0

Published on: May 27, 2014

ပေါက်မြို့နယ်အတွင်းရှိ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံသတင်း ရေးသားဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အမှု ယခုလ ၂၆ ရက်၊ ဆယ့်တစ်ကြိမ်မြောက်ရုံးချိန်းတွင် ဦးတင်ဆန်းနှင့် အကြီးတန်းသတင်းထောက် ကိုပိုင်သက်ကျော်တို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုရုံးချိန်းတွင် ရှေ့နေဦးကျော်လင်းက ကိုပိုင်သက်ကျော်အား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်အားပြသ၍ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိလျှင် မိမိ၏ယုံကြည်ချက်နှင့် ထင်မြင်ယူဆချက်တို့ကို လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ရှိကြောင်း "မေးရာမှန်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သတင်းဆောင်းပါးခြင်းဖြစ်၍ ယခုတရားစွဲဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ပြီး အရေးယူခံထားရသည်ကို သိပါသလားဆိုလျှင် သိပါကြောင်းပြန်လည်ဖြေကြားသည်။

လယ်ယာသိမ်းကိစ္စအတွက် သတင်းယူရာမှ လယ်ယာသိမ်းခံရသည့်နေရာအား ဒေသခံများကို လိုက်ပြစေပြီးမှ က.ပ.စ ၂၄ စက်ရုံအား အမြင့်ပေ ၅၀၀ ခန့်ရှိသော တောင်ကုန်းပေါ်မှ ရိုက်ကူးခြင်းဖြစ်ကြောင်း

ခရိုင်ဥပဒေအရာရှိ၏ မေးမြန်းမှုများအား ဦးတင့်ဆန်းမှ မိမိသည်ဂျာနယ်တိုက်တွင် အုပ်ချုပ်ရေးနှင့် ငွေကြေးကိစ္စများကိုသာ တာဝန်ယူကြောင်း၊ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအယ်ဒီတာများကို တာဝန်ပေးထားကြောင်း၊ ပေါက်မြို့သို့သွားသည်မှာ ဒေသခံလူမှုရေးအသင်းများ၏ ဖွံ့ဖြိုးရေးစကားဝိုင်းနှင့် လယ်ယာသိမ်းကိစ္စများအတွက် သွားခြင်းဖြစ်ကြောင်း၊ က.ပ.စ ၂၄ စက်ရုံအတွင်း ကိုစည်သူစိုးနှင့် ကိုရာဇာဦးတို့ ၀င်ရောက်ရာတွင်လည်း မအိစုဝင်းပြောပြချက်အရ ကင်မရာနှင့်ဖုန်းများကို မအိစုဝင်းတို့အိမ်တွင် ထားခဲ့ကြောင်း၊ ကိုပိုင်သက်ကျော်မှ က.ပ.စ ၂၄ စက်ရုံအား ဓာတ်ပုံရိုက်ကူးသည်ကိုလည်း ရန်ကုန်မြို့သို့ပြန်မှသာ ပြောပြခဲ့ကြောင်း၊ အချင်းဖြစ်ဂျာနယ်တွင် ဖော်ပြထားသည့် အကြောင်းအရာများမှာ ဒေသခံများနှင့်သတင်းထောက်များ အမေးအဖြေလုပ်၍ ရေးသားထားခြင်းဖြစ်ကြောင်း ၊ က.ပ.စ ၂၄ အကြောင်းရေးသားရန် ပေါက်မြို့သို့လာခြင်းမဟုတ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစကားဝိုင်းအတွက် ကျွန်တော်ဦးဆောင်လာခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

