နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်မှာ ငှက်ဖျားရောဂါ ကူးစက်ခံရနိုင်ခြေ ရှိနေပြီး ငှက်ဖျားဖြစ်ပွားသူ လေးသိန်းနီးပါးရှိရာ ယင်းတို့အနက်မှ သေဆုံးသူ ၅၀၀ ကျော်ခန့် ရှိနေကြောင်း ကျန်းမာရေး ဦးစီးဌာန ငှက်ဖျားတိုက်ဖျက်ရေး စီမံချက်မှ သိရသည်။
မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းသည် ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်၏ အခြေခံနှစ်ဖြစ်သည့် ၁၉၉၀ ပြည့်နှစ်တွင် လူဦးရေ ၁၀၀၀ ၌ ၂၄ ဦး ခန့်ဖြစ်ပြီး ငှက်ဖျားကြောင့် သေဆုံးနှုန်းသည်လည်း လူဦးရေ တစ်သိန်းတွင် ၁၃ ဦးရှိကြောင်း၊ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၁၀၀၀ ၌ ၁၀ ဦးခန့်သာ ဖြစ်ပွားပြီး သေဆုံးနှုန်းသည်လည်း လူဦးရေ တစ်သိန်းတွင် တစ်ဦးခန့်သာရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နှင့် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့များတွင် Artemisinin ဆေးယဉ်ပါး ငှက်ဖျားပိုး ပျံ့နှံ့မှုများ တွေ့ရှိခဲ့သည့်အတွက် ကာကွယ်တားဆီးခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ယင်းနှင့် ဆက်စပ်လျက်ရှိသည့် မွန်နှင့် ကရင်ပြည်နယ် များတွင်လည်း အလားတူ လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသများတွင် ရွှေ့ပြောင်းလုပ်သား များပြားခြင်း၊ စီးပွားရေးအရ သတ္တုတူးဖော်သည့် လုပ်ငန်းများ ရှိခြင်း၊ Artemisinin ဆေးယဉ်ပါးမှု ပြဿနာရှိသည့် နယ်စပ်တွင် တည်ရှိခြင်း၊ ငှက်ဖျားဆေးကို အလွယ်တကူ ရရှိသုံးစွဲ နိုင်ခြင်းများကြောင့် Artemisinin ဆေးယဉ်ပါးမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
"ရွှေ့ပြောင်းလုပ်သားက တရားဝင်နဲ့ တရားမ၀င် သွားတဲ့ လုပ်သားတွေ ရှိတဲ့အတွက် စာရင်းအတိအကျ ရဖို့မလွယ်ပါဘူး။ ဒီလိုလူတွေကို ဆေးစိမ်ခြင်ထောင်တွေ အပါအ၀င် အခြားငှက်ဖျားနဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုတွေ ပေးဖို့က မလွယ်ကူပါဘူး။ ငှက်ဖျားရှိတဲ့ လူနာတွေကို အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက ကုသနေတာအပြင် ပုဂ္ဂလိက ကဏ္ဍက ကုပေးနေတာမျိုး တွေလည်းရှိပြီး ခန့်မှန်းရသလောက် လူနာခုနစ်သောင်းကျော်လောက် ရှိပါတယ်။ ဒါတွေက အစိုးရ ဌာနမှာ ကုတာမဟုတ်တဲ့ လူနာတွေပါ" ဟု ကျန်းမာရေး ဦးစီးဌာန ရောဂါနှိမ်နှင်းရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသာထွန်းကျော်က ဆိုသည်။
မြန်မာနိုင်ငံ အပါအ၀င် မဲခေါင်ဒေသခွဲတွင် ပါဝင်သော နိုင်ငံများ၌ ငှက်ဖျားရောဂါ ပြန်လည်ဖြစ်ပွား လာရခြင်းများအနက် လူအများ ရွှေ့ပြောင်းသွားလာခြင်းနှင့် ငှက်ဖျားပိုးတွင် ဆေးပေါင်းစုံ ယဉ်ပါးမှုများသည် အဓိက အကြောင်းအရင်းများအနက် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ငှက်ဖျား ဖြစ်ပွားသူဦးရေ ငါးသိန်းခန့်ရှိပြီး သေဆုံးသူဦးရေ တစ်ထောင်ခန့် ရှိခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရလည်း သိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ငှက်ဖျားဆေး ယဉ်ပါးမှုနှုန်း ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်ပါက ငှက်ဖျားရောဂါ ကုသရေးနှင့် ပတ်သက်သည့် မူဝါဒကို ပြောင်းလဲရန် သတ်မှတ်ထားပြီး လက်ရှိမြန်မာနိုင်ငံတွင် သုတေသန ပြုလုပ်ချက်များအရ ဆေးယဉ်ပါး ငှက်ဖျားပိုး တွေ့ရှိမှုနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်းနှင့် အခြားအိမ်နီးချင်း နိုင်ငံများတွင် ၁၀ ရာခိုင်နှုန်းနီးပါး ရှိနေပြီ ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ငှက်ဖျားဆေး ယဉ်ပါးမှု ထိန်းချုပ်ရေး လုပ်ငန်းများတွင် စီးပွားရေး လုပ်ငန်းရှင်များဘက်မှ ပူးပေါင်းပါဝင် လုပ်ဆောင်ရန် ပထမဦးဆုံးအကြိမ် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
(ငှက်ဖျားတိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုနေသော ဆေးစိမ်ခြင်ထောင်များအား တွေ့ရစဉ်)
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.