0


ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ၊ မွတ်စလင်ဘာသာရေး ခေါင်းဆောင်တွေနဲ့ မနေ့က သီးခြားစီတွေ့ဆုံပြီး ရခိုင်ပြည်နယ်မှာ နှစ်ဖက်လူ့အဖွဲ့အစည်း ဘယ်လိုအေးအေးချမ်းချမ်း အတူနေထိုင်နိုင်မလဲဆိုတဲ့ အကြံပြုချက်တွေကို တောင်းခံခဲ့ပါတယ်။

ရန်ကုန်မြို့ အလုံမြို့နယ်မှာရှိတဲ့ ရခိုင်ပဋိပက္ခကော်မရှင်ရုံးခန်းမှာ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေကို တက်ရောက်ကြတဲ့ ရခိုင်နဲ့ အစ္စလမ်ဘာသာရေး ခေါင်းဆောင်တွေက "ရိုဟင်ဂျာ" ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ တောင်းဆိုတာတွေမလုပ်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးကြတာတွေ့ရကြောင်း အဲဒီ တွေ့ဆုံပွဲတွေကို တက်ရောက်ခဲ့ ၀ါရင့်နိုင်ငံရေးသမား ဦးသာဘန်းက ပြောပါတယ်။

"မွတ်စလင်ကမန်တွေရယ်၊ ရန်ကုန်မြို့က မွတ်စလင်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေတွေ့ကြတယ်၊ တင်ပြကြတော့ ရိုဟင်ဂျာဆိုတဲ့ဟာက နိုင်ငံတော်ကလည်း အသိအမှတ်မပြုဘူး၊ ဒီရိုဟင်ဂျာဆိုတဲ့ ပြဿနာက ရှုတ်ထွေးနေတယ်၊ ပြဿနာနည်းအောင်ဆိုရင် ရိုဟင်ဂျာဆိုတာကို မသုံးပဲနဲ့ပေါ့လေ၊ ပဋိပက္ခငြိမ်းအောင်လုပ်ပါဆိုတာ အကြံပေးတယ်ပေါ့နော်၊ ရခိုင်အဖွဲ့တွေနဲ့ တွေ့တဲ့နေရာမှာ အဲဒီမှာလည်း ရိုဟင်ဂျာဆိုတဲ့နာမည်ကို မသုံးဖို့ကိစ္စကိုပဲ ပြောကြတယ်ပေါ့နော်"

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးမှုရှိဖို့နဲ့ လုံခြုံရေးတိုးမြှင့်ပေးဖို့ လိုအပ်ကြောင်းကိုလည်း တက်ရောက်လာတဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေက တင်ပြကြပါတယ်။

မနေ့ကတွေ့ဆုံပွဲကို ရခိုင်ပဋ္ဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်၊ အဖွဲ့ဝင် ဒေါက်တာ ယဉ်ယဉ်နွယ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Vijay Nambiar ရခိုင်ပါတီကိုယ်စားလှယ်တွေ၊ ကမန်တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ စစ်တွေမြို့က ဒေသခံမြို့မိမြို့ဖတချို့နဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အေးချမ်းမွန် Credit To >RFA Burmese < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top