0


Created on Tuesday, 03 December 2013 02:48

နိုဝင်ဘာလ ၂၆ ရက်မှစ၍ သြစတြေးလျ နိုင်ငံသို့ သွားရောက်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၂ ရက် ည ၆ နာရီ ၄၀ မိနစ်အချိန်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

အတိုက်အခံခေါင်းဆောင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ပြီး၊ ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် တိုနီအဘော့၊ နယူးဆောက် ဝေးလ်ပြည်နယ် ဘုရင်ခံ၊ ဘုရင်ခံချုပ် ကွမ်တင်ဘရုစ်တို့နှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် သြစတြေးလျရောက် မြန်မာများနှင့်လည်း တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံမှုများတွင် မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေး ကဏ္ဍများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်မှု အခန်းကဏ္ဍတို့နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် သူမအနေဖြင့် သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်နိုင်ရေး အတွက် သြစတြေးလျနိုင်ငံ အနေဖြင့် အကူအညီ ပေးရန်လည်း ၀န်ကြီးချုပ် တိုနီအဘော့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူထုအတွက် စွမ်းစွမ်းတမံ ကြိုးစားပေးဆပ် ခဲ့မှုများကြောင့် သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပေးအပ်သည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့နှင့် Monash တက္ကသိုလ်မှ ပေးအပ်သည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ တို့ကိုလည်း လက်ခံရယူခဲ့သည်။

သြစတြေးလျနိုင်ငံတွင် ပြုလုပ်သည့် (၂၅) ကြိမ်မြောက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားသို့လည်း တက်ရောက်ခဲ့ပြီး အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ခံရသူများအား ခွဲခြားဆက်ဆံဝိုင်းဝန်း တိုက်ဖျက်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံ ခရီးစဉ်သို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေ၊ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်နှင့် ဆက်သွယ်ရေး တာဝန်ခံ ဦးမိုးဇော်ဦးတို့ လိုက်ပါသွားခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၂ ရက် ညပိုင်း ပြန်လည် ရောက်ရှိချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် လာရောက် ကြိုဆိုခဲ့ကြသည်။

သြစတြေးလျနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ လူအချို့က ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမည့် လေဆိပ်တွင် ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား လာရောက် ကြိုဆိုသော အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ''သူဟာ မြန်မာလူထုရဲ့ ခေါင်းဆောင်တင်မကဘူး။ ကမ္ဘာ့ခေါင်းဆောင် တစ်ယောက်၊ ကျန်ကမ္ဘာ့ ခေါင်းဆောင်တွေ အားလုံးက လေးစားတဲ့သူ တစ်ယောက်ပါ'' ဟု ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဒီဇင်ဘာ ၂ ရက် ညပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia
4

Post a Comment

 
Top