0







ဒုတိယကမ္ဘာစစ် အာရှပစိဖိတ်စစ်မျက်နှာတွင် ဖက်ဆစ်ဂျပန်အပေါ် မဟာမိတ်တို့ အနိုင်ရခဲ့သည့် နှစ် ၇၀ မြောက် အထိမ်းအမှတ်အဖြစ် တရုတ်ပြည် ဘေဂျင်းမြို့တော်တွင် အောင်ပွဲခံစစ်ချီတက်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဥရောပစစ်မျက်နှာတွင် နာဇီဂျာမနီကို ချေမှုန်းအနိုင်ယူခဲ့သည့် ဆိုဗီယက်တပ် နီတော်၏ မော်စကို ရင်ပြင်နီအောင်ပွဲခံ ချီတက်ပွဲပုံစံကို တရုတ်ပီပီ အတုခိုးပြုလုပ်ခြင်းဖြစ်သော်လည်း သမိုင်း ကြောင်း၊ ရည်ရွယ်ချက်နှင့် အနှစ်သာရမှာ များစွာကွာခြားလှပါသည်။ ဥရောပစစ်မျက်နှာတွင် နာဇီဂျာမန် စစ်ယန္တရားကြီးကို ဆိုဗီယက်ပြည်သူတို့၏ ဇွဲ၊ သတ္တိ၊ စွန့်လွှတ်စွန့်စားမှုစွမ်းရည် အများစုဖြင့် အောင်နိုင်ခဲ့ခြင်း ဖြစ်ကာ စစ်ပြီးဆုံးပြီး နောင်ဆယ်စုနှစ်ပေါင်းများစွာ၊ ခေတ်၊ စနစ်ပေါင်း များစွာ ကျော်လွန်ခဲ့ပြီး နောက်တွင်ပင် ဆိုဗီယက်ပြည်သူတို့၏ စွန့်လွှတ် ကြိုးပမ်းအောင်မြင်ခဲ့မှု အတိတ်သမိုင်းကောင်းကို နှောင်းလူတို့ မမေ့မပျောက် စေရန် ရည်ရွယ်၍ နှစ်စဉ်မပျက် ကျင်းပလျက်ရှိခြင်း ဖြစ်ပါသည်။ သမိုင်းမှန်ကို စေတနာမှန်ဖြင့် ဂုဏ်ပြု ကျင်းပပြုလုပ်သော အောက်မေ့ဖွယ် အခမ်းအနားတခုဖြစ်သဖြင့် ယူကရိန်းအရေးကြောင့် ရုရှားကို ပိတ်ဆို့ သပိတ်မှောက်မှုများ မပြုလုပ်မီကာလအထိ ယခင်ရန်သူ ဂျာမန်နိုင်ငံ ခေါင်းဆောင်အပါအ၀င် နိုင်ငံတကာခေါင်း ဆောင်များကလည်း စုံစုံညီညီ တက်ရောက်အားပေး ချီးမြှင့်လေ့ရှိခဲ့ကြပါသည်။
တရုတ်စစ်သား တသောင်းကျော်ပါဝင်ချီတက်ကာ ခေတ်မီ စစ်လက်နက်များစွာကို ပွဲထုတ်ပြသခဲ့သော စက်တင်ဘာ ၃ ရက်ပွဲ သဘင်မှာမူ အမှန်တွင် စီးပွားရေးကပ်ဆိုက်ကာ ရုန်းကန်နေရပြီး တောင်တရုတ် ပင်လယ် အငြင်းပွားမှုများတွင် ပိုင်စိုးပိုင်နင်း ပြုမူမှုများအပါအ၀င် တရုတ်တို့၏ ရန်စရမ်းကားမှုများကြောင့် နိုင်ငံ တကာတွင် လူမုန်းများနေသည့် တရုတ်အစိုးရ၏ အသက်ရှူပေါက်အဖြစ်လုပ်ဆောင်ခဲ့သော သမိုင်းလိမ် နိုင်ငံ ရေး အမြတ်ထုတ်ဝါဒဖြန့်မှုလုပ်ရပ်တခုသာ ဖြစ်ပေသည်။ နာဇီဂျာမနီ ကို ဆိုဗီယက်ပြည်သူတို့ အနိုင်ယူခဲ့သလို အရှေ့အာရှစိုးမိုးရန် ကြိုးပမ်းသည့် ဖက်ဆစ်ဂျပန်ရန်စွယ်ကို တရုတ်ပြည်သူတို့က ချိုးနှိမ့်ခဲ့လေဟန် အသားယူ ထားကာ သမိုင်းမှန်များစွာကို ထိမ်ချန်ဖုံးကွယ်ထားပါသည်။ ဒုတိယ ကမ္ဘာစစ် အာရှ၊ ပစိဖိတ်စစ်မျက်နှာ၌ ဖက်ဆစ်ဂျပန်နှင့် ရင်ဆိုင်ခဲ့ရသည့် စစ်ပွဲအတွင်းတွင် အမေရိကန်နှင့် ဗြိတိသျှတို့ကသာ အဓိက အသက်၊ သွေး၊ ချွေးစတေးတိုက်ခိုက်ခဲ့ရပြီး စစ်ကို အဆုံးအဖြတ်ပေးခဲ့သည့် မစ်ဒ်ဝေးတိုက်ပွဲ၊ အင်ဖာတိုက်ပွဲ၊ ဆိုင်ပန်၊ အိုင်အို ဂျီးမား၊ အိုကီနာဝါ တိုက်ပွဲတို့နှင့် ခိုင်းနှိုင်းစရာ စစ်ပွဲမျိုး တရုတ်စစ်မျက်နှာတွင် ပြစရာမရှိပါ။ စစ်ပွဲကာလ တလျှောက်လုံး ဂျပန်ကိုခုခံလျက်ရှိသည့် တရုတ်တပ်များထံ မဟာမိတ်တို့က အိန္ဒိယမှတဆင့် မြန်မာပြည်ကို ဖြတ်ကာ တရုတ်-မြန်မာလမ်းမကြီး၊ လီဒိုလမ်းမကြီးတို့ဖြင့် စစ်လက်နက်၊ ရိက္ခာ၊ ဆေးဝါး အစစအရာရာ ထောက်ပံ့ပေးခဲ့ရပါသေးသည်။
ဖက်ဆစ်တို့၏ စစ်ကာလရက်စက်ကြမ်းကြုတ်မှုများကို ယနေ့ခေတ် ဂျပန်လူမျိုးတို့ အမှန်တကယ် ၀မ်းနည်း နောင်တရကာ အတိတ်သမိုင်းကို အမှန်အတိုင်းလက်ခံလာစေရန် တရုတ်ပြည်သူ အများစု လိုလားကြသော် လည်း တရုတ်ပြည်ကို ကြီးစိုးအုပ်ချုပ်နေသော ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းသည်လည်း သမိုင်းအမှန်ကို လက်ခံနိုင်စွမ်းရှိပါလေစဟု မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ ဂျပန်တို့အား သမိုင်းကိုလိမ်ညာ ဖုံးကွယ်သူများ အဖြစ် တရုတ်တို့ အစဉ်တစိုက် စွပ်စွဲပုတ်ခတ်လေ့ရှိခဲ့ကြသော်လည်း သမိုင်းမှန်ကို ပုံဖျက်ကာ နိုင်ငံရေးအမြတ် ထုတ်ရာတွင် တရုတ်အစိုးရသည်သာ အဆိုးဝါးအယုတ်မာဆုံး ဖြစ်ကြောင်း၊ သူတို့လုပ်ရပ်များကြောင့် ယနေ့ အထိ ကမ္ဘာ့ပြည်သူတို့ ခံစားနေရဆဲဖြစ်ကြောင်းကို လက်ရှိ အခြေအနေများက လှစ်ဟပြသနေပါသည်။
တရုတ်ပြည် လက်ရှိအာဏာပိုင် တရုတ်ကွန်မြူနစ်ပါတီသည် ခေတ်သစ်တရုတ်ပြည်သမိုင်းနှင့် ပတ်သက်လျှင် ဖက်ဆစ်တို့ကို ရင်ဆိုင်ခဲ့ရသည့် ၁၉၃၁-၁၉၄၅ ကာလကို အသားပေး အမွှန်းတင်လေ့ရှိသော်လည်း ထို့နောက်မှ ယနေ့ခေတ်ထိကာလကို ဖျောက်ဖျက်ထားလေ့ ရှိပါသည်။ ဖက်ဆစ်ဂျပန်တို့ကြောင့် တရုတ် ပြည်သူတို့ သေကြေခဲ့ရသည်ထက် တရုတ်ကွန်မြူနစ်ပါတီ အာဏာရပြီးနောက်ပိုင်း လူမှုရေး၊ စီးပွားရေး စီမံမှု လွဲချော်မှုများ၊ ပြည်သူတို့ကို ရက်ရက်စက်စက်နှိပ်ကွပ်မှုများကြောင့် တရုတ်တို့ များစွာပိုမို အသက်ဆုံးရှုံး ခဲ့ရသည်ဆိုသောအချက်ကို ယနေ့ခေတ် တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုမှ လူကြီးပိုင်းတာဝန်ရှိသူများ ရဲရဲဝံ့ဝံ့ ၀န်မခံနိုင်ကြသေးပါ။ လယ်ယာစီးပွားအခြေပြု တရုတ်ပြည်ကို စက်မှုစီးပွားနိုင်ငံအဖြစ် ပြောင်းလဲမည် ဟူသော မူဝါဒဖြင့် လယ်သမားများကို သူတို့မကျွမ်းကျင်သော စက်ရုံများတွင် အတင်းအကျပ်လုပ်ကိုင် စေခဲ့ခြင်းဖြင့် စက်မှုနှင့် လယ်ယာစီးပွားရေးကဏ္ဍနှစ်ခုလုံး ပျက်စီးကျရှုံးကာ ပြည်သူသန်းပေါင်းများစွာ အငတ် ဘေးဆိုက်သေဆုံးခဲ့ရသော ''မဟာခုန်ပျံ ကျော်လွှားရေးလှုပ်ရှားမှု'' ကြီးတခုတည်းကပင် ဖက်ဆစ်တို့ လက် ချက်ထက် များစွာပိုမိုခဲ့ပြီး ဖြစ်ပါသည်။ ထို့နောက် တပည့်က ဆရာကို၊ သားသမီးက မိဘကို ပြန်သတ်သည့်၊ တက္ကသိုလ်ဆရာများကို အလုပ်ကြမ်းလုပ်ခိုင်းသည့် ''ယဉ်ကျေးမှုတော်လှန်ရေး'' ကာလနှင့်၊ မြန်မာပြည် ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ၏ ဖွားဖက်တော် ''တိန်အန်မင် လှုပ်ရှားမှု''ကို အကြမ်းဖက် ဖြိုခွင်းမှုများ ကြောင့် သေကြေဒဏ်ရာရခဲ့မှုများကိုသာ ပေါင်းလိုက်မည်ဆိုလျှင် အာဏာရှင်စနစ်ကြောင့် ပြည်သူတို့ အသက် ဆုံးရှုံးမှု အများဆုံး ကမ္ဘာ့စံချိန်တင်ခဲ့ပြီး ဖြစ်ပေသည်။ ဖက်ဆစ် ဂျပန်တို့၏ စစ်ကာလ လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းရက်စက်မှုများကို အပြစ်ပေါ့အောင် ရှေ့နေလိုက်ပြောခြင်းမဟုတ်သော်လည်း သမိုင်းကြောင်းကို မှန်ကန်စွာ သုံးသပ်တတ်ရန်မှာမူ နှောင်းလူတို့အတွက် များစွာအရေးကြီးပေသည်။
ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သူ ဂျပန်စစ်သည်တို့အား ဂုဏ်ပြုထားသည့် တိုကျိုမြို့ယာဆုကုနီဗိမာန်နှင့် စစ်သမိုင်းပြတိုက်သို့ရောက်ရှိ လည်ပတ်ဖူးသူ မဟာမိတ် စစ်ပြန်များသည် ယနေ့ခေတ် ဂျပန်အစိုးရ၏ သမိုင်းကို လိမ်ညာဖုံးကွယ်မှုများကို အော့နှလုံးနာမိကြပါသည်။ သို့သော် ထိုသူများသာ တရုတ်ပြည်ကို စိုးမိုးသူ တရုတ်ကွန်မြူနစ်ပါတီ၏ ပြတိုက်များသို့ ရောက်ရှိလည်ပတ်မိပါက တရုတ်တို့၏ မိမိတို့သမိုင်းကို ဖုံးကွယ် လိမ်ညာရန် ကြိုးပမ်းမှုများကို သိရှိမည်ဆိုပါက ထို့ထက်မက များစွာ စက်ဆုပ်ရွံရှာမိမည်ဖြစ်ပေသည်။ တရုတ် အမျိုးသားပြတိုက်သည် တိန်အန်မင်ရင်ပြင်တည်ဆောက်ရေးလုပ်ငန်းတွင် သူတို့ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသော်လည်း ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့ ပြည်သူတို့၏ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုများကို အစိုးရအကြမ်းဖက် ဖြိုခွဲမှုများအကြောင်း တလုံးတပါဒမျှ ဖွင့်ဟ ပြောကြားခြင်း မရှိပါ။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်များ၏ ဓာတ်ပုံများကို ပြသထားရာတွင်လည်း ကျောက်ကျိရန် (တိန်အန်မင်လှုပ်ရှားမှုကို စာနာမှုပြခဲ့သောကြောင့် ရာထူးမှဖယ်ရှားခံရကာ ကွယ်လွန်သည်အထိ နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ကြာ နေသွားခဲ့ရသူ) ၏ဓာတ်ပုံသည် ပျောက်ခြင်းမလှ ပျောက်နေပြီး ''မဟာ ခုန်ပျံကျော်လွှားရေးလှုပ်ရှားမှု''နှင့် ''ယဉ်ကျေးမှုတော်လှန်ရေး'' ကာလ ဖြစ်ရပ်များကို ဖော်ပြမှု လုံးဝမရှိသည်ကို တွေ့ရပါသည်။
ယနေ့ခေတ် တရုတ်ပြည် ခေါင်းဆောင်တို့၏ သမိုင်းမှန်ကို လိမ်ညာ ဖုံးကွယ်ဖျောက်ဖျက်လိုမှုများသည် ကမ္ဘာသူ ကမ္ဘာသားများအတွက် များစွာစိတ်ပူပန်ဖွယ် ဖြစ်ပါသည်။ ထိုအကြောင်းများကို တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များ အသိဆုံးဖြစ်ပြီး ယခု စစ်အောင်နိုင်ခြင်း အထိမ်းအမှတ် ချီတက်ပွဲကို သူတို့၏ ၀ါဒဖြန့်ချိရေး ယန္တရားများနှင့်ချိတ်ဆက်ကာ ကမ္ဘာ့ပြည်သူများထံသို့ ထိထိရောက်ရောက် ထိုးဖောက်ဝါဒ ဖြန့်နိုင် ရန် ကြိုးပမ်းလျက်ရှိပါသည်။ ယနေ့ခေတ် ဂျပန်တို့ သူတို့အတိတ် သမိုင်းကို လိမ်ညာဖုံးကွယ်ရန် ကြိုးပမ်းမှု များကို ကမ္ဘာ့ပြည်သူများ ကဲ့ရဲ့ရှုတ်ချကြသလို တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းလိမ်ညာရေး ကြိုးပမ်းမှုများကို တားဆီးကန့်ကွက်ကြရန်လည်း အရေးကြီးလာပါသည်။
ဂျပန်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်နေပြီး စစ်ရေးပဋိပက္ခ ဖြစ်ပေါ်လာပါက တနွယ်ငင်တစင်ပါ အမေရိကန်နှင့် တရုတ် ထိပ်တိုက် တွေ့မည့်အရေးကလည်း စိတ်မအေးဖွယ် ဖြစ်ပေသည်။ ဖက်ဆစ်ဂျပန်တို့၏ စစ်ကာလရက်စက်ကြမ်းကြုတ်မှုများကို တရုတ်အစိုးရသည် သာသာ ထိုထို ဖွင့်ဟကြေညာနေသော်လည်း စစ်ပြီးခေတ် အာရှပစိဖိတ်ဒေသတွင်း ဂျပန်အစိုးရ၏ ငြိမ်းချမ်း၍ အပြုသဘောဆောင်သော နှစ် ၇၀ ကြာ အကျိုးပြုလုပ်ရပ်များစွာကို မသိကျိုးကျွန်ပြုနေပါသည်။ ယမန်နှစ် တနှစ် တည်းမှာပင် ဖက်ဆစ်ဂျပန်တို့၏ ကျူးကျော်မှုကို အမှတ်ရစေမည့် နိုင်ငံတော် အားလပ်ရက် နှစ်ရက်ကို တရုတ်အစိုးရ သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ ပြန်ပါသည်။ ဂျပန်တို့၏ အတိတ်ခေတ် ဆိုးသွမ်းမှုများကို ထပ်တလဲလဲ အနာဟောင်းပြန်ဆွနေခြင်းဖြင့် တရုတ်-ဂျပန်ကြား စစ်မှန်သော ပြန်လည် သင့်မြတ်ရေးဟူသည် မဖြစ်နိုင်သေးပါ။
ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်ပြည်က အင်တိုက်အားတိုက် ကူညီမှုပြုခဲ့ကြောင်း တရုတ် ကျောင်းသင်ခန်းစာ စာအုပ်များတွင် တော်သင့်ရုံ ဖော်ပြခြင်းဖြင့်ပင် တရုတ် လူမျိုးတို့၏ ဂျပန်မုန်းတီးရေးစိတ်များကို များစွာပြေလျော့စေနိုင်ပါသည်။ ဂျပန်-တရုတ် အစိုးရကြား တရားဝင် ဖွံ့ဖြိုးရေးကူညီမှု အစီအစဉ်များ စတင်ချိန် ၁၉၇၉ မှစတင်ကာ ဘဏ္ဍာရေးချေးငွေ အကူအညီ ဒေါ်လာ ၂၆ ဘီလျံနှင့် နည်းပညာ ပံ့ပိုးမှု ၂ ဒသမ ၄ ဘီလျံကို တရုတ်တို့ ရရှိ ခံစားခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ထိုပမာဏသည်ပင် ဂျပန်စီးပွားရေးသမားများက ၂၀၁၄ တနှစ်အတွင်း တရုတ်ပြည်တွင်း ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံခဲ့ကြသော ၃၅ ဘီလျံနှင့် နှိုင်းစာပါက အသေးအဖွဲမျှသာ ဖြစ်ပေသည်။
၎င်းတို့သည် ငွေကြေးဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများမျှသာဖြစ်ခြင်းကြောင့် ယနေ့ခေတ် ဂျပန်တို့အပေါ် ကမ္ဘာ့ပြည်သူများ၏ အကဲဖြတ်သုံးသပ်ချက်များကို လေ့လာရန်လည်း အရေးကြီးလာပါသည်။ ဘီဘီစီ၏ ယမန် နှစ်က ကောက်ယူခဲ့သော စစ်တမ်းများအရ ဂျပန်ပြည်သည် အာရှနိုင်ငံများ၏ အထင်ကြီး၊ လေးစားမြတ်နိုးမှု အခံရဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါသည်။ ဘီဘီစီ ထိုစစ်တမ်း စတင်ကောက်ယူစဉ်ကာလ ကတည်းကပင် ဂျပန်သည် ထိုထိပ်တန်းနေရာကို နှစ်စဉ် ဗိုလ်စွဲထားနိုင်ခဲ့ပါသည်။ သို့သော် တရုတ်ပြည် ဖွံဖြိုးတိုးတက်မှု အတွက်များစွာ ထောက်ပံ့ပေးခဲ့သည့် ဂျပန်ကို တရုတ်ပြည်သူအများစု ထိုမျှ ရွံရှာစက်ဆုပ်နေရခြင်းတွင် တရုတ် အစိုးရ၏ လက်မည်းကြီးသည်လည်း မကင်းနိုင်ကြောင်း သေချာနေပါသည်။ တရုတ်ပြည်သူတို့၏ ဂျပန်အပေါ် အကောင်း