Published on: April 18, 2014
Written by: ငြိမ်းဇော်လင်း
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြေယာသိမ်းဆည်းမှုများအား ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ သီးခြားဖြေရှင်း ဆောင်ရွက်ရန်အတွက် အစီရင်ခံစာ ရေးဆွဲနေကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောကြားသည်။
အဆိုပါ အစီရင်ခံစာတွင် ရန်ကုန်တိုင်းအတွင်း သိမ်းဆည်းခံထားရသော သီလ၀ါဆိပ်ကမ်းစီမံကိန်း၊ မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မြေသိမ်းဆည်းမှု အပါအ၀င် မြေယာအငြင်းပွားမှု ပြဿနာများ ထည့်သွင်းရေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတွက် လက်ရှိတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွဋ်နှင့် အဖွဲ့ဝင်များ ဆန္ဒဖော်ထုတ်သူများနှင့် တွေ့ဆုံခဲ့ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
"အစီရင်ခံစာကို ဒီအပတ်အတွင်း အပြီးသတ်ရေးသွားမှာပါ။ ဆန္ဒထုတ်ဖော် နေသူတွေနဲ့လည်း တွေ့ဆုံပြီးပါပြီ။ ကျွန်တော့်အနေနဲ့ကတော့ တွေ့ဆုံညှိနှိုင်းမှုကိုပဲ ဦးတည်ချင်ပါတယ်။ ကျိန်စာတိုက်တာတို့ ဘာတို့ကို မကြိုက်ပါဘူး။ သင်္ကြန်တွင်းမှာ ဆန္ဒထုတ်ဖော်တာကို နားဖို့လည်း တောင်းဆိုခဲ့ပါတယ်။ တစ်ဖက်မှာ တပ်မတော်ကလည်း ပြန်မပေးဘူးလို့ ပြောထားပေမယ့် ကျွန်တော်ကတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ထဲက လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပါပဲ" ဟု ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောကြားသည်။
လယ်ယာမြေ သိမ်းဆည်းခြင်းနှင့် ပတ်သက်၍ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာ အပိုင်း ၁ အဖြစ်လည်းကောင်း၊ မြို့ပြများ တိုးချဲ့တည်ဆောက်ခြင်းနှင့် စက်မှုဇုန်များ တည်ဆောက်ခြင်းအတွက် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာ အပိုင်း ၂ အဖြစ် လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးခြင်းနှင့် နိုင်ငံတော် စီမံကိန်းများအတွက် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အပိုင်း ၃ အဖြစ် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် ယနေ့အချိန်အထိ အကြံပြုချက်များအား ဖြေရှင်းဆောင်ရွက်မှု မရှိခြင်း၊ အသုံးမလို၍ မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပြီးဟု ဆိုသော်လည်း အမှန်တကယ် လက်ဝယ်သို့မရောက်ရှိခြင်းများ ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် လယ်ယာမြေ သိမ်းဆည်းခံရသော ကာယကံရှင်များထံမှ သိရသည်။
ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ တွင် မြေယာ သိမ်းဆည်းမှုကြောင့် တိုင်ကြားမှု ၇၄၅ မှု၊ မြေဧက ၅၁၂၂၀၄ ဒသမ ၇၀၄ ဧက ပါဝင်ကြောင်း သိရသည်။
လယ်ယာမြေ အငြင်းပွားမှုပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အုပ်ချုပ်ရေးကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက န၀မအကြိမ် လွှတ်တော်အစည်းအဝေးသို့ သ၀ဏ်လွှာပေးပို့ခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့သည်။
မိကျောင်းကန် သပိတ်စခန်းကို ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment