0


ခေတ်ဟောင်း မော်တော်ယာဉ်များဖြင့် မြန်မာနိုင်ငံအနှံ့ လာရောက် လည်ပတ်နေသည့် ခရီးသွားများသည် နိုဝင်ဘာ ၇ ရက်က မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး ရှေးဟောင်း အထိမ်းအမှတ် နေရာများသို့ သွားရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ခရီးသွား အဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှ လာရောက်ခြင်းဖြစ်ကာ ဘရပ်ဆဲလ်မြို့ရှိ Destination Unlimited Travel and Tour Co.,Ltd နှင့် မြန်မာနိုင်ငံ Essence of Myanmar (Inspiration Myanmar)Travel and Tour Co.,Ltd တို့မှ ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။ ခေတ်ဟောင်း မော်တော်ယာဉ်များဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုဇုန် နယ်မြေများသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

ဥရောပ ခရီးသွားအဖွဲ့သည် မြန်မာနိုင်ငံ အတွင်းသို့ အောက်တိုဘာ ၂၆ ရက်က စတင် ရောက်ရှိခဲ့ပြီး ၂၇ ရက်မှ စတင်လည်ပတ် ခဲ့ကြောင်း သိရသည်။ ယင်းအဖွဲ့သည် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ တောင်ငူ၊ ပင်းတယ၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပုဂံနှင့် ပုပ္ပားဒေသများသို့လည်း သွားရောက်လည်ပတ် ခဲ့ကြကြောင်း သိရသည်။

''မန္တလေးမြို့ကို ဒီနေ့ပဲ စရောက်ပါတယ်။ သုံးရက်ကြာမှာ ဖြစ်ပါတယ်။ ကားတွေကတော့ မော်ဒယ်အစုံပါပဲ။ ဒုတိယကမ္ဘာစစ် အတွင်းက ထုတ်ထားတဲ့ ကားတွေလည်း ပါပါတယ်။ မန္တလေးမြို့ကို လည်ပတ်ပြီးရင် အခြားဒေသ တွေကိုလည်း သွားဦးမှာပါ'' ဟု ခရီးသွား အဖွဲ့တွင် ပါဝင်သည့် ဧည့်လမ်းညွှန် တစ်ဦးက ပြောကြားသည်။

ခေတ်ဟောင်း ကားများဖြင့် လာရောက် လည်ပတ်နေသည့် ဥရောပခရီးသွား အဖွဲ့သည် ပြင်ဦးလွင်၊ မုံရွာ၊ မကွေးနှင့် ပြည်ခရီးစဉ်များလည်း ကျန်ရှိနေသေးကြောင်းနှင့် မြန်မာနိုင်ငံ အတွင်းသို့ လာရောက် လည်ပတ်သည့် အချိန်မှာ ၂၄ ရက်ခန့် ကြာမြင့်မည် ဖြစ်သည်။ ခရီးစဉ်တွင် ခေတ်ဟောင်းကား ရှစ်စီးနှင့် အင်္ဂလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ရုရှား၊ ဆွစ်ဇာလန် လူမျိုးများ ပါဝင်ပြီး စုစုပေါင်း ၂၄ ဦး ပါဝင်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top