ACM Re-Post 26-5-2014
မြန်မာနိုင်ငံမှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) မှ အသိအမှတ် ပြုသည့် ရလဒ်များ လာမည့် အောက်တိုဘာလတွင် ထွက်ရှိမည်ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ တာဝန်ရှိသူထံမှ သိရသည်။
ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း အတည်ပြုရေးနှင့် အကောင်အထည် ဖော်ရေးတို့နှင့် စပ်လျဉ်းသည့် ဒြပ်မဲ့ယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေး ဆိုင်ရာ ပထမအကြိမ် စွမ်းဆောင်ရည် မြှင့်တင်မှု အလုပ်ရုံ ဆွေးနွေးပွဲကို မေလ ၁၉ ရက်မှ မေ ၂၄ ရက်အထိ ခြောက်ရက်ကြာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ယူနက်စကိုအဖွဲ့ ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ် တိုင်းဒေသကြီးအဆင့် ရှေးဟောင်းဌာနမှ တာဝန်ရှိသူများ၊ သမိုင်းပညာရှင်များ အစရှိသည်တို့ဖြင့် ပြုလုပ်ခဲ့ကြကြောင်း အဆိုပါ တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို အသီးသီး တင်ပြခဲ့ကြပြီး ယင်းယူနက်စကို အဖွဲ့မှ မှတ်တမ်းတင်ခဲ့ကာ လာမည့် အောက်တိုဘာလတွင် ရလဒ်ထွက် ရှိလာမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ အတွင်းရှိ စောင်း၊ အိမ် တော်ရာထီး၊ မြန်မာ့သနပ်ခါးနှင့် သနပ်ခါး လိမ်းဟန် အစရှိသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အဆိုပါ ဆွေးနွေးပွဲ၌ ယူနက်စကိုအဖွဲ့သို့ အသီးသီး တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ယူနက်စကို အသိအမှတ်ပြုပါက အဆင့်မြင့် နည်းပညာများ အသုံးပြု၍ နိုင်ငံတကာ အကူအညီဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အဆင့်မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း မန္တလေးမြို့ဒေသခံ ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ဆိုသည်။
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မန္တလေးတောင်ခြေရှိ ကမ္ဘာ့မှတ်တမ်း စာရင်းဝင် မဟာလောကမာရဇိန် ကျောက်စာ (ခေါ်) ကုသိုလ်တော်ဘုရား ကျောက်စာများကို UNESCO အဖွဲ့က ကမ္ဘာ့မှတ်တမ်း စာရင်းဝင် အသိအမှတ်ပြု LOGO တံဆိပ်ကို မေလ ၈ ရက်နေ့တွင် ချီးမြှင့်ခဲ့သည်။
Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment