0


မန္တလေး၊ACM Re-Post 26-5-2014

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံတွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

မန္တလေးမြို့တော်ရှိ တရုတ်ကောင်စစ်ဝန်ချုပ် ရုံးတွင် ကောင်စစ်ဝန်နှင့် မန္တလေး မီဒီယာများ တွေ့ဆုံစဉ် မီဒီယာများက တရုတ်နိုင်ငံ အနေနှင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ရှိမရှိ မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

မြန်မာအစိုးရနှင့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မည့် China Power Investment (CPI) ကုမ္ပဏီတို့အကြား ချုပ်ဆိုထားသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်း စာချုပ်ကို ရပ်ဆိုင်းခြင်း၊ မရပ်ဆိုင်းခြင်း ကိစ္စများသည် ယင်းကုမ္ပဏီကသာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး နှစ်ဖက်အစိုးရက ဆက်လက် အကောင်အထည်ဖော်ရန် သဘောတူညီမှု မရလျှင် စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းနိုင်ကြောင်း တရုတ်ကောင်စစ် ဝန်ချုပ်က ပြတ်သားစွာ ပြောဆိုသည်။

“ဒီစီမံကိန်းကို ကန့်ကွက်နေတာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှာ စိုးတဲ့အတွက် ကန့်ကွက်နေတာလို့ သိထားတယ်။ ဒီစီမံကိန်း အကောင်အထည် ဖော်နိုင်ရင် အနည်းဆုံး မန္တလေးမှာ မီးမပျက်တော့ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက မြစ်ဆုံ ဝန်းကျင်တွင် ရေလွှမ်းဧရိယာ ကျယ်ပြန့်သွားမည် ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်နှင့် အဏုဇီဝများ ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ ကချင်ဒေသ တစ်ခုလုံး ထိခိုက် ပျက်စီးသွားနိုင်ပြီး ဧရာဝတီ မြစ်ရိုးတစ်လျှောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ဒီစာချုပ်ကို အစိုးရနှစ်ဖက်က သဘောမတူလို့ အပြီးတိုင် ဖျက်သိမ်းလို့သာ ရတယ်ဆိုရင် ဒါဟာ မင်္ဂလာသတင်းပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းသွားဖို့သာ အဓိကပါ” ဟု မန္တလေးမြို့အခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တက်ရောက်လာသည့် အရပ်သားအစိုးရက ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း သဝဏ်လွှာ ပေးပို့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို CPI နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လူထု၏ ကန့်ကွက်မှုကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရ လက်ထက်တွင် စီမံကိန်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည် မဖော်လိုရေး ကန့်ကွက်ဆန္ဒပြမှုများကို တရားဝင် လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးအဖြစ် မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က မေလ ၂၂ ရက်နေ့တွင် ပြောကြားထားသည်။

Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top