0

ရာသီအကူးအပြောင်းကာလတွင် အရွယ်မရွေး အပူလျှပ်ခြင်း၊ တုပ်ကွေးဖြစ်ခြင်းများအပြင် ဖျားနာသည့်ကလေးငယ်အချို့၌ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများကို စတင်တွေ့ရှိနေရပြီဖြစ်ကြောင်း အထွေထွေရောဂါကုဆရာဝန်များထံမှ သိရသည်။

လက်ရှိကာလသည် နွေအကုန်မိုးအကူးကာလဖြစ်နေပြီး ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တတ်သည့် ဖျားနာခြင်း၊ တုပ်ကွေးဖြစ်ခြင်းများအပါအ၀င် မိုးရွာသွန်းပြီး ရေကျန်ခြင်းများကြောင့် ခြင်များပေါက်ဖွားလာပြီး ကလေးငယ်များတွင် သွေးလွန်တုပ်ကွေးရောဂါများ စတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

"နေ့အပူချိန်ရဲ့ ပြင်းတဲ့အရှိန်က ကျန်နေသေးပြီး မိုးကဆက်တိုက်များများ မရွာသေးတဲ့အတွက် ရာသီအကူးအပြောင်းကြောင့် ဖျားနာတာ တုပ်ကွေးဖြစ်တာကတော့ ရှိနေတာပေါ့။ ရွာသမျှမိုးရေက ရပ်ကွက်တွေထဲမှာ သိကြတဲ့အတိုင်း အိုင်ပြီးကျန်ခဲ့တယ်။ ရေစီးရေလာမကောင်းတော့ ခြင်တွေပေါက်လာတယ်။ ဒီကတစ်ဆင့် ကလေးတွေမှာ သွေးလွန်တုပ်ကွေးတွေဖြစ်လာတယ်။ အရင်လတွေကလည်း သွေးလွန်တုပ်ကွေးလူနာတွေ တစ်ဦးစနှစ်ဦးစရှိပေမယ့် အခုမိုးရွာတဲ့တစ်ရက်နှစ်ရက်အတွင်းမှာ သွေးလွန်တုပ်ကွေး သံသယလူနာတွေ တွေ့တွေ့လာရတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ရောဂါဖြစ်နှုန်းက သိသိသာသာမြင့်တက်ခဲ့တဲ့အတွက် သတိပြုဖို့တော့ လိုပါတယ်" ဟု မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာစည်သူက ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သွေးလွန်တုပ်ကွေးဖြစ်ပွားသူဦးရေ ၂၀၀၀၀ နီးပါး၊ သေဆုံးသူဦးရေ ၈၀ ကျော်အထိရှိခဲ့ပြီး ကပ်ရောဂါအသွင်ဖြစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၅၅၁ ဦး၊ သေဆုံးသူဦးရေ ၃၂ ဦးအထိရှိခဲ့ပြီး ၂၀၁၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက သေဆုံးသူဦးရေ ခြောက်ဆကျော်အထိ မြင့်တက်ခဲ့ကြောင်း၊ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်မားသည့် ဒေသများမှာ ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့ ဖြစ်သည်။

(သင်္ဃန်းကျွန်းမြို့နယ်အတွင်း အထွေထွေရောဂါကုဆေးခန်းတွင် ဆေးခန်းပြသနေသည့် ကလေးငယ်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်))

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top