Created on Sunday, 08 December 2013 17:34
လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများအကြား စစ်ရှောင်ဒုက္ခသည်များ အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိကြောင်း ကချင်လူမှုရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် ၀မ်ပေါင်နိမ်ထွဲမှ ဒေါ်မေရီတွန်က ပြောကြားသည်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်နှင့် ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသ အခြေစိုက် ကချင်စစ်ဘေး ဒုက္ခသည်များ ကူညီရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် ၀မ်ပေါင်နိမ်ထွဲတို့ ပူးပေါင်း၍ ကချင်ပြည်နယ် မန်စီမြို့နယ်တွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်မေရီတွန်က "ကျွန်မတို့ ကချင်ပြည်နယ်မှာ IDP တစ်သိန်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကျွန်မတို့ အဖွဲ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်စပ်ထားတဲ့ အပိုင်းမှာရှိတဲ့ စခန်းခြောက်ခုက IDP ၁၃၀၀၀ ကျော်ကို စောင့်ရှောက်ထားပါတယ်။ ဒီနေရာမှာ ထွက်ပြေးလာတဲ့ IDP တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ ရတာတွေလည်း ရှိနေပါတယ်။ လက်ရှိမှာ ကျောင်းသားတွေ၊ ရွာသားတွေ အနေနဲ့ ဒီလိုပွဲတော်ချိန် ကာလတွေမှာ စစ်ရှောင်နေရသလို သူတို့ရွာထဲကို စစ်တပ်တွေ ၀င်ရောက်လာတဲ့ အခါမှာလည်း သူတို့ဥစ္စာပစ္စည်းတွေ ထိပါးခံရတာတွေလည်း ရှိနေပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် ယခုနောက်ပိုင်း ကချင်ပြည်နယ်၊ မန်စီမြို့နယ်တွင်း ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် ဒုက္ခသည်များ ထပ်မံတိုးပွားလျက်ရှိပြီး ကချင်လူမှု အဖွဲ့အစည်းများ အနေဖြင့်လည်း ထပ်မံတိုးပွားလာသည့် စစ်ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် ရန်ပုံငွေ လိုအပ်ချက်များ ရှိနေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ထို့ပြင် ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက "လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတဲ့ နေရာမှာ ကျွန်မတို့ စခန်းကို ရောက်လာတဲ့ IDP တွေရဲ့ ပြောပြချက်အရ တိုက်ပွဲတွေ စဖြစ်တဲ့ အချိန်မှာ သူတို့လယ်ကွင်းတွေထဲမှာ ရှိနေချိန်ဆိုရင် ဒီအတိုင်း အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတယ်။ နောက် အခုချိန် ဒီဇင်ဘာဆိုရင် ကျွန်မတို့ ကချင်လူမျိုးတွေရဲ့ ကောက်ရိတ်သိမ်းပွဲချိန်ပါ။ ဒီအချိန်မှာ သူတို့အနေနဲ့ စပါးတွေလည်း မရိတ်သိမ်းရတာတွေ ရှိပါတယ်။ နောက်တိုက်ပွဲဖြစ်နေတဲ့ ကာလအတွင်းမှာ နှစ်ဖက်စစ်တပ်တွေက ရွာတွေကနေ လမ်းပြအဖြစ် ခေါ်ဆောင်သွားတာတွေ၊ လူတွေကို သူတို့မှာပါတဲ့ ပစ္စည်းထမ်းဖို့အတွက် ပေါ်တာဆွဲသွားတာတွေ ရှိပါတယ်။ ဒီလို ပေါ်တာပါသွားပြီးတဲ့ သူတွေက ပုဒ်မ ၁၇ နဲ့ တရားစွဲခံ လိုက်ရတာမျိုးတွေ ရှိတယ်။ အခုဆိုလည်း ကျွန်မတို့ဆီမှာ ဒီပုဒ်မ ၁၇ နဲ့ တရားစွဲခံရတာတွေ အများကြီး ရှိနေပါတယ်" ဟု ဆိုသည်။
လက်ရှိတွင် ကချင်ပြည်နယ်အတွင်း စစ်ရှောင်ဒုက္ခသည် တစ်သိန်းကျော် ရှိနေပြီး ၃၀၀၀၀ ကျော်မှာ အစိုးရ ထိန်းချုပ်နယ်မြေအတွင်းရှိ၍ ကျန်သူများမှာ KIO ထိန်းချုပ်နယ်မြေအတွင်း နေထိုင်လျက်ရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်က သတင်းထုတ်ပြန်ထားသည်။
ကချင်ပြည်နယ် မန်စီမြို့နယ် စီခမ်းကြီးကျေးရွာတွင် ကလေးငယ်များ စာသင်ကြားနေသည်ကို နိုဝင်ဘာ လကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
အေးချမ်းမွန် Credit To > Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment