0


ရန်ကုန်၊ ဒီဇင်ဘာ ၉

အဆင့်မြင့် ပညာရေး ပြောင်းလဲရေးအတွက် တက္ကသိုလ်တိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြုရန် စစ်တမ်း ကောက်ယူမှုကို လာမည့်နှစ်တွင် အပြီးသတ်ပြီး ပညာရေး မူဝါဒတစ်စောင် ရေးဆွဲသွားရန် ရှိကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမအသင်းဝင် ဒဂုံတက္ကသိုလ်မှ နည်းပြဆရာ ဦးအာကာမိုးသူက The Voice သို့ ပြောကြားသည်။

တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းက အဆင့်မြင့် ပညာရေးမူဝါဒ သဘောထား စစ်တမ်း နှစ်သောင်းကို လူထုအတွင်း ဖြန့်ဝေထားပြီး လက်ရှိ အချိန်တွင် လေးထောင်နီးပါး ပြန်စာ လက်ခံထားပြီး ဖြစ်ကြောင်း၊ ထပ်မံ၍ စစ်တမ်းတစ်ထောင် ရရှိလျှင် အဆင့်မြင့် ပညာရေးမူဝါဒ တစ်စောင် ရေးဆွဲသွားရန် ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“အချက်အလက်တွေတော့ စုံနေပေမယ့် မူဝါဒကို အချိန်ယူပြီး ဆွဲမယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက ရေးဆွဲထားသော အမျိုးသား ပညာရေး ဥပဒေကြမ်းတွင် တက္ကသိုလ်တိုင်းကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန် ထည့်သွင်းထားကာ လက်ရှိ အချိန်အထိ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိနေသေးပြီး တက္ကသိုလ် ပညာရေး ဥပဒေ မူကြမ်းမှာလည်း ရေးဆွဲနေဆဲ ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပညာရေး ဝန်ကြီးဌာနက အခုထိ နားမလည်သေးဘူး။ တက္ကသိုလ်များ ဗဟိုကောင်စီဖွဲ့တယ် ဆိုတာလည်း ထပ်ချုပ်ကိုင်တယ်ဆိုတဲ့ သဘောသက်ရောက်တယ်” ဟု ဦးအာကာမိုးသူက ဆိုသည်။

ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်များ ဗဟိုကောင်စီကို ဆက်လက် ဖွဲ့စည်းလျက် ရှိပြီး ယင်းဗဟိုကောင်စီတွင် ပညာရေးဝန်ကြီးက ဥက္ကဋ္ဌနေရာ တာဝန်ယူဆဲ ဖြစ်ကာ အစိုးရ၏ ပညာရေး မူဝါဒအတိုင်း လိုက်လံ ဆောင်ရွက်နေရဆဲ ဖြစ်ကြောင်း၊ လာမည့် ပညာသင်နှစ်များတွင် အဆိုပါ ဥက္ကဋ္ဌ ရာထူးအတွက် အပြောင်းအလဲ ပြုလုပ်ရန် ညှိနှိုင်းနေကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ပါမောက္ခချုပ်များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အထိ အဆင့်မြင့်ပညာ ကောလိပ်၊ ဒီဂရီ ကောလိပ်နှင့် တက္ကသိုလ် အားလုံး ၁၆၄ ခု ရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်

Credit To:The Voice Weekly
2

Post a Comment

 
Top