0

(Written by: ရွှေဒါးမောင်လေးရည်)

နေ့စဉ်နှင့်အမျှ ဆန္ဒထုတ်ဖော်မှု အမျိုးမျိုးက ကျွန်တော်တို့၏ မြင်ကွင်းများ၌ တိုးဝင်လျက် ရှိပေသည်။ အများဆုံး မြင်တွေ့နေရသည်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုများသာပေ။ ထိုပွဲများ၏ နောက်နားဆီမှ ကပ်၍လိုက်ပါ နေသည်ကတော့ အနယ်နယ်အရပ်ရပ်ရှိ မတရားသိမ်းဆည်းခံ တောင်သူလယ်သမားများ၏ ဆန္ဒထုတ်ဖော်ပွဲများပင်။ ဒီနောက်နားဆီမှ ဆက်၍လိုက်ပါသည့် ကိစ္စတစ်ခုက ကျူးကျော်သူများအဖြစ် နာမည်အတပ်ခံရကာ နေအိမ်အဆောက်အအုံ ရပ်ကွက်၊ ကျေးရွာများအား အင်အားသုံးလျက် ဖယ်ရှားခံရသူများပင်။ မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မှ ပြည်သူများ၊ သမီးကလေးကျေးရွာမှ ရွာသူရွာသားများ အပါအ၀င် နေပြည်တော် နယ်မြေဒေသမှ သာသနာရေးဆိုင်ရာ ဘုန်းတော်ကြီးကျောင်း အ၀န်းအ၀ိုင်းသို့တိုင်အောင်ပင် ပျံ့နှံ့ကျယ်ဝန်းလျက် အခြားသော နယ်မြေရပ်ဝန်းများဆီ၌လည်း ဤသို့သော ဖြစ်ရပ်မျိုးများ ရှိနေပါသေးသည်။

ထိုထိုသော ကြောင်းခြင်းရာများကြောင့်လည်း နိုင်ငံနှင့်အ၀န်း ပေါ်ပေါက်လျက်ရှိသည့် ပြည်ထောင်စုအစိုးရအပေါ် အယုံအကြည်မရှိကြောင်း လက်ကမ်းစာစောင်များဖြင့် ဖြန့်ဝေခြင်း လှုပ်ရှားမှုမျိုးများ လူထုအတွင်း ကျယ်ပြန့်လာရခြင်း ဖြစ်ပေသည်။ ဒီမိုကရေစီ၏ အနှစ်သာရများမှာ ပြည်သူအပေါင်း၏ ဆန္ဒလိုအင်များကို အခြေခံ၍ အနည်းစုလူထု၏ သဘောထားများကို အကောင်အထည်ဖော်ဆောင်ရေးသာ ဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံတော်၏ လားရာလမ်းကြောင်းမှာ ဒီမိုကရေစီ နိုင်ငံတော်ဆီ ရှေးရှုချီတက်နေချိန် ဖြစ်ပါသည်ဟူ၍တော့ အပေါ်ထပ်အဆောက်အအုံမှ ပုဂ္ဂိုလ်များ၏ စကားသံများက နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့တိုင် ခရီးဆန့်လျက် မည်သို့ပင် လေလှိုင်းကြား လွင့်ပျံစေဦးတော့ ဒီကနေ့ နိုင်ငံတစ်လွှား မြင်ကွင်းများကို အဖြေရှာကြည့်ခြင်းဖြင့် မည်သည့်အတိုင်းအတာသို့ ရောက်ရှိ မှတ်တိုင်စိုက်နိုင်ခဲ့ပြီ ဆိုသည်ကိုတော့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူ ကိုထင်ကျော်၏ နှုတ်ထွက်စကားသံများက “ကျွန်တော့်တို့ ဒီနေ့က ၁၀ ကြိမ်မြောက်လုပ်တာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး မြို့နယ်တွေတိုင်းမှာ လုပ်သွားဖို့ရှိတယ်။ အဓိက အကြောင်းရင်းကတော့ လက်ရှိပြည်ထောင်စုအစိုးရကို အယုံအကြည် မရှိဘူးဆိုတာရယ်၊ ပြည်သူက သခင်ဖြစ်တယ်ဆိုတဲ့ အကြောင်းကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်။ ဟောပြောတယ်” ဟု ပြောခဲ့ပါတယ်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များပါဝင်လျက် လူထုဟောပြောပွဲကို မေ ၁၇ ရက်တွင် ပြုလုပ်ကြမည်ဖြစ်သည်။ ဟောပြောပွဲများကို ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ၂၀၁၅ ရွေးကောက်ပွဲကာလ မတိုင်မီ ခြောက်လအလိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးစီးအောင် ဆောင်ရွက်ရမည်ဟုလည်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားခဲ့ပြီးဖြစ်ပေရာ စောင့်လင့်ကြည့်ရှုရပေမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ခက်ခဲစေသည်ဟု နိုင်ငံတကာက ပြောကြားထားသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လုပ်ကိုင်ရမည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်ကလည်း ပြောကြားထားခဲ့ပေသည်။

