0



8.1.1

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ချေးငွေအပေါ် ကန့်ကွက်ဆွေးနွေးနေစဉ်

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကွန်ရက်များ တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ရေးအတွက် လျှပ်စစ်ဝန်ကြီးဌာနက အာရှဖွံ့ ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူမည့်အပေါ် မူအားဖြင့် သဘောတူခဲ့ပြီး ဆောင်ရွက်မှုများကို အနည်းဆုံး လေးလတစ်ကြိမ် တင်ပြအတည်ပြုချက် ရယူမည်ဟု ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ထိုသို့ချေးယူရန် နိုင်ငံတော်သမ္မတက ပေးပို့သော သ၀ဏ်လွှာအပေါ် အောက်တိုဘာ ၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးခဲ့ပြီး ယခုလို လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ချေးယူသည့် ငွေများသည် နောင်အစိုးရ အဆက်ဆက်က ပြန်လည်ဆပ်ရမည် ဖြစ်ကြောင်း၊ မိမိတို့ ပထမဆုံး လွှတ်တော်မှ တာဝန်ယူရသည့် ချေးငွေမှာ များပြားနေပြီ ဖြစ်ကြောင်း၊ အကြွေးပေးတိုင်း မယူသင့်ဘဲ ကိုယ်ထူကိုယ်ထဖြင့် လုပ်ဆောင်သင့်ကြောင်း၊ ပြည်သူလူထု အခွန်အခ ပေးရမည့် ဓာတ်အားခများ လျှော့ချမှု မလုပ်နိုင်ခြင်း၊ ပြည်သူများ ၀န်ပိနေသည့် အချိန်တွင် ချေးယူရမည် ဖြစ်ကြောင်း၊ ထိုသို့ချေးယူ ဆောင်ရွက်ပြီးပါက လျှပ်စစ်မီးလာချိန် မှန်အောင် လုပ်ပေးနိုင်မည်ကို မသိရှိ မသေချာသည့်အတွက် ချေးယူမှု မပြုလုပ်ရန်နှင့် ယခင်မပြီးပြတ်သေးသည့် လုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ ချေးယူသင့်ကြောင်း အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ကန့်ကွက် ပြောကြားခဲ့သည်။
ထို့အတူ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဒေါက်တာမြင့်ကြည်ကလည်း ယခုတင်ပြသည့် အချက်အလက်များသည် မှန်ကန်ရန် လိုအပ်ကြောင်း၊ စီမံကိန်းအတွက် နိုင်ငံတကာ အတိုင်ပင်ခံ ၆၄ ဦးနှင့် ပြည်တွင်း အတိုင်ပင်ခံ ၁၅၀ ဦးဖြင့် စီမံကိန်း အကောင်အထည်ဖော်မှုကို ဆောင်ရွက်မည် ဆိုရာတွင် ယင်းလူအင်အားကို ပြန်လည်စဉ်းစားသင့်ကြောင်း၊ ပစ္စည်းဝယ်ယူမှုနှင့် ဆောင်ရွက်မှုများမှာ ရှင်းရှင်းလင်းလင်း မရှိကြောင်း၊ သို့ရာတွင် ထိုသို့ဝယ်ယူ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပြန်လည်ရှင်းပြခဲ့ပြီး ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက စီမံကိန်းအတွက် မည်မျှကုန်ကျမည်ကို လွှတ်တော်က ဖွဲ့စည်းထားသည့် ကော်မတီများက တိကျစွာ တွက်ချက်၍ လွှတ်တော်သို့ တင်ပြရမည် ဖြစ်ကြောင်း၊ ယင်းကော်မတီများကို နာမည်ခံသက်သက် ဖွဲ့စည်းထားခြင်း မဟုတ်ကြောင်း၊ ယနေ့ ဆွေးနွေးမှုများအပေါ် မူတည်ပြီး မျှမျှတတ ဆီလျော်မှုရှိစေရန် ယင်းလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကွန်ရက်များ တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မူအားဖြင့် သဘောတူသည်။ သို့ရာတွင် ဆောင်ရွက်မှု အခြေအနေများကို အနည်းဆုံး လေးလတစ်ကြိမ် တင်ပြသွားရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လွှတ်တော်က သဘောတူခဲ့သည်။
ထိုသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကွန်ရက်များ တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ရန်အတွက် ယင်းချေးငွေအပြင် အစိုးရဘတ်ဂျက်မှ အမေရိကန်ဒေါ်လာ သန်း ၁၃၄၂၆ ကိုလည်း စိုက်ထုတ်သုံးစွဲမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ယူနစ်သန်းပေါင်း ၁၀၉၅၈ ဒသမ ၄၁ ရှိခဲ့ပြီး သုံးစွဲမှုမှာ ယူနစ် သန်းပေါင်း ၈၄၃၉ ဒသမ ၇၂ ရှိခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ယူနစ်သန်းပေါင်း ၂၅၁၈ ဒသမ ၇ ပျောက်ဆုံးမှု ဖြစ်ခဲ့သည်။

အာရှဖွံ့ ဖြိုးရေးဘဏ်မှ ချေးငွေသန်း ၆၀ ဖြင့် ဆောင်ရွက်မည့် ကုန်ကျစရိတ်များ အမေရိကန်ဒေါ်လာ (သန်း)


8.1.1

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top