Created on Monday, 09 December 2013 01:23
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) တို့၏ ဘားအံဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလသို့ ရွှေ့၊ မရွှေ့ ဆိုသည်ကို ကေအန်ယူ နယ်မြေတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယ ညီလာခံတွင် ဆုံးဖြတ်သွားမည် ဖြစ်သည်ဟု NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ဒီဇင်ဘာ ၈ ရက် ညပိုင်းက ပြောကြားသည်။
ကေအန်ယူ နယ်မြေတွင် ပြုလုပ်မည့် လိုင်ဇာညီလာခံ ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ညီလာခံကို ဒီဇင်ဘာ ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်များ ပြုလုပ်သွားမည် ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
"ဘားအံမှာတွေ့မယ့်ပွဲက ရက်ရွှေ့လောက်ဖို့ ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလကုန်ပိုင်းမှာ ခရစ်စမတ်ပွဲတို့ နှစ်သစ်ကူးပွဲတို့နဲ့ ဆုံနေလို့ ဇန်န၀ါရီကို ကူးနိုင်တာပေါ့။ အစိုးရကိုတော့ တရားဝင် အကြောင်းမကြား ရသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အန်ကယ်တို့လည်း ဆုံးဖြတ်ချက် မချရသေးဘူးလေ။ အဲဒါကလည်း ကေအန်ယူဂွင်မှာ ဆွေးနွေးပြီးတဲ့ အခါကျမှပဲ အတည်ဖြစ်မှာပါ။ တိုင်းရင်းသားတွေရဲ့ ဒုတိယ ညီလာခံ ကေအန်ယူဂွင်မှာ ဒီလလယ်လောက်မှာ လုပ်မယ်။ တရားဝင်တော့ မသတ်မှတ်ရသေးဘူး ခင်ဗျ" ဟု ဦးနိုင်ဟံသာက ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မြစ်ကြီးနား ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အစိုးရမှပေးသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းတွင် တိုင်းရင်းသားများ လက်မခံသည့် အချက်များ ပါသော်လည်း ညှိနှိုင်း၍ ရနိုင်ကြောင်းနှင့် နိုင်ငံရေး ဆွေးနွေးရေး ကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့အကြား အမြင်မတူညီမှု အနည်းငယ်ကိုလည်း ကေအန်ယူ နယ်မြေတွင် ပြုလုပ်မည့် ညီလာခံတွင် ဆွေးနွေးသွားမည် ဖြစ်သည်ဟု ဦးနိုင်ဟံသာက ဆိုသည်။
"အစိုးရရဲ့ မူကြမ်းကို ပယ်ချတာလည်း မဟုတ်ဘူး။ အမြင်မတူတာပေါ့။ ပယ်ချတဲ့ သဘောနဲ့ ပြောတာက တစ်ချက်ပဲ ရှိတယ်။ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ကိစ္စပေါ့ဗျာ။ ဒါပေမဲ့ အဲဒါလည်း ညှိနှိုင်းလို့ရမှာပါ။ နောက်တစ်ခုကတော့ နိုင်ငံရေး ဆွေးနွေးတဲ့ ကိစ္စမှာ မူဘောင်ကို အရင်ရေးမလား။ ဒါမှမဟုတ်ရင် အပစ်အခတ် ရပ်စဲရေးကို အရင်လက်မှတ် ထိုးမလား ဆိုတဲ့ကိစ္စပေါ့။ ဒါကလည်း အန်ကယ်တို့ ကေအန်ယူဂွင်မှာ တွေ့တဲ့ပွဲပြီးမှပဲ ပြောလို့ရမယ်" ဟု ၎င်းကဆိုသည်။
ကချင်လွတ်မြောက်ရေး အဖွဲ့၏ ဌာနချုပ်ရှိရာ လိုင်ဇာနှင့် မြစ်ကြီးနားမြို့တို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများ၏ အဆက်ကို ဘားအံတွင် ထပ်မံဆွေးနွေးနိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် NCCT တို့ တွေ့ဆုံရန် ညှိနှိုင်းနေသည်ဟု သိရသည်။
အေးချမ်းမွန် Credit To > Eleven Media Group < Thankhttps://www.facebook.com/
Post a Comment