0

Published on: April 18, 2014
Written by: ဇင်ဘိုလွင်၊ ကျော်ဇင်ဝင်း

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ရေကစားမဏ္ဍပ်တွင် လာရောက်ဖျော်ဖြေသည့် သံချပ်အဖွဲ့များမှ ပြည်သူများ၏ ကိုယ်စားပြု အသံအချို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လွှတ်တော်အထိ တင်ပြသွားရန်ရှိကြောင်း သိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံလမ်းရှိ ဒေါ်စန္ဒာမင်း၏ နေအိမ်ရှေ့၌ပင် ပြုလုပ်ထားပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ စုစည်းကာ ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ်မဏ္ဍပ်ထိုး ရေကစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သံချပ်ထိုးသည့် စာသားများထဲတွင် မီးကိစ္စ၊ ရေကိစ္စ၊ ပါတီတွင်းဆိုင်ရာ ကိစ္စများ၊ ခေါင်းဆောင်ပိုင်းဆိုင်ရာ ကိစ္စများ စသည်တို့ ပါဝင်ကြောင်း၊ ယင်းသံချပ်များအပေါ် ပြည်သူကို ကိုယ်စားပြု တင်ဆက်သည့် အနေဖြင့် နားထောင်ခြင်းဖြစ်ပြီး မည်သည့် အချက်များသည် ပြင်သင့်ပြင်ထိုက်သည့် အချက်များ ဖြစ်သည်ဆိုသည့် အချက်ကို သုံးသပ်ကာ လွှတ်တော်သို့ တင်ပြသွားမည်ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

"ပြည်သူ့အသံ၊ လွှတ်တော်အသံ ဆိုတဲ့အတိုင်း အခုသံချပ်တွေထဲက အသံတွေကို လွှတ်တော်ထဲအထိ ရောက်အောင် သယ်သွားမယ်" ဟု ဒေါ်စန္ဒာမင်းက တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ လာရောက်ဖျော်ဖြေခြင်း အတွက် နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

သံချပ်ဆိုသည်မှာ ပြည်သူများ၏ ရင်ဘတ်ကို ကိုယ်စားပြုပြီး ထွက်ပေါ်လာသည့် အသံများဖြစ်သည့်အတွက် ၎င်းတို့၏ မဏ္ဍပ်မှတစ်ဆင့် ပြည်သူ့အသံများကို သိစေလိုသည့် ရည်ရွယ်ချက်၊ အဆိုပါ အသံများကို ဒေါ်စန္ဒာမင်းနှင့် အတူရှိနေသည့် လွှတ်တော်ကိုယ်စားလှယ် များမှတစ်ဆင့် လွှတ်တော်သို့ ရောက်စေလိုသည့် ရည်ရွယ်ချက်များဖြင့် သံချပ်အဖွဲ့များကို ဖိတ်ခေါ်ခြင်း ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကိုသားကြီးက ပြောကြားသည်။

"ဘာပဲပြောပြော ဒီသံချပ်ဆိုတာကိုက မြန်မာပြည်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေ၊ ပြည်သူ့နစ်နာမှုတွေနဲ့ ပတ်သက်လို့ သူတို့တွေက ကိုယ်စားပြုဖော်ထုတ်တဲ့ သူတွေလေ။ အဲဒီလို အသံတွေကိုလည်း ဒီကနေတစ်ဆင့် ပျံ့စေချင်တယ်။ နောက်တစ်ခုက ဒီမှာ ဒေါ်စန္ဒာမင်းနဲ့ အတူတူရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကနေပြီး ဒီအသံတွေကို လွှတ်တော်ထဲကို ယူသွားစေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့က သံချပ်အဖွဲ့တွေကို ဒီကိုဖိတ်တာ" ဟု ကိုသားကြီးက ဆိုသည်။

ယခုနှစ်တွင် အဆိုပါမဏ္ဍပ်ရှေ့သို့ လာရောက်ဖျော်ဖြေခဲ့သည့် သံချပ်အဖွဲ့များမှာ အကျနေ့တွင် တန်ခူးရင်ခွင် သံချပ်အဖွဲ့၊ အကြတ်နေ့တွင် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ (တောင်ငူ)၊ ဒို့ခေတ်နဲ့အပြိုင်၊ အပ္ပမာဒေန သမ္မာဒေထ၊ မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့များ၊ အတက်နေ့တွင် အပြာနှင့်အနီ သံချပ်အဖွဲ့၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တို့ ဖြစ်ပြီး ပန်းရဲ့လမ်း အဖွဲ့ကလည်း အတက်နေ့တွင် လာရောက်ဖျော်ဖြေမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
နိုင်ငံရေး အကျဉ်းသားဟောင်းများ ရေကစားမဏ္ဍပ်တွင် သင်္ကြန်အတက်နေ့က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ သံချပ်ထိုးနေသည်ကို တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top