လောလောလတ်လတ် သတင်းကွန်ရက်၌ DVB သတင်းထောက် ကိုဇော်ဖေ၏ ဖြစ်ရပ်က မြန်မာသာမက ကမ္ဘာသို့တိုင် စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် ရွှေဝါရောင်တော်လှန်ရေးကာလမှ DVB သတင်းထောက်အဖြစ် စတင်ခဲ့ပြီး ၂၀၁၀ ခုနှစ်က ဗီဒီယိုဥပဒေဖြင့် ဖမ်းဆီးထောင်သွင်း ခံခဲ့ရသူဖြစ်သည်။ လွန်ခဲ့သည့်လက ဂျပန်ပညာသင်ဆုနှင့် ပတ်သက်၍ သတင်းရယူစဉ် မတရားဖမ်းဆီး ထောင်ချခြင်းခံခဲ့ရသည်။ ဤဖြစ်ရပ်များကြောင့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ ထုတ်ပြန်သည့် သတင်းသူရဲကောင်း ၁၀၀ စာရင်း၌ ထည့်သွင်း၍ ဂုဏ်ပြုခြင်းခံရသူလည်း ဖြစ်ပေသည်။ ဒီဖြစ်စဉ်က မြန်မာနိုင်ငံ၏ စာနယ်ဇင်းလောကသားများအပေါ် ထားရှိသည့် အစိုးရ၏ သဘောထားကို လှစ်ဟပြလိုက်ခြင်းပါပေ။ စတုတ္ထမဏ္ဍိုင်အပေါ် ထားရှိသည့် ရပ်တည်ချက် လင်းလင်းကျင်းကျင်း ရှိလှပါသည်။ သတင်းထောက်မခိုင်ကိစ္စ၊ ယူနတီဂျာနယ် အဖွဲ့သားများကိစ္စ စသဖြင့်လည်း ရှေ့နားဆီက နှိပ်ကွပ်မှု အထောက်အထားများ ရှိခဲ့ပေသည်။

ဒီ့အတွက်ကြောင့်ပင် မတ် ၁၇ ရက်က သမ္မတဦးသိန်းစိန်ထံသို့ နိုင်ငံတကာ ဂျာနယ်လစ်များ စောင့်ရှောက်ရေးအဖွဲ့ CPJ မှ စာတစ်စောင်ပို့ခဲ့ပေသည်။ မြန်မာနိုင်ငံ၌ စာနယ်ဇင်းလွတ်လပ်ခွင့်များ တဖြည်းဖြည်း ဆုံးရှုံးလာပြီး အရင်အစိုးရလက်ထက်က စာနယ်ဇင်းများအပေါ် ဖိနှိပ်မှုများနှင့် ဆင်တူလာကြောင်း CPJ က ပြောကြားခဲ့ပါသည်။ Freedom House က ထုတ်ပြန်သည့် မီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်းတွင် မြန်မာနိုင်ငံက အဆင့် ၇၀ ၌ ရှိနေပါသည်။ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများထဲ၌ အဆင့် ၄၃ ၌ ရပ်တည်မှု ရှိပေသည်။ ဆက်လက်၍လည်း လွတ်လပ်မှုမရှိသေးဟူ၍ မှတ်ချက်ပြုထားပေသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ မီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်းတွင် မြန်မာနိုင်ငံက အဆင့် ၁၄၅ ၌ ရှိနေသည်။ အဆင့် ၁၅၁ မှ ၁၄၅ သို့ ရောက်ရှိလာခဲ့ပြီး မြန်မာ၏ အောက်ဘက်နား၌ ဖိလစ်ပိုင်၊ စင်ကာပူ၊ လာအို၊ ဗီယက်နမ်တို့ ရှိနေပေသည်။ လက်ရှိ မီဒီယာလောကအပေါ် နှိပ်ကွပ်နေမှုများအား သရုပ်ဖော်ထားသည့် ကာတွန်းတစ်ကွက်၌ “ခုရော ဘာတွေဆက်ရိုက်နေလဲ အဘ”။ “အာဏာနဲ့ ကာဗာလုပ်မယ်”။ “လက်ထိတ်နဲ့ မီဒီယာလောက အသံတိတ်စေမယ်” ဆိုသည့် ကာတွန်းဆရာ၏ ရိုက်ချက်ကလည်း ထိမိလှပေသည်။

