0


ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပြင်ဆင်ချက် အဆိုအား နိုဝင်ဘာ ၇ ရက်က အဆိုတင်သွင်းခဲ့ရာ ပြည်ထောင်စု လွှတ်တော်က သဘောတူ အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကော်မတီအနေဖြင့် အစီရင်ခံစာအား မူလသတ်မှတ်ထားသည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဟု သတ်မှတ်ထားချက်အား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် မတိုင်မီ တင်သွင်းရမည်ဟု ပြောင်းလဲနိုင်ရန် ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ သတင်းထုတ်ပြန်ချက် (၁/၂၀၁၃)ဖြင့် ထုတ်ပြန်ခဲ့သော အကြံပြုချက်များကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မတိုင်မီ ပေးပို့ရန် သတ်မှတ်ချက်(အစား) ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီပေးပို့ရန် အဆိုကို တင်သွင်းမှုကိုလည်း အတည်ပြုခဲ့သည်။

ဦးအေးမောက်က ''ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသည် အများပြည်သူတို့ လိုလားချက်အရ လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်၍ ပြည့်စုံသော အကြံပြုချက်များ ပေးပို့နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ မူလသတ်မှတ်ထားသည့် ဒီဇင်ဘာလတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပချိန်နဲ့ တိုက်နေသည့် အတွက် သတ်မှတ်ရက်များအား ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးရန် အဆိုတင်သွင်းခြင်း ဖြစ်ပါတယ်'' ဟု ပြောကြားသည်။ ကော်မတီတွင် ပါဝင်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်း အစား ဦးစိုင်းဝင်းခိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်အစား မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ ဦးဝင်းမောင်တို့ကို အစားထိုးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ နောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က အကြံပြုချက်များကို နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား ပေးပို့ကြရန် ပြည်သူများထံ တောင်းခံခဲ့ကြောင်း၊ ထို့အတူ ကော်မတီ၏ အစီရင်ခံစာကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်မည်ဟု ဆုံးဖြတ်ထားခဲ့ကြကြောင်း သိရသည်။

သို့သော် ဖွဲ့စည်းပုံအခြေခံ လေ့လာသုံးသပ်ရေး ကော်မတီအနေဖြင့် ပြည်သူများထံမှ တောင်းခံထားသည့် အချိန်မှာ တိုတောင်းကြောင်း၊ ထို့ပြင် ဒီဇင်ဘာသည် အားကစားလနှင့်လည်း တိုက်ဆိုင်နေကြောင်း၊ အကြံပြုချက်များအပေါ် ၀ိုင်းဝန်းပြုစုရန် ရှိကြောင်း၊ ပြုစုချက် အပေါ်တွင် အသေးစိတ် ဆွေးနွေးရန်လည်း ရှိကြောင်း၊ ထို့ကြောင့် အချိန်သည် မလုံလောက်ဟု သုံးသပ်ပါကြောင်း၊ ယင်းဖြစ်ပေါ်လာသည့် အကြောင်းများကြောင့် မိမိတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အကြံဉာဏ် တောင်းခံသည့် အချိန်အား ဒီဇင်ဘာ ၃၁ ရက်အထိ တိုးမြှင့်ပြီး ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်တင်ပြရန် ၂၀၁၄ ခု နှစ်၊ ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား တင်ပြရန် သင့်လျော်မည်ဟု အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အစည်းအဝေး၌ ပြောကြားရာတွင် ''ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံသူ၊ နိုင်ငံသား အားလုံးနှင့် သက်ဆိုင်ကြောင်း၊ အားလုံးထံမှ အကြံဉာဏ် ရယူနေသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ သို့သော် နိုင်ငံသူ၊ နိုင်ငံသား အားလုံးသည် ဥပဒေနှင့် နီးစပ်မှု မရှိသည့်အတွက် လေ့လာကြရမည်ကို နားလည်လက်ခံကြောင်း၊ ထို့ကြောင့် လေ့လာရမည့် အချိန်ကို ယခုလို သုံးလနီးပါး တိုးပေးခြင်းသည် လုံလောက်သည်ဟု ယူဆကြောင်း၊ ယခုကဲ့သို့ တိုးပေးပြီးပါက ကော်မတီမှ မပျက်မကွက် ဆက်လက်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း'' ဟု ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးနှင့် ပတ်သက်၍ ပြည်သူများထံမှ ရောက်ရှိလာသည့် အကြံပြုချက် များစွာရှိကြောင်း၊ ၎င်းတို့မှာ အခန်း(၁)အား အကြံပြုချက် စုစုပေါင်း ၅၁ ချက်၊ အခန်း (၂)အား ၁၅ ချက်၊ အခန်း (၃) အား ၁၅ ချက်၊ အခန်း (၄) အား ၃၃ ချက်၊ အခန်း(၅)အား ၁၁၈ ချက်၊ အခန်း (၆)အား ၂၅ ချက်၊ အခန်း (၇)အား သုံးချက်၊ အခန်း(၈)တွင် ၂၈ ချက်၊ အခန်း(၉) အား ကိုးချက်၊ အခန်း(၁၀)အား လေးချက်၊ အခန်း (၁၁)အား ၁၁ ချက်၊ အခန်း (၁၂) အား နှစ်ချက်၊ အခန်း (၁၃)အား နှစ်ချက်၊ အခန်း (၁၄)အား ၂ ချက်၊ အခန်း(၁၅)အား လေးချက် အသီးသီး အကြံပြု သုံးသပ်ချက်များ ပေးပို့ထားကြောင်း သိရသည်။

(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး ဟောပြောပွဲကို NLD ပါတီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ - ဇင်ဘိုလွင်))

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top