0
● ရန်ကုန်မြို့နေ ပြည်သူများခင်ဗျား

ဝန်ကြီးချုပ် ဆုံးမစကား

“ကားဝယ်စီးဖို့ပဲ စဉ်းစားနေ

ကားရပ်ဖို့နေရာ မစဉ်းစားကြဘူး” တဲ့။

ကြည့်ရတာ တို့ဝန်ကြီး

ယာဉ်ကြောထဲ တစ်နာရီလောက်

ပိတ်မိလေရော့သလား။

ပြည်သူတွေခမျာ ခံခဲ့ရ

ကြာ … ကြာလှပါလား။

သံတော်ဆင့် မေးပါရစေ။

ကားရပ်ဖို့နေရာ

ပြည်သူမှာ တာဝန်ရှိပါသလား။

● ဒေသဖွံ့ဖြိုးရေး သိန်းတစ်ထောင်

အမတ်မင်းများ မည်သို့ပြုမည်နည်း။

ဟိုတစ်သံ ဒီတစ်ပေါက်နဲ့

စိတ်ဝင်စားဖွယ် ကောင်းလှပါ၏။

အမှားမခံသော သိန်းတစ်ထောင်

နှောင်ကြိုးများနဲ့ သိန်းတစ်ထောင်

သီလစမ်းမယ့် သိန်းတစ်ထောင်

၂၀၁၅ အတွက် သိန်းတစ်ထောင်

သိန်းတစ်ထောင် ထိုအရေး

လွှတ်တော်သိက္ခာ လက်ပါစေသား။

● ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းချက်

သမ္မတနဲ့ ကာချုပ် ငြင်းဆိုပါကလား။

မှားသည် မှန်သည် အပထား။

စိတ်မကောင်း ဖြစ်ရသည်ပေါ့။

ခေါင်းဆောင်ကောင်းများနဲ့

အတိုက်အခံကောင်း

တွေ့ကြဆုံကြ ညှိကြ နှိုင်းကြ

ကောင်းသောလုပ်ရပ် မဟုတ်ပါလား။

ပြည်သူ စိတ်ချမ်းသာရေး

နံပါတ်တစ် သတိပြုပါဦး။

● အပစ်ရပ်ရေးမှာ အဓိက

တပ်မတော်ဟု ဟိုဘက်က ပြော၏။

အခြေခံဥပဒေပြင်ရေးမှာလည်း

တပ်မတော်ကြီး အဓိကပါပဲလား။

ဒါဆိုရင် ပြည်သူအေးချမ်းရေး

တရားဥပဒေစိုးမိုးရေး

တိုင်းပြည်နောက်ကျမကျန်ရေး

တပ်မတော်လက်ထဲမှာပေါ့။

သင့်လက်ခုပ်ထဲကရေ

မသွန်မမှောက်

သန်း ၆၀ သောက်ရအောင်

ရှဥ့်လည်းလျှောက် ပျားလည်းစွဲ

နည်းကောင်းရှိပါလိမ့်မည်။

ဝိုင်း၍ အဖြေရှာဖို့သာ လိုပါ၏။

● အခြေခံလစာ သတ်မှတ်ရေး

ကိုယ်ချင်းစာစိတ် အရေးကြီးသည်။

တစ်နေ့ ၂၀၀၀ ကျပ်ဖြင့်

ကိုယ်တိုင် ဖြတ်သန်းကြည့်ပါဦး။

ယမကာအသင်းဆိုပါကလား

သူတို့စီးပွားပဲ ဦးထိပ်ထားသည်။

သောက်သုံးသူ ကျန်းမာရေး

ဝကွက်ပြုထားသည်ပေါ့။

● မည်သို့ပဲဖြစ်စေ

မြန်မာ့နွေဦး ရွေ့တာတော့

ရွေ့နေသေးသည်ပေါ့။

နှေးတာ မြန်တာ

စိတ်အလိုနှင့် ဆိုင်ပါ၏။

မပြင်မပြောင်းသူများ

အာဏာသူငယ်နာ မစင်သေးလို့ပေါ့။

ပြည်သူကား ဘာတတ်နိုင်မည်နည်း။

၂၀၁၅ ကိုသာ မျှော်ကြပါစို့။

ထိုအမျှော် …

ရင်တော့ မောလှပါ၏။ ။

ဗဦးမောင်

အေးချမ်းမွန် Credit To >Myanmartandawsint Newspaper < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top