0


ဖနိဒါ| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၁၃ ခုနှစ်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ၏ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်း မိုင်မြို့ရှိ Win Place ဟိုတယ်တွင် နိုဝင်ဘာ ၂၆ ရက်တွင် စတင်ပြုလုပ်လျက်ရှိပြီး လိုင်ဇာညီလာခံတွင် ထုတ်ပြန်လိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဘုံသဘော ထားအပေါ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်နေသည်။

နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည့် လိုင်ဇာညီလာခံမှ ပေါ်ထွက်လာသော ဘုံသဘောတူညီချက် အပေါ် ပြန်လည်သုံးသပ်ချက်များ ပြုလုပ်နေပြီး လိုအပ်ချက်များကို ထပ်မံဖြည့်စွက်နေသည်ဟု NCCT အဖွဲ့၏ ဒုတိယခေါင်းဆောင်၊ ကရင်အမျိုးသားအစည်းအရုံး KNU မှ အထွေထွေအတွင်းရေးမှူး ပဒိုကွယ် ထူးဝင်းက ပြောသည်။

“ဒီအခြေခံမူကို အဓိပ္ပာယ်ပေါ်ဖို့ ပြည့်စုံလား။ မပြည့်စုံရင် ကျွန်တော်တို့ ထပ်ဖြည့်မယ်။ ပိုတာတွေ အဓိပ္ပာယ် ကောက်လွဲတာရှိရင် ကျွန်တော်တို့ ပြန်ပြင်တယ်”ဟု ပြောသည်။

နိုဝင်ဘာ ၂၇ ရက်တွင်လည်း အခြေခံမူအပေါ် ပြန်လည်ဖြည့်စွက်ခြင်း သုံးသပ်ခြင်းများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်က အစိုးရဘက်မှတင်ပြသော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၆ ရက်တွင် ထည့်သွင်း သုံးသပ် ဆွေးနွေးခြင်းမရှိသေးသော်လည်း အခြားအဖွဲ့ အစည်းများဘက်မှ အမြင်များ သုံးသပ်တင်ပြချက်များ ရှိနေသည်ဟု ၎င်းက ပြောသည်။

“တင်ပြချက်က အမျိုးမျိုးပေါ့လေ။ တချို့အဖွဲ့က သူတို့ရဲ့ဖြတ်သန်းတဲ့ အတွေ့အကြုံတွေအပေါ်မှာရော၊ အနေအထားအပေါ်မှာ အခြေခံပြီး ဆွေးနွေးတာရှိသလို၊ တချို့က နိုင်ငံကို အခြေခံပြီး ဖြစ်နိုင်ချေရှိတဲ့ ဟာမဖြစ်သင့်တာ၊ မလိုလားအပ်တဲ့ ပြင်ဆင်တဲ့အပိုင်းရှိတယ်”ဟုလည်းပဒိုကွယ်ထူးဝင်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဘုံသဘောထားတွင် အကြောင်းအရာ ၁၁ မျိုး ပါဝင်ပြီး နှစ်ဖက်လက်ခံနိုင်သော နိုင်ငံရေးလမ်းပြမြေပုံ ချမှတ်ခြင်း၊ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးတွင် အဓိက ပါဝင်ရမည့်အချက်များ၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့်အချက်များ စသည်တို့လည်း ပါဝင်သည်။

သို့သော် အစိုးရ၏အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းကို NCCT ဘက်မှ ပြင်ဆင်ခြင်းမရှိဘဲ တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့၏ သဘောတူညီချက်များအပေါ် အခြေခံ၍ မူကြမ်းတစ်ခုကို ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း NCCT ၏ အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်ပြောသည်။

“အစိုးရမူကြမ်းကို ကျွန်တော်တို့ မပြင်တော့ဘူး။ အဲဒါကို ပြင်မယ်ဆိုရင် မထူးဘူး။ သုံးသပ်မှုတော့ လုပ်တယ်။ ဒါကြောင့် ကျွန်တော်တို့ လိုင်ဇာသဘောတူညီချက်အပေါ်မှာ အခြေခံတဲ့ စာချုပ်မူကြမ်းကို ကျွန်တော်တို့ ပြန်ရေးမယ်။ အစိုးရမူကြမ်းကိုတော့ ကျွန်တော်တို့ ခဏ ထားလိုက်တယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်က ဖွဲ့စည်းခဲ့သော NCCT အဖွဲ့သည် အဆုံးအဖြတ်ပေးရန် မဟုတ်သော်လည်း အခြေခံပြင်ဆင်မှုများ ပြုလုပ်၍ ရရှိသည့် ဆွေးနွေးချက်များကို ကချင်လွတ်လပ်ရေးအဖွဲ့KIO ဌာနချုပ် လိုင်ဇာမြို့သို့ တက်ရောက်သော တိုင်းရင်းသားများအဖွဲ့၁၇ ဖွဲ့မှ ခေါင်းဆောင်များထံ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ခွန်ဥက္ကာက ယမန်နေ့က မဇ္ဈိမကို ပြောကြားခဲ့သည်။

ယနေ့ NCCT အဖွဲ့၏ ဆွေးနွေးပွဲသို့ အဖွဲ့ဝင် ၁၃ ဦးထဲမှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ အဖွဲ့ဝင် ဦးထွန်းဇော်၊နန်းမြရာဇာနှင့် ရခိုင်အမျိုးသားတပ်မတော်က ခေါင်းဆောင်တစ်ဦးတို့ လေးဦး တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese

Post a Comment

 
Top