Created on Sunday, 08 December 2013 18:04
မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းကာ သတ္တုတူးဖော်ခြင်း၊ ဆေးဝါးတင်သွင်း ထုတ်လုပ်ခြင်း အပါအ၀င် အမေရိကန်ဒေါ်လာ ၄၃၆ ဒသမ ၃၆ တန်ဖိုးရှိ စီမံကိန်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ၁၃ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ကျင်းပရာ တရုတ်နိုင်ငံ၊ Ruili-Jiagao International Trade & Exhibitional Centre တွင် ဒီဇင်ဘာ ၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ စီမံကိန်း ရှစ်ခုမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၂၁ သန်း စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရ ဒုတိယ ပြည်နယ်ခွဲမှူး စုဟုန်ထောင်၊ တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရ ဒုတိယ အတွင်းဝန်ချုပ် ရှန်ဖုန်းတို့ ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ စီမံကိန်း ရှစ်ခုမှာ စက်ယန္တရားများ၊ ချည်မျှင်အထည် ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ ထုတ်လုပ်တင်ပို့ခြင်း လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ခြောက်သန်း၊ ဒီဇယ်စက် အပိုပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ ခြောက်သန်း၊ ရော်ဘာတင်သွင်းခြင်း လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်း၊ လယ်ယာ စိုက်ပျိုးရေး ပစ္စည်းများ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၇၇ သန်း၊ သတ္တုတွင်း ပူးပေါင်းတူးဖော်ရေးနှင့် ခဲဇင့်သတ္တုများ တင်သွင်းရေးအတွက် အမေရိကန်ဒေါ်လာ ၁၅၃ ဒသမ ၅၈ သန်း၊ မြန်မာ့လယ်ယာထွက်ကုန် စိုက်ပျိုးရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သိန်းပေါင်း ၁၁၀၊ ပင်လယ်ထွက်ကုန် ပစ္စည်းများနှင့် လယ်ယာထွက်ကုန် ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀၊ STPP EMD Sufurous ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၆ သိန်းကို တရုတ် မြန်မာ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
အေးချမ်းမွန် Credit To > Eleven Media Group < Thankhttps://www.facebook.com/
Post a Comment