Published on: May 27, 2014
အခြေခံအဆောက်အအုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် တိုးတက်ဖို့အခွင့်အလမ်းတွေ များစွာရှိသည်ဟု Sphere ဥက္ကဋ္ဌမှ မေ ၂၆ ရက်က ရန်ကုန်မြို့ Sule SangriLa ဟိုတယ်တွင်ကျင်းပသည့် ပထမဦးဆုံးအကြိမ်အဖြစ် အိမ်ခြံမြေနှင့် မြို့ပြတည်ဆောက်မှုဆိုင်ရာ ပြပွဲဖြစ်သော Real Estate Show Myanmar 2014 နှင့် ဒုတိယအကြိမ်မြောက် Myanmar Urban Development Conference ပွဲတွင် ပြောကြားခဲ့သည်။
"စီးပွားရေးအရှိန်မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးတက်ဖို့အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ နှစ်နှစ်အတွင်းမှာ ရန်ကုန်နဲ့ မန္တလေးရဲ့ အိမ်ဈေးနှုန်းတွေ ခုန်တက်ခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။ ရန်ကုန်မြို့မှာ မြို့တွင်းဆိုရင် မြေဈေးနှုန်းက တစ်စတုရန်းမီတာကို အမေရိကန်ဒေါ်လာ တစ်ထောင်ကနေပြီးတော့ သုံးထောင်လောက်အထိ ရှိနေတယ်။ မြို့ပြင်မှာဆိုရင်တော့ တစ်စတုရန်းကို အမေရိကန်ဒေါ်လာ ရှစ်ရာကနေပြီးတော့ ထောင့်ငါးရာလောက်ထိဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အခုကျင်းပတဲ့ RESM နဲ့ MUDC ပွဲဟာ နိုင်ငံတကာက အတွေ့အကြုံ ရှိတဲ့ မြို့ပြဖွံ့ဖြိုးရေးနဲ့ အိမ်ခြံမြေဆောက်လုပ်မှုဆိုင်ရာ ကျွမ်းကျင်သူခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုတွေကနေ အခွင့်အလမ်းတွေကို ဖန်တီးနိုင်မှာဖြစ်တယ်" ဟု Sphere မှ ဥက္ကဋ္ဌ Mr.Chua Wee Phong ကဆိုသည်။
ကွန်ဖရင့်တွင် မြို့ပြတည်ဆောက်ရေးနှင့်သက်ဆိုင်သည့် အဓိကအကြောင်းအရာများဖြစ်သော အခြေခံအဆောက်အအုံများ၊ ဆောက်လုပ်ရေးနည်းပညာများ၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများ၊ မြို့ပြဆောက်လုပ်ရေးနှင့် လုပ်ငန်းဆိုင်ရာ အဆောက်အအုံတည်ဆောက်မှုများအား ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
"ကုန်သည်စက်မှုအသင်းချုပ်ရဲ့ အဓိကရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံရဲ့စီးပွားရေးကို တစ်ကမ္ဘာလုံးအတိုင်းအတာအထိ မြှင့်တင်နိုင်ဖို့ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီပွဲကနေပြီးတော့ မြန်မာကုမ္ပဏီတွေကို နိုင်ငံတကာက ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက် နိုင်မယ့်အခွင့်အရေးတွေ ရရှိမှာဖြစ်တယ်" ဟု UMFCCI မှ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
အဆိုပါပွဲအား စင်ကာပူနိုင်ငံ Sphere Conferences ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မေ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် Myanmar Urban Development Conference ပွဲမြင်ကွင်းတစ်ခုအား တွေ့ရစဉ်
ye Chan Mon Credit To:Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment