0


ရခိုင်ပြည်နယ်အတွက် စီမံရေးဆွဲနေသော လမ်းပြမြေပုံ၏ ပြန်လည်ထူထောင်ရေး ကဏ္ဍတွင် အသေးစား အလတ်စား အသက်မွေး လုပ်ငန်းများအတွက် နိုင်ငံတော် ဘတ်ဂျက်ဖြင့် အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွက် လမ်းပြမြေပုံ (Road map) အောက်တိုဘာလ အတွင်းမှစပြီး လုပ်ဆောင်ရန် ဆွေးနွေးခဲ့ပြီးနောက်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေး ဗဟိုကော်မတီနှင့် ဆပ်ကော်မတီ ၆ ခု ပါ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းတို့အနက်မှ ပြန်လည် ထူထောင်ရေး ကဏ္ဍအတွင်းရှိ သက်ဆိုင်ရာ ဌာနများအလိုက်မှ နိုင်ငံတော် ဘတ်ဂျက်ဖြင့် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

''ဒီစီမံချက် အတွက် နိုင်ငံတော်ဘတ်ဂျက်နဲ့ အဓိကထား လုပ်ဆောင်သွားမှာဖြစ်တယ်။ နောက်ပြီး ငါးဖမ်းတဲ့ လုပ်ငန်းလုပ်တဲ့ သူတွေကို ဘယ်လို အထောက်အကူပေး နိုင်မလဲဆိုတဲ့ အပိုင်းတွေ စသဖြင့် အသေးစား အလတ်စား လုပ်ငန်းတွေ ဖြစ်တယ်'' ဟု ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

ရခိုင်ပြည်နယ် လမ်းပြမြေပုံ (Road map) နှင့် ပတ်သက်၍ ဖွဲ့စည်းထားသော သက်ဆိုင်ရာ ကော်မတီ အလိုက်မှ လုပ်နိုင်သော လုပ်ငန်းများနှင့် ပတ်သက်ပြီး ဗဟိုကော်မတီသို့ တင်ပြနိုင်ရန် လုပ်ဆောင်နေပြီး၊ ယင်းမှတစ်ဆင့် မည်သည့် အချက်ကို စတင်အကောင်အထည်ဖော်ရန် ဆွေးနွေးမှုများ မကြာမီ ပြုလုပ်မည် ဖြစ်သည်။

သို့သော် အဓိကအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြစ်သော ကျန်းမာရေး၊ ပညာရေး ကဏ္ဍများမှာ အဓိကထား လိုအပ်နေသေးကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းအတွက် ရခိုင်ပြည်နယ် စီမံချက်အတွင်း ဒေါ်လာသန်း ၁၀၉ ဒဿမ ၃ သန်း လိုအပ်နေပြီး လက်ရှိတွင် သန်း ၈၀ ခန့် ရရှိထားကြောင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီထံမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေ စုစုပေါင်း တစ်သိန်းလေးသောင်းကျော်ခန့် ရှိနေပြီး ယင်းတို့အနက် လူဦးရေ ရှစ်သောင်းလေးထောင်ခန့်မှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ဖြစ်ကြောင်း၊ ယခုနှစ် စက်တင်ဘာအတွင်း ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်တွင် အိမ်ခြေ ၁၁၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်ထိ အခြေခံပညာ ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ ၈၀၀ ကျော်မှာ ပြန်လည် တက်ရောက်နိုင်ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ခြောက်ဖွဲ့၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း ၁၂ ဖွဲ့နှင့် ပြည်တွင်း အစိုးရအဖွဲ့ မဟုတ်သော အဖွဲ့အစည်း တစ်ဖွဲ့တို့နှင့် အစိုးရမှ ပူးပေါင်းဆောင်ရွက်နေသည်။

(ရခိုင်ပြည်နယ် ငပလီကမ်းခြေအနီးရှိ တံငါကျေးရွာတွင် ရေလုပ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်))

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top