ထင်မြင်ချက်သည် အာရှနှင့် ကမ္ဘာ့ပျမ်းမျှရလဒ်ထက် များစွာနိမ့်ပါးနေခြင်းက တစုံတခု၏ မှိုင်းမိ နေသည်ဟု ယူဆနိုင်ပေသည်။ တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ ၀ါ၏ဖြန့်ယန္တရားကြီးသည် ဂျပန်အပေါ် ကမ္ဘာ့ပြည်သူများ အမြင်တိမ်းစောင်းစေရန် ရည်ရွယ်၍ ဖက်ဆစ်တို့၏ စစ်ကာလလုပ်ရပ်များကို အသားပေး ၀ါဒဖြန့်ကာ စစ်ပြီးခေတ် ဂျပန်၏ ငြိမ်းချမ်းပြီး အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများကို ဖုံးကွယ်ဖျောက် ထားခဲ့သည်မှာ ကာလကြာရှည်ခဲ့ပြီ ဖြစ်ပါသည်။
တရုတ်အစိုးရ၏ သမိုင်းလိမ်ညာမှု၏ နောက်ထပ်သားကောင်တဦးမှာ ထိုင်ဝမ်ဖြစ်ပါသည်။ ထိုင်ဝမ်သည် တရုတ် ပြည်၏ ခွဲထုတ်မရသော အစိတ်အပိုင်းတခုဖြစ်ကြောင်း ထပ်တလဲလဲ ကြေညာနေသော်လည်း အမှန်တကယ် မှာမူ ထိုင်ဝမ်ကျွန်းအကြောင်း သမိုင်းမှတ်တမ်းရှိခဲ့သည့် လွန်ခဲ့သော နှစ် ၄၀၀ အတွင်း ထိုင်ဝမ်သည် ပြည်မ ကြီး၏ အုပ်ချုပ်မှုအောက်တွင် ဆယ်နှစ်ပင် မရှိခဲ့ပါ။ တရုတ်ကွန်မြူနစ်ပါတီ၏ ရက်စက် ကြမ်းကြုတ်သော အာဏာရှင်စနစ်အောက် မရောက်ခဲ့ရသော ထိုင်ဝမ်ပြည် သူတို့သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမို ကရေစီနိုင်ငံကို တည်ဆောက်နိုင်ခဲ့ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူအခွင့်အရေးနှင့် ဘာသာရေး လွတ်လပ်ခွင့်များ အပြည့်အ၀ ခံစားရရှိနေကြပါသည်။ တရုတ် ကွန်မြူနစ်ပါတီ၏ သမိုင်းလိမ် နိုင်ငံရေးအမြတ် ထုတ်မှုအောက်တွင် ထိုင်ဝမ်သည် နျူကလီးယားခြိမ်းခြောက်မှုအပါအ၀င် ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေရ ပါသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းကို လိုရာဆွဲ ပုံဖော်မှုသည် အမေရိကန်ပြည်ထောင်စုပေါ်တွင်လည်း တိုက်ရိုက် ထိခိုက်ပတ်သက်လျက်ရှိနေပါသည်။ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် အပါအ၀င် တရုတ်ခေါင်းဆောင်များသည် ပြည်သူတို့အား အနောက်တိုင်း ၀ါဒဖြန့်ချိရေး၏ စိမ့်ဝင်ထိုးဖောက်မှု အန္တရာယ်ကို သတိပေးခဲ့ပြီး ကွန်မြူနစ်ပါတီကို ဝေဖန်သူများသည် တရုတ်ပြည်ကို ဖျက်ဆီးရန် ကြံရွယ်လုပ်ဆောင်နေသည့် အနောက်တိုင်းစီမံကိန်းများ၏ ရုပ်သေးများသာဖြစ်ကြောင်း စွပ်စွဲထားပါသည်။ တရုတ်ကွန်မြူနစ်ပါတီက လိုရာဆွဲ ပုံဖျက်ထားသည့် သမိုင်းကို အမေရိကန်နှင့် အနောက်မဟာမိတ်နိုင်ငံများ လက်မခံနိုင်ပါက တရုတ်နှင့် အနောက်နိုင်ငံများကြား ခိုင်မာသည့် ချစ်ကြည်ရေးနှင့် နှစ်ဦးနှစ်ဖက် ရေရှည်ပူးပေါင်း ဆောင်ရွက်မှုများ မဖြစ် ပေါ်နိုင်ဟု သွယ်ဝိုက်သတိပေးနေသလို ဖြစ်ပါသည်။
