0


ACM Re-Post 29-5-2014
Written by: နန်းစုနှင်းထွေး

စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အနေဖြင့် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မချုပ်ဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲကို မေ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ကျောက်မြောင်းမြို့နယ်ရှိ တိုက်အမှတ် ၁၁ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အနေဖြင့် အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုရန် ပျက်ကွက်ခဲ့ပြီး အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တာရာယ် ကင်းရှင်းရေး အချက်များကိုလည်း ချိုးဖောက်ခဲ့သည်ကို တွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးအောင်လင်းက ပြောကြားသည်။

“အလုပ်ရှင်အနေနဲ့ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် (EC) ကို စက်ရုံစဖွင့်စဉ် အလုပ်သမားတွေ စတင်အလုပ်ခန့်စဉ်ကတည်းက ချုပ်ဆိုဖို့ ပျက်ကွက်ခဲ့တယ်။ အခု ရှစ်နှစ်၊ ကိုးနှစ်ကြာနေတဲ့ လုပ်သက်ရင့် ၀န်ထမ်းတွေကို (EC) စာချုပ် ချုပ်ရာကနေ အခုလိုပြဿနာတွေ ဖြစ်လာခဲ့ရတာပါ။ စာချုပ်က ၀န်ထမ်းအသစ်တွေကို ချုပ်ရမယ့်ဟာပါ။ ဒါ့အပြင် အလုပ်ရှင်အနေနဲ့ အခုလို အလုပ်သမားတွေ အပေါ်မှာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာကို လုံးဝလက်မခံနိုင်ပါဘူး။ ကန့်ကွက်ရှုတ်ချပါတယ်” ဟု ယင်းကဆိုသည်။

အဆိုပါစက်ရုံတွင် မေ ၁၉ ရက်က လုပ်သက်ရင့် ၀န်ထမ်းများကို အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ရာတွင် အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး လက်မှတ်မထိုးပါက အလုပ်ထုတ်မည်၊ ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ မေ ၂၁ ရက်တွင်မူ လတ်မှတ်မထိုးသည့် အလုပ်သမား ၇၀၀ ခန့်ကို အလုပ်ရှင်မှ ရဲများ၊ လုံခြုံရေးများ ပူးပေါင်းကာ စက်ရုံအပြင်သို့ ဆွဲထုတ်ခဲ့ပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စက်ရုံမှာ တရုတ်နိုင်ငံသားတွေက ကျွန်မတို့ကို တိုက်ရိုက်အုပ်ချုပ်တယ်။ စာချုပ်ကို လက်မှတ်မထိုးဘူးလို့ မပြောဘူး။ ညှိနှိုင်းနေစဉ်မှာပဲ အလုပ်ရှင်က ကျွန်မတို့ကို အခုလို မိန်းကလေးတွေ ရေချိုးနေရာကနေ အကုန်လုံးကို ကုပ်ကနေဆွဲပြီး စက်ရုံအပြင်ကို ဆွဲထုတ်ခဲ့တာပါ။ အလုပ်ထုတ်တာလည်း မဟုတ်ဘဲနဲ့ ကျွန်မတို့ကို စက်ရုံထဲကို အ၀င်မခံဘူး” ဟု အလုပ်သမားတစ်ဦးဖြစ်သူ မသက်နွယ်အောင်က ပြောကြားသည်။

လက်ရှိတွင် အဆိုပါ အလုပ်သမား ၇၀၀ ခန့်သည် ယင်းတို့ အလုပ်လုပ်ကိုင်နေသည့် စက်ရုံနှင့် ခုနှစ်မိုင်ခန့် ကွာဝေးသည့် ရှမ်းကန် ရွာဦးဘုန်းကြီးကျောင်းတွင် ဒုက္ခသည်စခန်း ဖွင့်လှစ်နေထိုင်နေရပြီး စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ တာဝန်ရှိသူများကို မေ ၂၈ ရက်က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။ သို့ရာတွင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အမှုဆောင်ဒါရိုက်တာ ဦးမင်းမျိုးသန့်ကို The Daily Eleven သတင်းစာမှ မေ ၂၂ ရက်က မေးမြန်းခဲ့ရာ၌ “ကျွန်တော်က လုပ်ငန်းဌာန သုံးလေးခုကို ကိုင်ရတာဖြစ်လို့ ဒီကိစ္စကို သေသေချာချာ မသိပါဘူး။ ဒီကိစ္စကို ကိုထွန်းနိုင်ဦးက ကိုင်တွယ်တာ ဖြစ်ပါတယ်။ သူကလည်း အခုလောလောဆယ် နယ်ကိုရောက်နေတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမားများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top