖုန်းဆက်လာပြီဆိုလျှင် စက်ပိတ်ထားသည် မကိုင်။ ဖုန်းမြည်သည် မကိုင်။ ဖုန်းကိုင်သည့်တိုင် ကိုင်သူက ဖြေရှင်းခွင့်မရှိလို့၊ အထက်လူကြီးမရှိလို့၊ သက်ဆိုင်ရာတာဝန်ခံမရှိလို့၊ အထက်က
ညွှန်ကြားပိတ်ပင်ထားလို့ စသဖြင့် . . .

ဘာဖြစ်လဲ။ ဒါလေးဖြေရုံပဲ။ အဲဒီလိုသိရတော့ ကျွန်တော်တို့ဘက်က ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရမည်။ စီစဉ်စရာရှိတာတွေ စီစဉ်ရမည်။ အိမ်တွေမှာ မနက်စောစောထမင်း၊ ဟင်း ထချက်ကာ ထမင်းချိုင့်နှင့် နေ့ဆိုင်း အလုပ်ဆင်းရသူတွေ ရှိသည်။ ထမင်းချိုင့်နှင့် ညဆိုင်း အလုပ်ဆင်းရသူတွေ ရှိသည်။ စာကျက်နေတဲ့ ကျောင်းသားလေးတွေ ရှိသည်။ မီးပူတိုက်နေသူတွေ၊ အဝတ်လျှော်နေသူတွေ၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းလက်မှုလုပ်ငန်းကလေးတွေ ရှိသည်။ လျှပ်စစ်မီးနှင့် အလုပ်လုပ်နေသူတွေ တစ်နိုင်ငံလုံး ဒုနဲ့ ဒေး။

တွေးရင်း တွေးရင်း ကိုယ့် ကိုယ်ကိုယ် ပြုံးမိသွားသည်။ ဒါမျိုးက ဒီနိုင်ငံမှာ ဆန်းသလား။ သတင်းစာတွေ၊ ဂျာနယ်တွေမှာ မဖြေသော ဖုန်းတွေ၊ မကိုင်သောဖုန်းတွေနှင့် စက်ပိတ်ထားသော ဖုန်းများအကြောင်း မကြာခဏ ပါတတ်သည်ပဲ။ ဒီနေ့ အဖြစ်အပျက်ကလည်း အဲဒီလို ဖုန်းအမျိုးအစားထဲ ပါသွားလို့ ဖြစ်မှာပေါ့။ အင်း အခွင့်အရေးကျ တော့ အပြည့်အဝမက သာလွန်၍လိုချင်ပြီး တာဝန်ကျတော့ ခေါင်းရှောင်လိုသည့် အကျင့်ဆိုးတွေ ဌာနဆိုင်ရာဝန်ထမ်းတချို့၏ ကိုယ်ထဲတွင် နတ်ဆိုးတစ်ကောက်လို ပူးကပ်နေခဲ့ပြီ။ ဝန်ထမ်းတွေကို အဲဒီလို အဆိပ်ရည် အပြည့်နဲ့ ပုံးတစ်လုံးဖြစ်အောင် ဘယ်လိုစနစ်ဆိုးတွေက ပုံစံသွန်းလောင်းလိုက်သလဲ။

အကြောင်းတွေကတော့ အများကြီးရှိမှာပါပဲ။ ဘယ်လိုပဲရှိရှိ။ အကြောင်းတစ်ခုခုကြောင့် ဌာနဆိုင်ရာ တစ်နေရာကို ပြည်သူတစ်ယောက်က ဖုန်းဆက်လာပြီဆိုလျှင် စက်ပိတ်ထားသည် မကိုင်။ ဖုန်းမြည်သည် မကိုင်။ ဖုန်းကိုင်သည့်တိုင် ကိုင်သူက ဖြေရှင်းခွင့်မရှိလို့၊ အထက်လူကြီးမရှိလို့၊ သက်ဆိုင်ရာတာဝန်ခံမရှိလို့၊ အထက်က ညွှန်ကြားပိတ်ပင်ထားလို့ စသဖြင့် အဖြေမဟုတ်သော အဖြေများကို ကြားရတာ တစ်ကြိမ် မဟုတ်။ နှစ်ကြိမ် မဟုတ်။ တစ်နေရာ မဟုတ်။ နှစ်နေရာ မဟုတ်။ (မီဒီယာတွေက ပိုပြီးသိလိမ့်မည်။)

ဟုတ်ပြီ။ ပြဿနာဖြစ်နေပြီ။ အတည်ပြုရန် မေးတဲ့လူကလည်း မေးပြီ။ အဲဒီလို ဖုန်းမကိုင်ရုံ၊ တာဝန်မဲ့ဖြေရုံ၊ စက်ပိတ်ထားရုံနဲ့ ပြီးရောလား။ အဲဒီလို လတ်တလောရှောင်လွှဲမှု ဆေးမြီးတိုတွေက ပြဿနာဖြေရှင်းနည်းလား။ နောင် ပြဿနာက ကြီးထွားလာခဲ့ပြီဆို ပါတော့။ နောက်ကြောင်းပြန်လိုက်လာတဲ့အခါ တာဝန်မဲ့မှုအတွက် ပြစ်ဒဏ်တွေပေါ်လာလိမ့်မည်။ ကမ္ဘာနဲ့အဝန်း တာဝန်မဲ့မှုများအပေါ် အရေးယူခံရမှုတွေ များစွာရှိခဲ့သည်။ သာဓကတွေလည်း များစွာရှိခဲ့သည်။ အဲဒါကို ဘာကြောင့် သင်ခန်းစာမယူနိုင်ကြတာလဲ။ နီးရာဓားကိုကြောက်ကာ ဖြစ်မှသာ ခံလိုက်တော့မည်။ ယခုတော့ ကြုံသလိုပဲဆိုသည့် ခပ်တိမ်တိမ်အတွေးတွေနဲ့ မိမိသမိုင်းကို ရေးနေကြတာလား။

အဲဒီလို တာဝန်မယူနိုင်ဘဲ အရေးပါသည့် ရာထူးဌာနန္တရများတွင် ရှိနေသောသူတွေနဲ့ နိုင်ငံတော်ကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြမလဲ။ သမိုင်းကြောင်း မကောင်းလျှင် အနာဂတ်နိုင်ငံတော်၊ အနာဂတ်လူ့အဖွဲ့အစည်းကော ကောင်းနိုင်ပါ့မလား။ ဒီလို တာဝန်မဲ့တဲ့ လူ့အမှိုက်တွေ နှင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုတည်ဆောက်ကြမလဲ။ ကြာလျှင် လူ့အမှိုက်များနှင့် ဖွဲ့စည်းထားသောနိုင်ငံကို ကမ္ဘာက နှာခေါင်းရှုံ့လာကြလိမ့်မည်။

အနံ့ဆိုးတို့မည်သည် အမှိုက်ပုံများဆီကသာ ထွက်ပေါ်လာတတ်ပါကြောင်း။

ACM Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top