စက်တင်ဘာ ၃ ရက် အောင်ပွဲခံစစ်ချီတက်ပွဲကြီးကို တရုတ်တို့လုပ်ဆောင်ခဲ့သည့် ရှုမငြီးဖွယ် ခမ်းနားထည်ဝါ လှသည့် ပွဲသဘင်တခုအဖြစ် မမှတ်ယူကောင်းပါ။ နိုင်ငံရေးအမြတ်ထုတ်ရန် ရည်ရွယ်ပြုလုပ်သည့် သမိုင်းမှန်ကို လိမ်ညာပုံဖျက်မှု ၀ါဒဖြန့်ချိရေးစစ်ပွဲတခုသာ ဖြစ်ပေသည်။ ဂျပန်ပြည်သည် ကြာညောင်းခဲ့ပြီဖြစ်သော အတိတ် က အပြစ်များအတွက် ပြစ်တင်ရှုတ်ချခံနေရပြီး ကုန်လွန်ခဲ့သော နှစ်ပေါင်း ၇၀ အတွင်း သူ၏ အပြစ်များအတွက် ပြေရာပြေကြောင်း အပြုသဘော လုပ်ဆောင်ပေးမှု များကို အသိအမှတ်ပြု မခံရ ဖြစ်နေပါသည်။ ဖက်ဆစ်တို့ကို တရုတ်ပြည်သူတို့ တွန်းလှန်နိုင်ခဲ့မှုအတွက် အဓိက ကြိုးပမ်းလုပ်ဆောင်ခဲ့ရသည်မှာ ထိုင်ဝမ်သာဖြစ်ပါသည်။ ချန်ကေရှိတ် ဦးဆောင်သည့် ကိုမင်တန်ပါတီသည် ဖက်ဆစ်တို့ကို ရင်ဆိုင်ခဲ့ရသည့်ကာလတလျှောက် ထိခိုက် ကျဆုံးမှုများ၏ ၉၀% အထိ ထိခိုက် ဆုံးရှုံးခဲ့ရပါသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ဂျပန်တို့ကို ထိပ်တိုက် မရင်ဆိုင်ဘဲ ရှောင်ရှားကာ ချန်ကေရှိတ်တပ်ဖွဲ့များကိုသာ အလစ်အငိုက်တိုက်ခိုက်နေခဲ့ပြီး ၁၀% သာ ထိခိုက် ကျဆုံးမှု ရှိခဲ့ပါသည်။ တကယ်တမ်းဆိုလျှင် ဤအောင်ပွဲခံချီတက်ပွဲမျိုးလုပ်ဆောင်ရန် ထိုင်ဝမ်ကသာ ပိုမိုထိုက် တန်လှပေသည်။
ထို့အပြင် ဤချီတက်ပွဲစစ်ရေးအင်အားပြမှုများသည် အမေရိကန်၊ မဟာမိတ်နိုင်ငံများနှင့် လတ်တလော တရုတ်နှင့် မသင့်မြတ်ဖြစ်နေသော အိမ်နီးချင်းနိုင်ငံများအပေါ် သွယ်ဝိုက်ခြိမ်းခြောက်မှုတခုဟုလည်း မှတ်ယူ နိုင်ပေသေးသည်။ ဒုတိယကမ္ဘာစစ်ခေတ် အာရှသမိုင်းကို အမှန်အတိုင်း လက်ခံရန် ဂျပန်ဝန်ကြီးချုပ် ရှင်းဇို အာဘေးအား အနောက်တိုင်း သမိုင်းပညာရှင် ၂၀၀ ကျော်က စာရေးသား လက်မှတ်ရေးထိုး တောင်းဆိုခဲ့သလို ခေတ်သစ် တရုတ်ပြည်သမိုင်းကို အမှန်အတိုင်း လက်ခံလာစေရန် တရုတ် ကွန်မြူနစ်ပါတီခေါင်းဆောင်များ အား အလားတူ တောင်းဆိုသင့်လှပါသည်။
ဦးဆွေ (ရန်ကင်း)
Ref: The Diplomat

Post a Comment

 
Top