0


ရန်ကုန်၊ ဧပြီ ၂၃

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ ပဲခူးမြို့နယ်အနီး မိုင်တိုင်အမှတ် (၂၈) အနီးတွင် ဧပြီလ ၂၂ ရက် ည ၇ နာရီ ၃၀ မိနစ်က ရန်ကုန်-ချောက် ခရီးစဉ် ပြေးဆွဲသော ပြည့်ဖြိုးအောင် ခရီးသည်တင်ယာဉ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မှ ချောက်မြို့နယ်သို့ ခရီးသည် ၄၂ ဦး တင်ဆောင် မောင်းနှင်လာသော ပြည့်ဖြိုးအောင် ခရီးသည်တင် ယာဉ်သည် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ ဧပြီလ ၂၂ ရက် ညနေ ၆ နာရီက ထွက်ခွာလာခဲ့ရာ မိုင်တိုင်အမှတ် ၂၈ မိုင် ၇ ဖာလုံတွင် ကားဘရိတ်ရှူးများ ငြိရာမှ အပူလွန်ကဲကာ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း အဆိုပါ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကားတစ်စီးလုံး မီးလောင်သွားတယ် ဆိုပေမယ့် မီးစလောင်တာနဲ့ ကားရပ်ပြီး ခရီးသည်တွေကို အချိန်မီ ကားထဲကနေ အပြင်ကို ထွက်ခိုင်းနိုင်ခဲ့တာကြောင့် တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။”ဟု ပြည့်ဖြိုးအောင် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါယာဉ် မီးလောင်မှုကို အုပ်ချုပ်မှု ယာဉ်တစ်စီး၊ မီးသတ်ယာဉ် လေးစီး၊ အုပ်ချုပ်မှု ယာဉ်တစ်စီး သန္ဓေမီးသတ် ၁၇ ဦးနှင့် အရံမီးသတ် တပ်ဖွဲ့ဝင် ငါးဦး၊ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးခန့်က မီးငြှိမ်းသတ်ခဲ့သောကြောင့် ည ၈ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ခရီးသည်တင်ယာဉ် မီးလောင်မှုကြောင့် ချောက်မြို့နယ်၊ ရှားပင်ကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ယာဉ်မောင်း ဦးဝင်းကို ကို (ပ) ၇ / ၁၄ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ဘောနတ်ကြီး အမြန်လမ်း နယ်မြေရဲစခန်းထံမှ သိရှိရသည်။

ဧပြီလ ၁၂ ရက် နံနက် ၂ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၁၆ အနီးတွင် တောင်ကြီးမြို့မှ ရန်ကုန်သို့ မောင်းနှင်လာသော ခရီးသည် ၄၄ ဦး ပါရှိသည့် တောင်ပြာတန်း ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ် တစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာမှ ယာဉ်နှစ်စီးလုံး မီးလောင်ခဲ့ရာ တောင်ပြာတန်း ခရီးသည်တင် ယာဉ်ပေါ်မှ ခရီးသည် ခြောက်ဦး၊ ကိုယ်ပိုင်ယာဉ်ပေါ် လိုက်ပါလာသူ ခြောက်ဦး စုစုပေါင်း ၁၂ ဦးတို့ မီးလောင် သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း ကြက်ခြေနီအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“တောင်ပြာတန်း အဝေးပြေးကား မီးလောင်တုန်းက ဒရိုင်ဘာက တံခါးပိတ်ပြီး ထွက်ပြေးသွားလို့ ခရီးသည်တွေ ကားထဲပိတ်မိပြီး မီးလောင် သေခဲ့ရတာ။ ခုခရီးသည်ယာဉ် မီးလောင်ချိန်မှာ ကားတံခါး ဖွင့်ပေးပြီး ခရီးသည်တွေကို အချိန်မီ အပြင်ဆွဲထုတ်နိုင်တာကြောင့် တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့ဘဲ ကားနဲ့ ကုန်ပစ္စည်းတွေပဲ မီးလောင်ခဲ့တာ။” ဟု ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သော ၂၀၁၃ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၉၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၁၁၃ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၁၀၇ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှု ဖြစ်ပွားပြီး စုစုပေါင်း ၅၇ ယောက် သေဆုံးကာ ၂၆၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရှိရသည်။

Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top