ACM Re-Post 25-5-2014
- ချစ်ဝင်းမောင်
ဒီရက်ပိုင်းအတွင်း ဟော့အဖြစ်ဆုံး သတင်းတစ်ပုဒ်ကတော့ နေပြည်တော် အမြန်လမ်းပေါ်မှာ “ရာ ဇာမင်း” ခရီးသည်တင်ကား တိမ်းမှောက်မှုပါ။ နေပြည်တော် အထွက် မိုင်တိုင်အမှတ် (၁၉၇)အရောက် မှောင်ရီပျိုးစ၊ မိုးသည်ထန်စွာ ရွာသွန်းနေချိန်မှာ ရထားလမ်း ချောက်ထဲထိုးကျပြီး ခရီးသည် ၁၄ ဦး ပွဲချင်းပြီး သေသွားတဲ့ ဖြစ်ရပ်ပါပဲ။ အရပ်ထဲမှာလည်း လူတွေဒီအကြောင်းပြောကြ၊ ဂျာနယ်တွေ၊ သတင်းစာတွေမှာလည်း ရာဇမင်းယာဉ် တိမ်းမှောက်တဲ့ အဖြစ်ဆိုးကိုပဲ ပြောနေ၊ ရေးနေကြတာ တွေ့ရပါတယ်။ တကယ်လည်း ထိတ်လန့် တုန်လှုပ်စရာ ဖြစ်ရပ်ဆိုး တစ်ခုပါပဲ။
အမြန်လမ်းပေါ်မှာ သေဆုံးသွားကြတဲ့သူတွေ များပါပြီ။ ဒီလမ်းကို ၂၀၀၉ ခုနှစ်က ဖွင့်ခဲ့တယ်။ အဲဒီအချိန်ကစလို့ သေဆုံးသူ ၃၆၇ ဦး ရှိသွားပြီလို့ သိရတယ်။ ဧပြီ၊ မေလဆန်း အတွင်းမှာကိုပဲ လူ ၄၀ကျော် သေခဲ့တယ်။ ရန်ကုန်ကနေ မန္တလေးအထိ ၃၃၆ မိုင်ရှိရာမှာ ခရီးသည် ၃၆၇ယောက် သေဆုံးခဲ့ပြီဆိုတော့ လမ်းမိုင်တစ်မိုင်ကို ခရီးသည် တစ်ယောက်နှုန်း သေဆုံးသွားပြီလို့တောင် ဆိုနိုင်တယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း သံဖြူဇရပ် ချွေးတပ်စခန်းမှာ သေဆုံးသွားတဲ့ သူတွေကို အကြောင်းပြုပြီး ယိုးဒယား-မြန်မာ မီးရထားလမ်းကို သေမင်းတမန် ရထားလမ်းလို့ အမည် ပေးသလိုမျိုး နေပြည်တော် အမြန်လမ်းကိုလည်း တချို့က သေမင်းတမန် အမြန်လမ်းဆိုပြီး ရေးနေ၊ ပြောနေကြပါပြီ။
ဒီခရီးကို မဖြစ်မနေ သွားလာ နေကြသူတွေလည်း မထိတ်သာ၊ မလန့်သာ ဖြစ်နေကြပြီ။ ဒီခရီး သွားရင်ပဲ သေရွာ သွားရတော့မလို တထိတ်ထိတ် ဖြစ်နေသူလည်း ဖြစ်နေကြပြီ။ ဘာပဲဖြစ်ဖြစ် ဒီလမ်းက မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အမြန်လမ်း High Wayဖြစ်လို့ ရန်ကုန်- မန္တလေးအကြား နေ့စဉ်ထောင်ချီတဲ့ ယာဉ်မျိုးစုံ နေ့နေ့ညည စုန်ဆန် သွားလာနေကြပါတယ်။ အမြန်လမ်းပေါ်မှာ မတော်တဆ (Accident) ဖြစ်မှုတွေ မရေမတွက်နိုင်အောင် များခဲ့ပြီဆိုပေမဲ့ သွားစရာ ရှိတာတွေကိုတော့ လူတွေသွားနေ ကြရဦးမှာပါ။ ကမ္ဘာပေါ်မှာ Accident မဖြစ်ဖူးတဲ့ ကားလမ်းဆိုတာ ရှိမှမရှိပဲ။ တစ်ခါတုန်းက ရန်ကုန်မြို့ပေါ်မှာ နိုင်ငံခြား ခရီးသွားနှစ်ဦးနဲ့ မမျှော့်လင့်ပဲ လမ်းဘေးဆုံပြီး စကားပြောဖူးပါတယ်။ သူတို့က ရန်ကုန်ဘူတာကြီးကို ဘယ်လို သွားရသလဲဆိုပြီး မေးတာပါ။ ဘယ်သွားမလို့လဲ မေးတော့ “မန္တလေး” သွားမှာတဲ့။ မန္တလေး သွားမယ်ဆိုရင် ရထားက အကြာကြီး စီးရမှာ။ ဒီကလူတွေ ရထား သိပ်မစီးကြတော့ဘူး။ အခု ခေတ်မီ အဝေးပြေး ခရီးသည်တင် ကားတွေ ရှိနေပြီ။ ဒီကားတွေက သက်သောင့်သက်သာလည်း ရှိတယ်၊ မြန်မြန်လည်း ရောက်တယ်လို့ လမ်းညွှန်ပေးတော့ သူတို့က ကားနဲ့ဆို Accidentဖြစ်မှာ ကြောက်တယ်တဲ့။ စာရေးသူ ဘာပြော ရမှန်းမသိ ဖြစ်သွားတယ်။ ဒါနဲ့ ကမ္ဘာမှာ Accident မဖြစ်ဖူးတဲ့ နေရာ မရှိပါဘူးလို့ပဲ ပြောလိုက်တယ်။
ဒီနိုင်ငံခြားသား ခရီးသည် နှစ်ယောက်ဟာ မြန်မာနိုင်ငံ အခြေအနေကို တော်တော် စပ်စုထားပုံရတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းဟာ မတော်တဆ ဖြစ်မှုရှိနိုင်တယ် ဆိုတာ ကြိုသိထားပုံရတယ်။ ခုအခြေအနေက သူတို့စိုးရိမ်သလိုမျိုး ဖြစ်နေပြီ။ ဒီလမ်းပေးမှာ Accident ဖြစ်တဲ့သတင်း တစ်လအတွင်း တစ်ကြိမ်၊ နှစ်ကြိမ် အနည်းဆုံး ဖတ်နေရတယ်။ လူအသေအပျောက် များတာနဲ့ နည်းတာပဲ ကွာသွားတယ်။ ဒီလမ်းပေါ်မှာပဲ အဆိုတော် ဆိုတေး မသေမရှင် ဖြစ်ခဲ့ တယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ အရာရှိစတဲ့ ပုဂ္ဂိုလ်တွေ မတော်တဆ အသက် ဆုံးရှုံးဖူးတယ်။ တချို့ဖြစ်ရပ်တွေမှာ မိသားစု တစ်စုလုံး သေဆုံးသွားကြတာတွေဟာ စိတ်မကောင်းစရာပါ။
ကျွန်တော်တို့ ပြည်သူတွေခမျာမှာ အုပ်ချုပ်သူ အစိုးရ လုပ်ပေးထားတဲ့ အခြေခံ အဆောက်အအုံတွေမှာပဲ ကောင်းကောင်းဆိုးဆိုး အသုံးပြု နေရတယ်။ မီးမလာလည်း လာသလောက် မီးနဲ့ အဆင်ပြေအောင် နေကြရ၊ ရေမလာလည်း လာတဲ့ရေနဲ့ အဆင်ပြေအောင်နေရ၊ အိမ်ရာမရှိလည်း ရှိတဲ့နေရာမှာ အဆင်ပြေသလို နေကြရ၊ လမ်းမကောင်းလည်း မကောင်းတဲ့ လမ်းဘေးမှာ ဒီအတိုင်း သွားရ၊ ဘတ်စ်ကားတွေပေါ်မှာ ငါးပိသိပ်၊ ငါးချဉ်သိပ် သွားလာနေရလည်း ဒီဘတ်စ်ကားတွေက လွဲပြီး ရွေးချယ်စရာမရှိ။ တိုင်းပြည် ဆင်းရဲတော့လည်း ဘယ်တတ်နိုင်မှာလဲ ဆိုပြီးတော့သာ ဖြေသိပ်နေရတယ်။ တကယ်တော့ တိုင်းပြည်ဆင်းရဲ သွားအောင် ဘယ်သူတွေ လုပ်လိုက်တယ်၊ ဘယ်သူတွေ လုပ်နေတယ်ဆိုတာ အားလုံး သိနေကြတယ်။ တာဝန်ရှိသူတွေ ကလည်း “ဒါ..