တစ်ဆက်တည်းမှာပင် မြစ်ဆုံကိစ္စ အပြီးသတ်ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်ဆန္ဒပြ အဖွဲ့များလည်း မြစ်ဆုံဒေသ CPI ရုံးစိုက်ရာ ဒေသအထိ အင်အားပြရန် ထွက်ခွာခဲ့ကြပြီဖြစ်သည်။ ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက် မြို့များမှ ဒေသခံ အများအပြားတို့က ထောက်ခံအားပေးမှု ပြုခဲ့ကြသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ကြရာ မြို့ပေါင်း ၄၀ ရှိပြီ ဖြစ်သည်။ အဖွဲ့ဝင်များ ၈၀ ကျော်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်အောက် နှစ်ဖွဲ့ခွဲပြီးသွားဖို့ စီစဉ်ထားတယ်။ ဘာလို့လဲဆိုတော့ မြစ်ဆုံစီမံကိန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဒေသခံတွေသိအောင် အသိပေး ဟောပြောပွဲတွေ ပြုလုပ်သွားမလို့ပါ။ လူထုပါဝင်လာဖို့ မျှော်လင့်ပါတယ်။ စီမံကိန်းကိုတော့ မေ ၂၃ ရက် ရောက်မယ်လို့ ခန့်မှန်းထားတယ်ဟု ဦးဆောင်သူ ကိုရဲထွဋ်ခေါင်က ပြောကြားခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေအရ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ ဒါပေမဲ့ ပြောလို့မရဘူး။ ပြည်ထောင်စုလွှတ်တော်မှာတောင် ပါဝါပွိုင့်နဲ့ ရှင်းပြချင်ရင် ကြိုတင်ပြစရာ မလိုဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဒီမှာကြိုတင်ပြရတဲ့အပြင် ခွင့်ပြုချက်ရပြီးမှသာ ပါဝါပွိုင့်ကို မိနစ်ပိုင်းအလိုမှာ ပယ်ချခံခဲ့ရတယ်။ နောက်ပြီးတော့ လွှတ်တော်မှာ ပါဝါပွိုင့်နဲ့ တင်ပြမယ့် အချက်အလက်တွေကို လွှတ်တော်မှာတင်ပြချိန်မှာ အစိုးရအဖွဲ့က နားထောင်ပြီး သိရမှာ။ ဒါပေမဲ့ အစိုးရအဖွဲ့ ၀န်ကြီးတွေက ဒါကိုကြိုသိနေတယ်။ ၀န်ကြီးတစ်ဦးက “အန်တီ အဲဒီပါဝါပွိုင့်ကို တင်ထားချိန်မှာ ပါဝါပွိုင့်ထဲက ဘယ်အချက်တွေကို မတင်ပါနဲ့ဆိုပြီး တားမြစ်ပြောဆိုတာ ခံရတယ်။ လွှတ်တော်ကို အစိုးရက လွှမ်းမိုးနေတယ်ဆိုတဲ့ အချက်အလက်ကို ပိုမိုခိုင်မာစေပါတယ်” ဟူ၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက လွှတ်တော်တွင် ဒီမိုကရေစီ ရှင်သန်မှု အနေအထားကို ဖွင့်ဟခဲ့ပေသည်။