စွပ်စွဲခံရသူများ၏ ရှေ့နေမျာအား ကိုပိုင်သက်ကျော်မှ သတင်းတွေကို အယ်ဒီတာများထံတင်ပြပြီး အယ်ဒီတာမှ ဆုံးဖြတ်ကြောင်း၊ ပေါက်မြို့သို့သွားသည်မှာလည်း က.ပ.စ၂၄ စက်ရုံအား ဓာတ်ပုံရိုက်ရန်မဟုတ်ဘဲ ဒေသဖွံ့ဖြိုးအတွက်သွားခြင်းဖြစ်ပြီး လယ်ယာသိမ်းကိစ္စအတွက် သတင်းယူရာမှ လယ်ယာသိမ်းခံရသည့်နေရာအား ဒေသခံများကို လိုက်ပြစေပြီးမှ က.ပ.စ ၂၄ စက်ရုံအား အမြင့်ပေ ၅၀၀ ခန့်ရှိသော တောင်ကုန်းပေါ်မှ ရိုက်ကူးခြင်းဖြစ်ကြောင်း၊ ဓာတ်ပုံရိုက်ကူးသည့်နေရာတွင် မည်သည့် တားမြစ်ဆိုင်းဘုတ်မှ မတွေ့ရကြောင်း၊ ဒေသခံများမှလည်း စစ်တပ်မှထုတ်ပြန်ထားသော စည ကမ်းများနှင့် ကတိက၀တ်များအား မိမိတို့သို့ပြောမပြခဲ့ကြောင်း၊ အချင်းဖြစ်ဂျာနယ်ပါ သတင်းဆောင်းပါးအား ရေးသားခြင်းများမှာ မိမိတို့သတင်းထောက်များ စုပေါင်းရေးသားခြင်းဖြစ်ကြောင်း၊ သတင်းဆောင်းပါးအား ကိုလူမော်နိုင် ကွန်ပျူတာဖြင့် မိမိတို့ ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံများ၏ ဘိုးဘွားများ ဓားမဦးချလုပ်ကိုင်ခဲ့သည့် လယ်ယာမြေများအား လျော်ကြေး ကျပ် ၅၀၀၀ သာပေး၍ သိမ်းဆည်းသည့်အတွက် ပြည်သူများ ကြုံ တွေ့နေရသည့် ဒုက္ခများကို သတင်းရယူပြီး အများသိရှိစေရန် ရေးသားဖော်ပြခြင်းဖြစ်ကြောင်း၊ သတင်းရေးသားဖော်ပြီး နောက်တစ်နေ့တွင် မိမိအဖမ်းခံရကြောင်း၊ မိမိတို့မှာ လက်ရှိတရားစွဲဆိုထားသည့် ပုဒ်မ ၃(၁)(က) အရ ပြစ်မှု ကျူးလွန်ခြင်းမရှိကြောင်း၊ မိမိဓာတ်ပုံရိုက်ကူးစဉ်က အနီးနားတွင် ဒေသခံများလည်း နွားကျောင်း၊ ထင်းခုတ်လုပ်နေကြောင်း၊ လွတ်လပ်သည့်နေရာမှ သတင်းယူခြင်းဖြစ်ပြီး သတင်းအား အခြား မည်သည့်နိုင်ငံကိုမှ ပေးပို့ခြင်းမရှိကြောင်းနှင့် မိမိတို့တွင် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။

ခရိုင်ဥပဒေအရာရှိမှ ကိုပိုင်သက်ကျော်အား က.ပ.စ ၂၄ စက်ရုံအား ဓာတ်ပုံရိုက်ကူးသည့် နေရာမှ လှမ်းမြင်ရသည်ဆိုလျှင် သာမာန်မမြင်ရဘဲ ကင်မရာမှန်ဘီလူးကြောင့် မြင်ရခြင်းဖြစ်ကြောင်း၊ အချင်းဖြစ်ဂျာနယ်တွင် ဖော်ပြထားသော အကြောင်းအရာများမှာ ဂျာနယ်ပါ သတင်းထောက်များ ရေးသားထားသည်မှာ မှန်ပါသလားဆိုလျှင် မှန်ပါကြောင်း ၊ အချင်းဖြစ်သတင်းဆောင်းပါးအား ရေးသားပြီး ဦးတင့်ဆန်းထံတင်ပြ၍ ဦးတင့်ဆန်းလက်မှတ်ထိုးသည်မှာ မှန်ပါသလားဆိုလျှင် မှန်ပါကြောင်း၊ လက်မှတ်ထိုးပြီးနောက် ဆိုင်ရာအယ်ဒီတာစားပွဲသို့ သွားရောက်ပို့ထားရကြောင်း၊ ကျွန်တော့်အား တရားစွဲဆိုသည့် ပြစ်မှုမှာ စာနယ်ဇင်းနှင့်စပ်လျဉ်းသည့် ပြစ်မှုမဟုတ်ဘဲ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲဆိုခြင်းဖြစ်သည်ကို သိပါသလားဆိုလျှင် သိပါကြောင်း၊ ကျွန်တော်တို့အနေနှင့် ၁၉၂၃ ခုနှစ် မြန်မာအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို တိတိကျကျသိရှိခြင်း မရှိဆိုလျှင်မှန်ကြောင်း ပြန်လည်ဖြေကြားထွက်ဆိုခဲ့သည်။

Aye Chan Mon Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top