0


Created on Sunday, 08 December 2013 17:27


လူထုခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံသို့ တက်ရောက်ရန် ကာတာနိုင်ငံသို့ ယနေ့ (ဒီဇင်ဘာ ၉ ရက်) တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါ ညီလာခံသို့ သဘာပတိ တစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကျန်းမာရေး ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံ (The World Innovation Summit for Health-WISH) တွင် ကျန်းမာရေးကွန်ရက် အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍများနှင့် ပတ်သက်၍ ၀င်ရောက်ဆွေးနွေးမည်ဖြစ်ကာ "တာဝန်ယူမှုရှိသော ကျန်းမာရေး စောင့်ရှောက်မှု"၊ "လမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်သောအခါ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု" ခေါင်းစဉ်တို့နှင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း ကျန်းမာရေး ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

"ကျွန်တော်တို့ နယ်တွေကို ကွင်းဆင်းပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်တဲ့အခါ နိုင်ငံရဲ့ ကျန်းမာရေး ကဏ္ဍမှာ ဘာတွေအဓိက လိုအပ်နေတယ်ဆိုတာ တွေ့ရတယ်။ ဒီလို ၀င်ရောက်ဆွေးနွေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို သူတို့သိသွားမယ်။ ပြီးတော့ သူတို့ဆီကလည်း အကူအညီတွေ၊ အကြံဥာဏ်တွေရမယ်။ အဲဒီပွဲမှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့သူတွေ၊ ကျွမ်းကျင်တဲ့ သူတွေလည်း တက်ရောက်ကြမှာပါ။ ကျွန်တော်တို့ပြည်သူ သန်း ၆၀ အတွက် အများကြီး အကျိုးရှိမယ့် ဆွေးနွေးပွဲတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်တို့ ကွန်ရက်အနေနဲ့ လက်ရှိမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်နေသလို ကျန်းမာရေး မူဝါဒ တစ်ရပ်ကိုလည်း ရေးဆွဲနေပါတယ်။ ဒီအတွက် အများကြီး အထောက်အကူ ပြုမှာပါ။ ဒီအတွက်လည်း အကြံဥာဏ်ကောင်းတွေ ရရှိလာမှာပါ" ဟု NLD အမျိုးသား ကျန်းမာရေး ကွန်ရက်မှ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

ထို့အတူ အဆိုပါ (The World Innovation Summit for Health-WISH)သို့ သီတဂူ ဆရာတော် အရှင်ဥာဏိဿရလည်း တက်ရောက်မည်ဖြစ်ကြောင်း ဒေါက်တာတင်မျိုးဝင်းက ဆက်လက်ပြောကြားသည်။

ဒီဇင်ဘာ ၂ ရက်က သြစတြေးလျ ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်လေဆိပ်၌ ကြိုဆိုကြသူများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

အေးချမ်းမွန် Credit To > Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top