ကျွန်တော်တင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြည်သူ့ရင်ပြင်မှာ ထားပေးဖို့ အဆိုတင်သွင်းခဲ့တာ။ ဒီကိစ္စကို ပြည်ထောင်စုအစိုးရထံ တင်ပေးမယ်လို့ ကတိပေးခဲ့တာ။ အခုထိကို မလုပ်ပေးသေးပါဘူး။ ဗိုလ်ချုပ်ကိုပဲ မလေးစားတာလား။ ဒီလိုသာကြာနေရင် နိုင်ငံတော်အတွက် အစိုးရက ဘယ်လိုရှေ့ဆက်လုပ်မလဲဆိုပြီး သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကလည်း ရင်ဖွင့်ခဲ့ပါသည်။ ဆက်၍လည်း လွှတ်တော်အပေါ် အာဏာရှိသူများက လွှမ်းမိုးထားပြီး ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း လွှတ်တော်၌ တင်ပြမှုမပြုကြဘဲ စီမံကိန်းများစွာ အကောင်အထည်ဖော်ဆောင်နေမှုများ ရှိကြောင်းလည်း ကိုယ်စားလှယ်အချို့၏ ဝေဖန်သံများလည်း ထွက်ပေါ်နေပေသည်။ ကိုယ်စားလှယ်များမှ မေးမြန်းထားသည့် မေးခွန်းပေါင်း ၁၄၅၅ ခု အနက်မှ အချို့ကို ပြန်လည်ဖြေကြားမှု မရှိခဲ့ကြောင်းလည်း ပါဝင်လျက်ရှိနေပေသည်။

၂၀၁၄ ခုနှစ် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး Freedom House မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံအကြောင်း ဖော်ပြရာတွင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနှင့် ဒီမိုကရေစီ ပြောင်းလဲမှုများ အရှိန်အဟုန် ရပ်တန့်လာနေပါပြီလားဆိုသည့် မေးခွန်းမျိုးပင် ထုတ်လာခဲ့ပေပြီ။ သို့သော်လည်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီးကတော့ “မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့် ပေမီဒေါက်မီ ရနေပြီ” ဟု ယုံကြည်ကြောင်း ပြောလာခဲ့သည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အစီရင်ခံစာ ညွှန်းကိန်းတွင်လည်း ခက်ခဲသည့် အနေအထားများကို ဖြတ်သန်းနေရဆဲဟု ဖော်ပြထားခဲ့သည်။ နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က မြန်မာနိုင်ငံကို ဆင်ဆာတင်းကျပ်မှု အရှိဆုံး ၁၀ နိုင်ငံစာရင်းမှ ပယ်ဖျက်ပေးခြင်း မရှိသေးပါ။ အတင်းအကျပ်ဆုံး ၁၀ နိုင်ငံစာရင်း၌ မြန်မာနိုင်ငံက နံပါတ်ခုနစ်နေရာ၌ ရှိဆဲပင်။

ဒီမိုကရေစီနိုင်ငံတော်ဆီ ချီတက်နေပါသည်လို့တော့ အသံများကို နားဆင်နေကြရပေသည်။ သို့ပေမဲ့ မြင်နေကြားနေရသည်များက အားရဖွယ်မရှိလှ။ CPJ ၏ အမြင်မှာလည်း မြန်မာနိုင်ငံ၌ စာနယ်ဇင်းလွတ်လပ်ခွင့်များ တဖြည်းဖြည်း ဆုံးရှုံးလာပြီး ယခင်စစ်အစိုးရ လက်ထက်က စာနယ်ဇင်းများအပေါ် ဖိနှိပ်မှုများနှင့် ဆင်တူလာသည်ဟု ဆိုထားသည်။ ပြောမည်ဆိုလျှင် ပြောစရာ ခေါင်းစဉ်တွေ များလွန်းသည်။ လမ်းမများပေါ်မှသည် လွှတ်တော်တွင်အထိ ဒီမိုကရေစီ စံနှုန်းများနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း အလှမ်းကွာဟနေမှုများ။ “ကျွန်တော်ကတော့ ဘာများတတ်နိုင် ဦးမည်နည်း” ဆိုသည့် ဗန်းမော်ဆရာ၏ လက်သုံးစကားလေး တစ်ခွန်းကို ခဏတာ ငှားရမ်းသုံးစွဲ ရတော့မယောင် . . .။

(ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲကို မအူပင်မြို့တွင် မေလဆန်းက ပြုလုပ်စဉ်။ (ဓာတ်ပုံ-အောင်ဇော်ထွန်း))

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top