0


Created on Tuesday, 03 December 2013 02:39

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရန် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်၊ တပ်မတော်တိုနှင့် လေးပွင့်ဆိုင် တွေ့ဆုံရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ လေးပွင့်ဆိုင် တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထား မှတ်ချက်အပေါ် ဒီဇင်ဘာ ၁ ရက် ရေဒီယို သြစတြေးလျ မြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၏ တုံ့ပြန်ချက်သည် တွေ့ဆုံဆွေးနွေးပွဲအား မလိုလား၍သာ ဖြစ်သည်ကို ပြတ်ပြတ်သားသား ပြောကြားလိုကြောင်း၊ လိုလားပါက ယခုကဲ့သို့ မတွေ့ဆုံစရာ အကြောင်းမရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်အား မကျော်လွန်ချင်ဟု ပြောဆိုမှုသည်လည်း ယခုကိစ္စတွင် လွှတ်တော်ပါဝင်ပြီးသား ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''လွှတ်တော်ဆိုတော့ ပြည်ထောင်စု လွှတ်တော်နာယက ပါရမှာပေါ့။ ပြည်ထောင်စု လွှတ်တော်နာယက ပါပြီးမှ ပြည်ထောင်စု လွှတ်တော်ကို ကျော်သွားချင်လို့ ပြောစရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ပြည်ထောင်စု လွှတ်တော်ကနေ လုပ်နေတဲ့ အလုပ်ကို ပံ့ပိုးဖို့ပါ။ ဒီအလုပ်က ပိုပြီးတော့ ချောမွေ့ဖို့အတွက် ကြိုတင်ရည်ရွယ်တဲ့ အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တောင်းဆိုတာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ကတော့ ဒါရှောင်ချင်လို့ ရှောင်တာလို့ပဲ ပြောရမှာပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် ယခုကဲ့သို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို သမ္မတ အနေဖြင့်သာ လုပ်ပေးနိုင်ပြီး လွှတ်တော်မှလည်း လုပ်၍ မရကြောင်း၊ နိုင်ငံရေးပါတီ ၅၈ ခုရှိသည့် အနက်မှ တစ်ခုတည်းနှင့် တွေ့ဆုံရန် မသင့်လျော်ကြောင်း အကြောင်းပြချက်သည် ၁၉၈၈ ခုနှစ်တွင် န၀တနှင့် NLD တို့ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည့်အခါ ယခုကဲ့သို့ သဘောမျိုးပင် ပါတီပေါင်း ၂၀၀ ကျော် ရှိသည့်အထဲမှ ပါတီတစ်ပါတီတည်းနှင့် တွေ့ဖို့မသင့်လျော်ဟု စသည်ဖြင့် ပြောကြားခဲ့ပြီး မတွေ့ချင်၍ မတွေ့ခြင်းသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''ဒီလို တပ်မတော်နဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ကျွန်မတို့က ပါတီနိုင်ငံရေး လို့ပဲဆိုဆို အကြီးဆုံး အတိုက်အခံပါတီ လို့ပဲဆိုဆို ဒီလိုပြည်သူ့ဘက်က ကိုယ်စားပြုပြီး ပြောတယ်ဆိုတယ် ဆွေးနွေးတယ် ဆိုတာ အင်မတန်မှ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ အဲဒီတော့မှလည်း တပ်မတော်ရဲ့ အနေအထားကို ကျွန်မတို့ နားလည်ပြီးတော့ ကျွန်မတို့ရဲ့ အနေအထားကိုလည်း တပ်မတော်က နားလည်နိုင်မှာ ဖြစ်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အကယ်၍သာ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်ထိ လေးပွင့်ဆိုင် တွေ့ဆုံမှု မပြုလုပ်နိုင်ပါက လုပ်သင့်လုပ်ထိုက်သည်များ၊ လုပ်ဖို့လိုအပ်သည်များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''သို့သော်ငြားလည်း ဒီလိုတွေ့ဆုံဆွေးနွေးပွဲ ဖြစ်လို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အတွက် အများကြီးပိုပြီးတော့ အားရှိသွားမယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို ဒါကိုကျွန်မတို့ တောင်းဆိုတာပါ။ အဲ့ဒီတော့ ကျွန်မအနေနဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကနေပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလားလို့ ထင်စရာ ဖြစ်သွားပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယင်းသို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံတော် သမ္မတကြီးအား စာဖြင့် မေတ္တာရပ်ခံရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံစာ ပေးပိုခဲ့ပြီးနောက် နိုင်ငံတော်သမ္မတမှ ပါတီပေါင်း ၅၈ ခုမှအခြားပါတီများ၏ သဘောထား အကြံပြုချက်များ အလေးထားသင့်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်၏ လုပ်ပိုင်ခွင့်ကို လေးစား၍ ကျော်လွန်မှု မဖြစ်စေရန် သတိပြုသင့်ကြောင်း စသည်တို့ကြောင့် တွေ့ဆုံရန် မသင့်သေးကြောင်းကို သဘောထားမှတ်ချက် ပေးခဲ့ခြင်းဖြစ်သည်။

သြစတြေးလျ အမျိုးသား တက္ကသိုလ်တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံစကား ပြောနေသော ဒေါ်အောင်ဆန်းစုကြည်

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia
4

Post a Comment

 
Top