ငါနဲ့ မဆိုင်”၊ “တိုင်းပြည်ဆင်းရဲသွားတာ ပြည်တွင်းစစ်ကြောင့်”ဆိုပြီး လက်ညှိုး ထိုးချင် နေကြတယ်။
နေပြည်တော်ကို ကသုတ်ကရက်တည်ပြီး နေပြည်တော်လမ်းကို ကသုတ်ကရက် ဖောက်ခဲ့ကြ။ ပြည်ပ ပညာရှင်တွေရဲ့ အကူအညီမယူ။ ကိုယ်ပိုင်အစွမ်းနဲ့ ဖြစ်သလိုလုပ်။ ရသလောက် အိတ်ထောင်ထဲ ထည့်ပြီး ဖောက်ခဲ့တဲ့လမ်း။ တစ်မိုင်ကို ကုန်ကျစရိတ် ကျပ်သန်းပေါင်း (၂၅၀၀) ကုန်ကျသတဲ့။ ရန်ကုန်-မန္တလေးအထိ ဒီလမ်းဖောက်လုပ် စရိတ် ကျပ်ဘီလျံ ၉၀၀ (အမေရိကန် ဒေါ်လာ တစ်ဘီလျံနီးပါး) ကုန်သတဲ့။ ခုတော့ တာဝန်ရှိသူတွေက ဒီလမ်းဟာ အမြန်လမ်း အင်္ဂါရပ်နဲ့ မညီဘူးလို့ ၀န်ခံလာကြပြီ။
စာရေးသူရဲ့ အတွေ့အကြုံ အရတော့ ဒီလိုလမ်းမျိုး ကမ္ဘာပေါ်မှာ မတွေ့ဖူးဘူး။ ရှိကောင်းရှိနိုင်ပေမဲ့ High Wayလို့ ကမ္ဘာပေါ်မှာ သတ်မှတ်ထားတဲ့ လမ်းတွေဟာ အင်မတန် ညက်ညောပြီး ပြေပြစ်ကြတာ တွေ့ရတယ်။ ဒီလို ကွန်ကရစ် လမ်းကြမ်းကြီး မဟုတ်။ စာရေးသူ ဖြတ်သန်းဖူးတဲ့ နိုင်ငံတကာ အဝေးပြေး လမ်းမကြီးတွေဟာ နက်မှောင်ပြေပြစ်ပြီး လမ်းအင်ဂျင်နီယာတွေရဲ့ သတ်မှတ် စံနှုန်းအတိုင်း ဖောက်လုပ်ထားတာ တွေ့ရတယ်။ အခု နေပြည်တော် အမြန်လမ်းဟာ ကွန်ကရစ်လမ်း ကြမ်းကြီး အဆင့်မှာပဲ ရှိနေသေးတယ်။ နိုင်ငံတကာ အမြန်လမ်း တစ်လမ်းရဲ့ အင်္ဂါရပ်နဲ့ မညီပေမဲ့ ဒီလမ်းကို ထပ်မံမွမ်းမံဖို့ ပြောသံလည်း သိပ်မကြားရဘူး။ အစိုးရဟာ မလိုတဲ့ နေရာတချို့မှာ ဘတ်ဂျက်ကို ဘုံးဘောလအော သုံးပေမဲ့ တကယ် အရေးပါတဲ့ ဒီလမ်းကို ပြုပြင် တိုးချဲ့ဖို့ကိုတော့ ဦးစားပေးထဲ ထည့်မထားခဲ့ဘူး။ ခုရာဇမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်တော့မှပဲ ဒီလမ်းကို အဆင့်မြှင့်ဖို့ လိုတယ်ဆိုပြီး ပြောလာတာ ကြားရတယ်။ ဒါပေမဲ့ ဘယ်တော့လဲ မသိသေးဘူး။
ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်က စပြီး လမ်းဖောက်တာတွေ၊ တံတားဆောက်တာတွေ တော်တော် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလမ်း၊ ဒီတံတားတွေ အားလုံးဟာ အရည်အသွေး မမီတဲ့ လမ်းတွေ ဖြစ်နေတယ်။ ဖောက်ပြီး မကြာခင် ပျက်သွားတဲ့ လမ်းတွေ၊ ရွဲ့သွားတဲ့ တံတားတွေ အများကြီး ရှိခဲ့ပါတယ်။ ကွန်ကရစ်နဲ့ လမ်းဖောက်ခြင်း အတတ်ပညာကို တတ်မြောက်သွားတဲ့ တာဝန်ရှိ သူတွေဟာ နေပြည်တော် အမြန်လမ်း သာမက ရန်ကုန် တစ်မြို့လုံးကိုလည်း ကွန်ကရစ်နဲ့ ဖုံးအောင် လမ်းတော်တော် များများ ကွန်ကရစ်လမ်း ဖြစ်သွားပါပြီ။ ကွန်ကရစ်လမ်းတွေ ဖြစ်သွားလို့ အရင်လို မိုးရွာရင် ချိုင့်ခွက်တွေ ပြန်ဖြစ်၊ ဖာထေးရတဲ့ အလုပ်တွေ မရှိတော့ လမ်းတွေ ဖြောင့်ဖြူးသွားပြီး ကောင်းသွားပြီလို့ ယူဆနိုင်ပေမဲ့ မြို့တော်ကြီး အတွက်တော့ တချို့ နေရာတွေမှာ အရုပ်ဆိုး လှပါတယ်။ တခြားနိုင်ငံတွေမှာ ကွန်ကရစ်ကို အောက်ခံ ဖောင်ဒေးရှင်း အဖြစ်သာ ထားပြီး အပေါ်က ကတ္တရာ ပိုးခင်းထားတာ ဖြစ်ပေမဲ့ ကျွန်တော်တို့က အဲဒီလောက် မတတ်နိုင်တော့ ကွန်ကရစ်လမ်းတွေကိုပဲ အကောင်းလုပ်ပြီး သုံးနေရတယ်။
နေပြည်တော်မှာဆို လမ်းတွေက ရှစ်လမ်းသွား အကျယ်ကြီး ကွန်ကရစ်ခင်းထားတယ်။ ကွန်ကရစ်က အရုပ်ဆိုးလေတော့ အဓိက လမ်းမတွေမှာ ကတ္တရာတစ်ခြမ်း ထပ်ပိုးခင်းထားတယ်။ လမ်းတစ်ခြမ်းက ကွန်ကရစ်၊ လမ်းတစ်ခြမ်းက ကတ္တရာ။ ဘယ်လိုမှ ကြည့်လို့မကောင်း။ ကွန်ကရစ်လမ်းတွေကို ခင်းကောင်းတိုင်း ခင်းထားပြီး အပေါ်က ကတ္တရာ ထပ်ပိုးမထားဘဲ ဒီအပေါ်မှာ သွားလာ နေကြရတယ်။ နေပြည်တော် အမြန်လမ်းမကြီးကို အပေါ်စီးကနေ ကြည့်ရင် ဖြူညိုညို အစင်းကြောင်း ကြီးနှစ်ကြောင်းပဲ မြင်ရတယ်။ နိုင်ငံတကာ အမြန်လမ်းတွေ ဆိုရင်တော့ နက်မှောင်ညီညာတဲ့ မျဉ်းကြောင်းကို မြင်ရမှာဖြစ်တယ်။ “သေမင်းတမန် အမြန်လမ်း”ရယ်လို့ တချို့လူတွေ သမုတ်နေကြတဲ့ ဒီလမ်းဟာ ကွန်ကရစ် လမ်းကြောင်း တစ်ခုသာ ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ဒီလို လမ်းမျိုး မတွေ့ဖူးပါ။ လမ်းအသုံးပြုသူတွေ အနေနဲ့ကတော့ “အသက်ဥာဏ်စောင့်”ပြီးတော့ မောင်းနှင်သွားလာကြပေရော့။
ချစ်ဝင်းမောင်
ACM Credit To:Tomorrow
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment